ကျနော့်အနေနဲ့က တရားအားထုတ်ဖြစ်တယ် ဆိုတာဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ခဲ့တဲ့ ကိစ္စပါ။ အရင်ကတည်းကတော့ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုအနေနဲ့ တရားအားထုတ်ခြင်းကို လုပ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေး၊ လူမှုရေး ကိစ္စတွေကိုပဲ အားစိုက်မိပြီး အဲဒီလို လုပ်ရင်းက ပြသနာတွေတက်ပြီး ဘယ်လိုမှ ရှေ့ဆက်လို့မရ ဘာမှ လုပ်လို့မရတဲ့ အခြေအနေမှာ တရားအား ထုတ်တဲ့ ကိစ္စကို လုပ်ဖြစ်သွားတာပါ။ အဓိက ကျတဲ့အချက်ကတော့ ရှေ့ဘဝ နောက်ဘဝ ရှိတယ် ဆိုတာကို လက်ခံသွားရာက စတာပါပဲ။ လူဝင်စားဆိုတာဟာ လူတိုင်းလက်ခံလို့ရတဲ့ ကိစ္စဆိုတာကို သဘောပေါက်သွားခဲ့ တဲ့အခါ လူပြန်ဖြစ်တယ် ဆိုတာရှိရင် တိရိစ္ဆာန်ဖြစ်တာလဲ ရှိနိုင်တယ်လို့ လက်ခံခဲ့ပါတယ်။ ချစ်ခြင်း မုန်းခြင်း တွေရဲ့ ပူလောင်မှုကို အပြင်းအထန် ခံခဲ့ရသူမို့ လူပြန်ဖြစ်တယ် ဆိုရင်တောင် အဲလို ဒုက္ခတောထဲပဲ တခါ ပြန်ရောက် မှာမို့ လုံးဝ ပြန်မလာချင်တော့ပါဘူး။
လူဆိုတာဟာ မွေးလာကတည်းက မိဘ သားသမီး ချစ်ခြင်းတွေ၊ ဒီကမှ အသက်ကြီးလာတော့ ဇနီးမယား သမီးသား ချစ်ခြင်းတွေ၊ ဆွေမျိုးအသိုင်းအဝိုင်း၊ နိုင်ငံ စတာတွေပေါ်မှာ ဖြစ်တဲ့ ချစ်ခြင်းတွေ ဒီချစ်ခြင်းတွေ ကြောင့် ဖြစ်တဲ့ အလိုဆိုးတွေ အလို မပြည့်တဲ့အတွက် ဖြစ်ရတဲ့ ဒုက္ခတွေ၊ အလိုပြည့်ပြန်တော့လဲ ခွဲခွာရဦးမယ့် ဒုက္ခတွေ၊ လောကကြီးဟာ ဒုက္ခပြီး ဒုက္ခ ဆက်နေတာသာ ရှိတယ် ဆိုတာဟာ မိုးကုတ်ဆရာတော်ကြီး တရားတွေ နာတဲ့အခါ ဟုတ်လိုက်လေ ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သံသရာက လွတ်အောင် လုပ်တော့မယ်၊ ဒီဘဝ တရားရ မရဆိုတာ မသေချာပေမယ့် သေသည်ထိ တရားအားထုတ်တဲ့ အလုပ်ကိုပဲ ကြိုးစားလုပ်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကျသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ တရားအားထုတ်တဲ့ အလုပ်ကို ပရိုဂျက်တခု လုပ်သလို သေသေချာချာ လုပ်ခဲ့ပါတယ်။
ပြောချင်တာက မိတ်ဆွေတို့အနေနဲ့လဲ တရားအားထုတ်တော့မယ် ဆိုရင် တရားအလုပ် လုပ်တယ်ဆိုတာ ဘာကို ပြောတာ၊ ဘာကနေ လွတ်မြောက်ချင်တာ၊ စသဖြင့် ကိုယ့်ဘဝမှာ အရေးအကြီးဆုံး ကိစ္စကို လုပ်ရတော့မယ် ဆိုတဲ့သဘောမျိုး သေသေချာချာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချစေချင်ပါတယ်။ ဒါဟာ တရားအားထုတ်သူတွေ အတွက် လိုအပ်တဲ့ အရေးကြီးဆုံး စိတ်ထားပါပဲ။ နောက်တချက်က ကိုယ်က တရားအားထုတ်တော့မယ် ဆိုတဲ့ အခါမှာ တခြားသောကုသိုလ် အမှုတွေလိုမဟုတ်ပဲ ကိုယ်နာရတဲ့ တရားအပေါ်မှာ စမ်းစစ်တတ်မှု ရှိဖို့ လိုအပ်ပါတယ်။ တရားအမှားတွေကို ရှောင်နိုင်ရပါမယ်။ ဒီအတွက်လဲ လိုအပ်တဲ့ ဗဟုသုတ ရှိဖို့လိုပါတယ်။ ဒီနေရာမှာ မဂ်တား ဖိုလ်တား ကံ ဆိုတာနဲ့ ပါတ်သက်ရင် ပဉ္ဏနန္တိယ ကံငါးပါးသာ ရှိတယ် ဆိုတာကိုလဲ သဘောပေါက်ဖို့ လိုပါတယ်။ ဒါကို ပြောရခြင်းက သူတပါးကို တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ တရားအားထုတ် သူအနေနဲ့ တရားမရတဲ့အခါမှာ အကြောင်းရှာတတ်လို့ပါ။ လုပ်နေပါလျက်နဲ့ တရားမရတာဟာ ဟိုဟာ ပြစ်မှား မိထားလို့ ဒီဟာ ပြစ်မှားမိထားလို့ ဆိုပြီး ကိုယ့်ဟာကိုယ် တရားမရနိုင်တော့သလိုမျိုး ထင်သွားခဲ့ရင် သူ့အတွက် အရမ်းကို နစ်နာလွန်းပါတယ်။ တကယ်တော့ ပဉ္ဏနန္တိယ ကံငါးပါးထဲမှာမှ လူအနေနဲ့ ကျူးလွန်နိုင်တာက မိသတ်၊ ဖသတ် နဲ့ ရဟန္တာသတ် ဆိုတဲ့ ကာယကံ သုံးပါးပဲ ကျူးလွန်နိုင်တာပါ။ ဒီသုံးခုကလဲ တကယ်တော့ မဖြစ်နိုင်ပါဘူး အဲဒါကို သဘောပေါက်ပြီး ကိုယ်တရားအားထုတ်တာ တရားမတက်ရင် အားထုတ်ပုံလွဲသလား ကိုယ်သိထားတာ တွေလွဲသလား ဆိုတာကိုသာ သေသေချာချာ စဉ်းစားရမှာ ဖြစ်ပါတယ်။
တရားအားထုတ်တဲ့အခါမှာ သိထားဖို့လိုတာ တချက်က ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရား လေးပါးကို သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အဓိပတိတရားလေးပါး တပါးပါးကို အနည်းဆုံး အဓိပတိထား အားထုတ်မှပဲ လိုချင်တဲ့ ခရီးကို ရောက်နိုင်မှာမို့ပါ။ ဝီမံသာ ဆိုတာကတော့ ပညာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျန်တဲ့ သုံးခုကတော့ မိတ်ဆွေများ ရှင်းမယ်လို့ မျှော်လင့်ပါတယ်။ တရားနဲ့ ပါတ်သက်တဲ့ စာတွေ ဖတ်ဖြစ်တယ် ဆိုရင် ဝီမံသာ အတွက် အထောက်အပံ့ ဖြစ်ပါတယ်။ ကျနော်လဲ အဲလို အထောက်အပံ့ ဖြစ်ရေးကို ရည်ရွယ်ပြီး စာတွေ ရေးနေခဲ့တာပါ။ ဝီရိယ၊ ဆန္ဒ၊ စိတ္တ တို့ကတော့ တဦးချင်းစီပေါ်လိုက်ပြီး ကိုယ့်စရိုက်နဲ့ ကိုယ် ရှိပါလိမ့်မယ်။
တရားအားထုတ်တဲ့ နေရာမှာ တယောက်ကို တယောက် တရားဟောရတာ ခက်တဲ့ကိစ္စတချက်က စရိုက်တွေ ဝါသနာတွေ မတူတဲ့ အချက်ပါပဲ။ အဲဒီတော့ တယောက်အတွက် အဆင်ပြေတဲ့ စာက နောက်တယောက်အတွက် အဆင်ပြေချင်မှ ပြေမှာပါ။ အဲဒီတော့ တရားအားထုတ်သူအနေနဲ့ ထားသင့်တဲ့ နောက်ထပ် စိတ်ထားတခုက ကိုယ့်အားကိုယ်ကိုးမယ် ဆိုတဲ့ စိတ်ပါပဲ။ တရားနဲ့ ပါတ်သက်ပြီး တရားနာတာ တရားစာဖတ်တာဟာ ဘယ်စာကို ဖတ်ဖတ် ဘယ်သူ့တရားနာနာ လုပ်လို့ရပေမယ့် အဲဒီအပေါ်မှာ လက်ခံမှု နှလုံးသွင်းမှုကတော့ ကိုယ့်ကိစ္စဖြစ်ပါ တယ်။ အဲဒါကြောင့် ဆရာရွေးမှားခဲ့ရင်လဲ ကိုယ်ပဲ ဒုက္ခရောက်မှာပါ။ အဲဒီတော့ ဆရာရွေးတာ တရာလမ်းကို စမ်းစစ်တာ အမှန်အမှား ခွဲခြားတာ တွေနဲ့ပါတ်သက်ပြီး ကိုယ့်ကိုကိုယ် တာဝန်ယူပြီး အလေးအနက် ဆင်ခြင် စဉ်းစားဖို့ လိုပါတယ်။ အဲလို လုပ်မယ်လို့လဲ စိတ်ပိုင်းဖြတ်ထားသင့်ပါတယ်။
တရားအားထုတ်တယ် ဆိုတာဟာ သံသရာက လွတ်ကြောင်း အလုပ်ဖြစ်သလို မြတ်စွာဘုရားရဲ့ သာသနာနဲ့ ကြုံမှ သာလျှင်ပဲ အားထုတ်ခွင့်ရတဲ့ ကိစ္စပါ။ အဲဒီတော့ တရားအားထုတ်တာထက် အရေးကြီးတဲ့အလုပ် လေးနက်တဲ့ အလုပ်မရှိပါဘူး။ ဒါကြောင့် အလွယ်တကူနဲ့ ရမယ်လို့တော့ မမျှော်လင့်ထားစေချင်ပါဘူး။ မရနိုင်ဘူးလို့လဲ စိတ်ထဲ မထားသင့်ပါဘူး။ သေသေချာချာ လုပ်ရမယ့် ကိစ္စ၊ ဉာဏ်ကြီးကြီးနဲ့ ဝီရိယ ထားပြီး အားထုတ်ရမယ့် ကိစ္စလို့ နှလုံးသွင်းထားဖို့လိုပါတယ်။
ဒီလောက်ဆိုရင်တော့ တရားအားထုတ်တာနဲ့ ပါတ်သက်ပြီး ထားသင့်တဲ့ စိတ်ထားကို နားရှင်းမယ် မျှော်လင့်ပါ တယ်။ မိတ်ဆွေတို့ တရားရဖို့က ကျနော်အမျှော်လင့်ဆုံးကိစ္စပါ။ မှန်ကန်တဲ့ စိတ်ထားများနဲ့ မဂ်ဖိုလ် ဆိုက်ရောက် နိုင်ကြပါစေ။


Leave a Reply