ဓမ္မ ဓမ္မ ဆိုတဲ့ ပုဂ္ဂိုလ် နဲ့ပါတ်သက်ပြီး အရင်ကတည်းက တရားနဲ့ နီးစပ်တဲ့ ကျနော့် မိတ်ဆွေတွေက မဟုတ်ဘူးထင်တယ်နော်၊ ပုထုဇဉ် စရိုက်တွေ လုပ်နေတယ် ဆိုတာမျိုး ကျနော့်ကို ပြောပါတယ်။ ကျနော်ကလဲ သူအရိယာလို့ ဆရာသမားပြောထားတာကို စိတ်စွဲပြီး အတင်းပေကန် ငြင်းခဲ့တာ။
အခုကျတော့မှပဲ အရမ်းကို ရယ်ချင်စိတ် ပေါက်မိတယ်။ ကိုယ့်ဟာကိုယ် သာသနာမှာ ပညာအရ မနိမ့်ဘူးတို့ ဘာတို့ အထင်ကြီးနေပြီး သူအရိယာ မဟုတ်တာကိုတောင် အရိယာလို့ ထင်မိတာမျိုးဖြစ်နေတော့ (လူကြီးရှက်တော့ ရယ်တယ် ဆိုတာမျိုး) အရမ်းကို ရယ်ချင်မိတယ်။
တဖက်ကလဲ ကျနော်က အတင်းပေကန် ပြီး အရိယာဖြစ်ရမယ်လို့ တံဆိပ်ကပ်မိလို့ စိတ်မသက်မသာနဲ့ သူ့ကို အရိယာလို့ အတင်းသဘောထား သူ့ကို ဆည်းကပ်မိပြီး အချိန်ကုန်သွားကြတဲ့ စိတ်မသက်မသာ ဖြစ်ကြရတဲ့ မိတ်ဆွေတွေကိုလဲ အထူးတောင်းပန်ပါတယ်။ အဲလိုဖြစ်ရတာ ကျနော့်အပြစ်ပါ။
ကျနော့်ဘက်က လက်လွတ်စပါယ် အရိယာလို့ ထောက်ခံမိတာ ကျနော့်အပြစ်ပါ။ ဘာမှ အကြောင်းပြချက် မပေးလိုပါဘူး။ No excuse ပါ။ ကျနော့်မှာ တာဝန်အပြည့်အဝရှိပါတယ်။ ဒါကြောင့်လဲ သူ့စာတွေဖတ်ပြီး အချိန်ကုန်သွားတဲ့ မိတ်ဆွေ အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာ သူအရိယာမဟုတ်မှန်း သိသွားရတဲ့ စာကတော့ အောက်က စာပါပဲ။ အဲဒီနေရာကျမှပဲ “ဟာ ပုထုဇဉ် ကြီးဟ” လို့ ကျနော်လဲ သိသွားခဲ့ရတာပါ။
နောက်တချက်ကတော့ မိတ်ဆွေတို့လဲ ဗဟုသုတ ရအောင်ပါ။ ကျနော့်ဆရာသမားတဦးက ပြောဖူးပါတယ်။ စိတ်က အင်မတန်ထူးဆန်းတယ် သိပ်လိုချင်လာရင် တခါတလေ နိဗ္ဗာန်ကိုတောင် ဖန်ဆင်းပေးတယ် ဆိုတဲ့ စကားအတိုင်းပါပဲ။
သူပြောတဲ့ ဖြစ်ပျက်တရားဆိုတာက သင်္ခါရတရားတွေပါ။ အဲဒါတွေကနေ လွတ်မြောက်ချင်တဲ့ ဉာဏ်ကို မုစ္စိတုကမျတာဉာဏ် လို့ခေါ်ပါတယ်။
အဲဒီနေရာမှာ ဖြစ်ရမှာက အပျက်တွေချည်းမြင်ပြီး အင်မတန် စိတ်ပျက်ပြီး မုန်းပြီး အဲဒီအခြေအနေကနေ ထွက်ဖို့ ကြံတော့ ဘယ်လိုမှ ထွက်လို့မရပဲ ဘာလုပ်ရမှန်းကို မသိဘူးဆိုတာမျိုး ဖြစ်ရမှာပါ။ အဲလို ဘာလုပ်ရမှန်းမသိတဲ့အခါကျမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုတာပဲ ရှိတော့တယ် ဆိုပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ပြန်ရှုရတာပါ။
အဲဒီအဖြစ်အပျက်ကို ပဋိသင်္ခါဉာဏ် လို့ ခေါ်တာပါ။ အဲဒီနောက်ကျမှ သင်္ခါရတရားတွေကို မုန်းလဲ မုန်းပြီးသွားပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အချက်ကိုလဲ အတော်ရှုပြီးသွားတဲ့အချိန်ကျမှ အနတ္တကို ဦးစားပေးပြီး ရှုတဲ့ သင်္ခါရုပေက္ခာဉာဏ်ဆိုတာက တက်လာတာပါ။ အဲဒီနေရာမှာလဲ သင်္ခါရုပေက္ခာဉာဏ်က ပထမ အနု၊ နောက်အလယ်အလတ်၊ ပြီးမှ အရင့်ပိုင်းဆိုတာမျိုး တက်လာပြီး အဲဒီနောက် ဉာဏ်တွေ ဆက်ဖြစ်တာပါ။
သူ ဖြစ်တဲ့ အဖြစ်ကတော့ မုစ္စိတုကမျတာဉာဏ် မှာ ဘယ်လိုဆက်လုပ်ရမလဲ မသိဘူးဆိုတဲ့ အဖြစ်ကို ရိုးသားစွာ၊ အထူးရိုးသားစွာ မဆင်ခြင်လိုက်ပဲ အမှန်အတိုင်းလက်မခံလိုက်ပဲ အဲဒီနေရာမှာ မဂ် ဖိုလ် အရမ်းလိုချင်ဇောကြောင့် စိတ်က မဂ် ဖိုလ် နိဗ္ဗာန် ဆိုတာကို သူသိထားတဲ့ ဗဟုသုတတွေ အတိုင်း ဖန်တီးပေးလိုက်တာပါ။
ဒီအပေါ်ကနေပြီး တရားအားထုတ်ဆဲ မိတ်ဆွေများအနေနဲ့ သင်ခန်းစာ ယူနိုင်အောင်ပါ။ သူ့အတွက်ကတော့ သူဟာ မုစ္စိတုကမျတာဉာဏ် မှာပဲ ရှိသေးတယ်ဆိုပြီး နားလည်ပြီး နောက်ဉာဏ်တွေကို သေချာ အားမထုတ်တော့ပဲ စိတ်က ဖန်ဆင်းတဲ့ နိဗ္ဗာန်မှာ ရပ်လိုက်မယ်ဆို သံသရာမှာ အလွန် နစ်နာပါတယ်။ မုစ္စိတုကမျတာဉာဏ် အထိရောက်တယ်ဆို မနည်းပါဘူး။ အတော်လုပ်ခဲ့ရတာပါ။ အဲဒီအခြေအနေရောက်ဖို့ တော်တော်ကြီးကို လုပ်ခဲ့ရတာဆိုတာ လုပ်ဖူးသူတိုင်း သိပါတယ်။ ဒါပေမယ့် မိုးကုတ်ဆရာတော်ကြီးက သင်္ခါရုပေက္ခာဉာဏ်နဲ့ပါတ်သက်ပြီး အသေးစိတ်မဟောထားတာ (ဆရာတော်ကြီးက လျစ်လျှူ ရှုချင်လဲ လျစ်လျှုရှုလိုက်ဆိုတဲ့စကားတလုံးပဲ သင်္ခါရုပေက္ခာဉာဏ်အတွက်ဟောထားတာပါပါတယ်) ကြောင့် သူအတွက် မဂ် ဖိုလ် ရောက်စရာ လမ်းပိတ်သွားတာပါ။ သူလုပ်သင့်တာကတော့ သူ့ကိုယ်သူ ပုထုဇဉ်ပဲရှိသေးတယ် ဆိုတာလက်ခံပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ဘယ်လောက် ဉာဏ်ရှင်းသလဲ ဆိုတာ ပြန်စမ်းစစ်ရပါမယ်။ ပြီးရင် အနတ္တကို လုံးဝကို အသေအချာ သဘောပေါက်လာပြီဆိုရင် သင်္ခါရုပေက္ခာဉာဏ်တဲ့ ပတ်သက်တဲ့အပိုင်း ကို လေ့လာပြီး (ဝိုင်းပြထားတဲ့နေရာမှာ သူရေးထားတာ သင်္ခါရုပေက္ခာဉာဏ် သဘာဝ မဟုတ်ကြောင်းကို စာတတ်သူတွေရော ဖြတ်ကျော်ဖူးသူ အရိယာတွေရော အလွယ်သိနိုင်ပါတယ်) အဲဒီကနေ မဂ်ဖိုလ်ကို တက်ရမှာပါ။ သူ မြတ်စွာဘုရားဟောတဲ့ မငြိမ် မလှုပ် ကူးနည်းဆိုတာ ဘာလဲ ဆိုတာ ဆင်ခြင်ရင်လဲ သူ့ဟာသူ မဂ် ဖိုလ် မရသေးတာ သိနိုင်ပါတယ်။
သူ အရိယာ ဟန်ဆောင်ချင်လို့ တရားအားထုတ်ခဲ့သူ မဟုတ်ပါဘူး။ မုစ္စိတုကမျတာဉာဏ် ကိုရောက်တယ် ဆိုရင် တကယ် အလုပ်လုပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ရိုးသားစွာ အထူးရိုးသားစွာနဲ့ ဘယ်လိုနည်းနဲ့မှ ထွက်မရဘူးဆိုတာကို သဘောပေါက်ရမှာ ဖြစ်ပြီး ကိုယ်မလိုချင်တော့တာနဲ့ ကိုယ့်ဉာဏ်က အလိုလို နိဗ္ဗာန်ကို ပြမယ်၊ ပြတယ် လို့ ဆုံးဖြတ်လိုက်တာ သူ့ဘဝ ရဲ့ အကြီးဆုံးသော အမှား ရှေ့မှာ လုပ်ခဲ့သမျှ အလကားဖြစ်သွားစေတဲ့ ကိစ္စပါပဲ။ သူ့ အပြစ်ကတော့ ပစ္စဝေက္ခဏဉာဏ် မဖြစ်ခဲ့ပဲ ဖြစ်ခဲ့သလို လုပ်တာပါ။
အနှစ်ချုပ်အနေနဲ့ကတော့ တရားအားထုတ်သူ ဆိုတာ မဂ် ဖိုလ် တကယ်ရချင်ရင် ရိုးသားစွာ အထူးရိုးသားစွာ ဆိုတဲ့ စိတ်ရှိဖို့လိုပါတယ်။ အဲဒါကတော့ အနှစ်ချုပ်ပါပဲ။
ဒီတော့ စိတ်က ဖန်ဆင်းသော နိဗ္ဗာန်ကို ရောက်နေတဲ့ ပုထုဇဉ် ဓမ္မ ဓမ္မ လို့ပဲ ပြောရမှာပါပဲ။

Leave a Reply