တရားအားထုတ် သူအတွက် လက်နက်တွေက ဉာဏ်ပညာ ဖြစ်ပါစေ၊ ကိုယ့်ကိုကိုယ် စွပ်စွဲတဲ့ ဘေးဆိုတာ ပုထုဇဉ်ရဲ့ ဘေးတစ်ခုပါ။ နောက်ထပ် ဘေးတခုက အမျိုးမျိုးသော ဆရာတို့ရဲ့ ပြောစကားကို မော့ကြည့်နေရခြင်း ဆိုတဲ့ ဘေးပါ။ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ စဉ်းစားပါ။ ဒါကြောင့်လဲ ကိုယ်တိုင် ထိုးထွင်းသိဖြစ်ဖို့ လိုပါတယ်။ နောက်တချက်က မုသားကို ထိန်းပါ။ ပုံမှန်လူက မုသားထိန်းဖို့ မလွယ်ပေမယ့် တရားအားထုတ်သူအတွက်က သတိထားနိုင်ပါတယ်။ စကားလဲ သိပ်မပြောပါနဲ့။ အလုပ်ထဲပဲ အာရုံစိုက်ထားပါ။ လေ့လာမယ် ကြိုးစားမယ်၊ ဘာကြိုးစားရမလဲ မသိသေးရင် ထပ်လေ့လာမယ်၊ ကြိုးစားမယ်၊ သေသေချာချာ စဉ်းစားမယ် ဒီလိုမျိုး သွားသင့်ပါတယ်။

မုသားထိန်းတာက သစ္စာဆိုတာဟာ အမှန်တရားပါ။ အမှန်တရားမှာမှ သစ္စာထိုက်အောင် မှန်တဲ့ အမှန်တရားပါ။ အမှန်တရားကို သိချင်သူဟာ လိမ်ညာ ပြောခြင်းကို ရှောင်သင့်ပါတယ်။ နောက်တချက်က ဥစုဇ သုဟုဇုစပါ။ ရိုးသားပါ အထူးရိုးသားပါ။ အဲဒါလဲ လိုပါတယ်။ ကိုယ့်အပြစ်တွေ လိုက်ပြောနေစရာ မလိုပါဘူး။ ကိုယ်တရားအားထုတ်တဲ့ အချိန်မှာ သိတာကို သိတယ်၊ မသိတာကို မသိဘူး။ စသဖြင့် ရိုးသားစွာ ဆုံးဖြတ်ဖို့ပါ။ ကိုယ်ဘာကြောင့် အားထုတ်လဲ ဆိုတာလဲ ရိုးသားစွာ ဆုံးဖြတ်ပါ။ စိတ်ဆိုတာက တခုပြီး တခု ဖြစ်နေတာမို့ ၊ ကိုယ်ဆိုတာ မရှိတာမို့ ဘာကြောင့်ဆိုတာဟာ အမျိုးမျိုး ဖြစ်နေနိုင်ပါတယ်။ မြဲတာဆိုတာ မရှိတဲ့ လောကမှာ ကိုယ်ဟာ တည်ငြိမ်နေဖို့ ကိုယ်ဆိုတာရဲ့ ပုံစံ ဆိုတာမျိုးတွေ မစဉ်းစားပါနဲ့၊ မဖြစ်နိုင်ပါဘူး။ မရှိတာကို နာမည်တပ်ထားတာတွေပါ။ ဒီ သုံးချက်ဆို အဆင်ပြေပါတယ်။ အရန် အနေနဲ့ကတော့ ဥပုတ် စောင့်တဲ့ကိစ္စ လိုအပ်တဲ့ အချိန်မှာ လုပ်ပါ။

ကာမဝိတက်တွေ အရမ်းများလွန်းရင် ဥပုတ်စောင့်ပါ။ ညစာ ဟာ အမျိုးသားများအတွက် သုတ်သွေးဆီကို အကျိုးပေးတယ်လို့ နားလည်ထားပါတယ်။ အဲဒါကြောင့် ညစာ မစားသူဟာ အဲဒီကိစ္စတွေရဲ့ နှိပ်စက်မှုကို မခံရ သလောက် ဖြစ်တတ်ပါတယ်။ အဗြဟ္မ စရိယာကတော့ အိမ်ထောင်ရှိရင် ရှောင်စရာ မလိုပါဘူး။ ဒါနဲ့ ပါတ်သက်ရင် ဘုရားဟောထားတာက မေထုန်ဆိုတာသည် စိတ်ဆန္ဒရှိသူ နှစ်ယောက်ကြားတွင် ဖြစ်သောကိစ္စ လို့ဟောထားပါတယ်။ နောက်တချက်က လူတို့၏ အကျင့်လို့ ဟောပါတယ်။ နောက်တချက်က ရေဆေးခြင်းသာ လျှင် အဆုံးရှိသော ကိစ္စလို့ ဟောပါတယ်။ အဲဒီတော့ လူတွေအနေနဲ့ကတော့ ရှောင်စရာ မလိုပါဘူး။ ဒီကိစ္စကြောင့် ဘာမှ ထူးပြီး မဖြစ်ပါဘူး။ ပြီးရင် ပြီးသွားတာပါပဲ။ အဲဒီတော့ ဒါက ယုတ်ညံတယ်တို့ မကောင်းဘူး တို့ စဉ်းစားမနေပါနဲ့။ နောက်ကျတော့ ကိလေသာရဲ့ သဘောကို နားလည်သွားရင် ပိုတောင် အဆင်ပြေပါသေး တယ်။ အလုပ်လုပ်တဲ့ အချိန် ထိုင်မစဉ်းစားနေရင် ပြီးတာပါပဲ။

ဒါလေးတွေက အလုပ်လုပ်တဲ့အခါ အထောက်အပံ့ ပေးမယ့် ကိစ္စတွေပါ။ သီလ လုံတဲ့အခါ မာန ဆိုတာ သူ့ဟာသူ တက်လာနိုင်ပါတယ်။ စိတ်လျော့ထားရမယ် အကုန်အရှုံးပေးရမယ် ဆိုတာမျိုး လက်မခံပါနဲ့။ သဘာဝ မကျပါဘူး။ အရူးတွေကြားထဲမှာ အမှန်မြင်တဲ့အခါ အရူးတွေက ဝိုင်းပြသနာ ရှာမှာပါ။ လမ်းမှာတွေ့တဲ့ လူကို ငါမရှိဘူးဆိုတာမျိုး သွားပြောရင် သူက ရိုက်လွှတ်ချင်တောင် လွှတ်မှာပါ။ အဲဒီတော့ ကိုယ်သိတာကို မှန်ရဲ့လား အကုန်လုံးနဲ့တော့ ကွာနေတယ် ဆိုတာမျိုးဟာ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် တဆင့်ချင်းကို သေချာရဲ့လား အခြေခိုင်ရဲ့လား စဉ်းစားထားပါ။ ဒါမှ ခံနိုင်ပါလိမ့်မယ်။

မာနကို မကောင်းဘူး ပြောပေမယ့် အတင်းတွေ ရှုတ်ချနေပေမယ့် တကယ်က သူတောင် ရသေးတာ ငါဘာလို့ မရရမှာလဲ။ သူလိုလူတောင် ဖြစ်ရင်၊ ငါဘာလို့ မဖြစ်ရမှာလဲ ဆိုတဲ့ စိတ်က ကောင်းပါတယ်။ အသုံးကျ ပါတယ်။ ဆရာတော်ကြီးကလဲ ထားခိုင်းပါတယ်။

ကျနော်တို့က အတော်ရယ်ရပါတယ်။ တခုခု ဆိုပါရမီ ဘာညာ ဒါပဲ ပြောနေတတ်ပါတယ်။ တကယ်တော့ ပါရမီ ဆိုတဲ့ ကိစ္စတွေဟာ မြတ်စွာဘုရားတို့၊ အဂ္ဂသာဝက၊ မဟာသာဝက စတဲ့ သီလ၊ သမာဓိ၊ ပညာတွေကို ဆောင်နိုင်တဲ့ ရုပ်နာမ်ရဲ့ သဘာဝ တွေအတွက်လိုတာပါ။ ကိုယ့်ဆရာတို့ သေလောက်တောင် တော်ပြီး သေလောက်အောင် ကြိုးစားလဲ ဘုရားကို အသာထား၊ အဂ္ဂသာဝက မဟာသာဝကတွေလို လျဉ်မြန်လွန်းသော စိတ် ဆိုတာမျိုးတွေ မရှိပါဘူး။ ဒါတွေဟာ ရုပ်ရဲ့ ထောက်ပံ့မှုတွေနဲ့လို ဆိုင်ပါတယ်။ အဲလို ရုပ်နာမ်တွေ ပဋိသန္ဓေ မှာတည်းက အကောင်းဆုံး အရည်အသွေး ဖြစ်ဖို့အတွက် ပါရမီဆိုတာ လိုတာပါ။

ကျတော်တို့က ဟိုပုံပြင်ထဲကလို နာရို့ အားလုံး ထူထူပဲ ဆိုတာမျိုးပါ။ အဲဒီတော့ ကိုယ့်ဟာကိုယ် အထင်မကြီးပါနဲ့ အထင်လဲ မသေးပါနဲ့။ အကုန်လုံး လွတ်မယ့်သူတွေ ချည်းပါပဲ။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာ သာ အဓိပတိ ထားဖို့ လိုပါတယ်။ ကျေးဇူးပါ။


Leave a Reply

Your email address will not be published. Required fields are marked *