တရားအားထုတ်မှုနဲ့ ပါတ်သက်လို့ ကျနော် အနတ္တ အကြောင်းကို အတော်လေး ရေးပြီးပါပြီ။ တရားလိုက်နေ သူများထဲကလဲ ကျနော် ရေးသလောက် နားလည်တဲ့သူတွေလဲ ရှိပါတယ်။ ဒါပေမယ့် အစပထမ ပိုင်းကို ရေးတဲ့ နေရာမှာတော့ သမာဓိ ထူထောင်တဲ့ ကိစ္စနဲ့ ဖြစ်ပျက် ရှုမှတ်တဲ့ ကိစ္စကို ကျနော် အရေးနည်းပါ သေးတယ်။

သမာဓိ ထူထောင်တယ် ဆိုတာကတော့ တရားစအားထုတ် ခါစလူတွေမှာ လုပ်ရတဲ့ အပိုင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်မှာ ပုံမှန်အားဖြင့် ဝိပ္ပလ္လာသ တရားတွေ အားကောင်းကြပါတယ်။ အဲဒီအပြင် စိတ်က အငြိမ်မနေ နိုင်ပဲ တောက်လျှောက် တခုပြီး တခု ဖြစ်နေတဲ့အတွက် ပထမ ဆုံး စိတ်ငြိမ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ သမာဓိ ထူထောင် မှုပါပဲ။ ဝိပဿနာ အားထုတ်နေပြီ ဖြစ်တဲ့ လူများအတွက် မလိုအပ်တော့ ပေမယ့် အခုမှ စမယ့် သူများအတွက်တော့ စိတ်အတိုင်းအတာ တခုထိ တည်ကြည်သွားမှုဟာ လိုအပ်ပါတယ်။

အဲဒီအတွက်ကတော့ ကျနော် သိတာ နှစ်မျိုးပဲ ရှိပါတယ်။ ပထမ တစ်မျိုးကတော့ ဝင်လေ ထွက်လေ ကို ရှုမှတ် မှုပါပဲ။ ကျနော့်အတွက်တော့ အဲဒီ ဝင်လေ ထွက်လေ ရှုမှတ်ခြင်းကို လုံးဝ မလုပ်နိုင်ပါဘူး။ အဲလို လူမျိုးတွေ အတွက်ကတော့ ဝမ်းဗိုက်ပေါ် လက်တင်ထားပြီး ဝမ်းဗိုက်ရဲ့ ဖောင်းမှု ပိန်မှုကို ရှုမှတ်တာနဲ့ အဆင်ပြေ နိုင်ပါတယ်။

အဲလို လုပ်ပြီး စိတ်မှာ တည်ကြည်မှုလေးရတဲ့ အခါကျမှသာ ဝိပဿနာ ဖြစ်တဲ့ ရုပ်နာမ် ခွဲခြင်းက စပြီး လုပ်မယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဝိပဿနာ ဉာဏ်ကတော့ နာမရူပ ဉာဏ်ကနေ စပါတယ်။ ပြီးရင် အကြောင်းအကျိုး ကို သိမ်းဆည်းတဲ့ ဉာဏ် ကို ကြိုးစားရပါမယ်။ ပြီးရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိဖို့လိုပါတယ်။ သညာသိအနေနဲ့ပဲ သိဖို့လိုအပ်တာ ဖြစ်ပါတယ်။ ဒီ သုံးဉာဏ်ကတော့ သိမှု သဘောပေါက်မှု နဲ့ တင်ရပါတယ်။ တရားထိုင်နေစရာ မလိုပါဘူး။ ဒီအကြောင်း ကတော့ ကျနော် ရေးခဲ့ပြီးသား စာတွေ ရှိပါတယ်။

အဲဒီနောက်မှာတော့ ဖြစ်ပျက်မှုတဲ့ ဉာဏ် လာပါတယ်။ ဒီနေရာမှာ ကျနော် အရေးနည်းတာက မိုးကုတ်ဆရာတော် ကြီးဟောထားတဲ့ စိတ္တာနုပဿနာ အလုပ်ပေးတရားတွေက ပြည့်စုံပြီးသားမို့ ကျနော် မရေးဖြစ်တာပါ။ ကျနော်အခုထွက်ထားတဲ့ စိတ္တာနုပဿနာအလုပ်ပေးစာအုပ်မှာတော့ ဖြစ်ပျက်ရှုတာနဲ့ ပါတ်သက်လို့ အသေးစိတ်ပါပါတယ်။

အဓိက အချက်ကတော့ စိတ်တွေဟာ အာရုံ ဒွါရ တိုက်ပြီး ဖြစ်တယ် ဆိုတာကို သဘောပေါက်ဖို့ ပါပဲ။ ပြီးရင် စိတ်ကို သတိထားကြည့်လိုက်တဲ့ အခါမှာ စိတ်ဖြစ်ပြီး ပျက်သွားတာကို သဘောပေါက်ပြီး ဖြစ်ပြီး ပျက်သွားတာ မှန်တယ်လို့ ဆုံးဖြတ်ချက် ချပေးဖို့ လိုပါတယ်။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ ဖြစ်ပျက်မှ တပါး တခြားမရှိ ဖြစ်ပြီးပျက်နေတဲ့ စိတ်တွေသာ ဖြစ်တဲ့အတွက် သတ္တဝါလို့ ပြောလို့မရ။ ခုန ငါနဲ့ အခုငါ ဆိုတာ တူတူပဲ ဆိုတာ မဟုတ် ရုပ် က သူ့သဘောအတိုင်း ဖောက်ပြန် ပျက်စီးနေပြီး စိတ်က ဖြစ်ပြီး ပျက်နေတယ် ဆိုတာကို အမြင်ရှင်း သည်ထက် ရှင်းအောင် ကြိုးစားရမှာပါ။ တဖြည်းဖြည်းနဲ့ အပျက်တွေချည်း မြင်လာပါလိမ့်မယ်။ အဲဒီနောက်ပိုင်း မှာတော့ အနတ္တကိုလဲ သေချာ သိအောင်ကြိုးစားရပါမယ်။

ဒါဆိုရင်တော့ အနိစ္စ နဲ့ အနတ္တ မို့ ဒုက္ခ (ဆင်းရဲခြင်းမဟုတ်၊ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်) လို့ သဘောပေါက်လာမှာပါ။

အဲဒီ နောက်ပိုင်းမှာတော့ အနတ္တကိုပဲ အဆုံးထိ မြင်မြင် အနိစ္စကိုပဲ အဆုံးထိ မြင်မြင် သိခြင်းသည်လည်း အနိစ္စ၊ သိခြင်းသည်လည်း အနတ္တ ဆိုတာကို ဆင်ခြင် လိုက်တဲ့အခါမှာ ကိုယ် ဆိုတာ ငါ ဆိုတာဟာ မရှိဘူး၊ ဘယ်တုန်းကမှလဲ မရှိခဲ့ဖူးဘူးဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။

အဲဒီတော့မှ တရားတွေဟာ အကြောင်းကြောင့် အကျိုး ဖြစ်နေတဲ့ တရားတွေ တနည်းအားဖြင့် သင်္ခါရ တရားတွေ အဖြစ် သဘောပေါက်ပြီး သင်္ခါရ တရားတွေပေါ်မှာ အညီအမျှ ထားတဲ့ သင်္ခါရုပေက္ခာ ဉာဏ်ကို ရောက်တာပါပဲ။ သင်္ခါရုပေက္ခာဉာဏ်‌ ရောက်ရင်တော့ တရားက ဆောင်သွားတော့မှာပါ။

ဒီလောက်ဆိုရင် ဖြင့် လိုအပ်တာတွေ သိလောက်ပြီ ယူဆပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *