စနေနေ့ဆိုတာ အများစုအတွက် အလုပ်ပိတ်ရက်ဖြစ်ပေမယ့် တကယ်တမ်းတော့ တနင်္လာကနေ သောကြာအထိ မလုပ်ဖြစ်ခဲ့တဲ့ အိမ်မှုကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဒါမှမဟုတ် တနင်္ဂနွေအတွက် ပြင်ဆင်စရာတွေနဲ့ အလုပ်အရှုပ်ဆုံးနေ့တစ်နေ့ ဖြစ်နေတတ်ပါတယ်။ မနက်မိုးလင်းတာနဲ့ “ဒီနေ့တော့ ဘာတွေလုပ်ရမယ်၊ ဘယ်သွားရမယ်၊ ဘယ်သူနဲ့တွေ့ရမယ်” ဆိုတဲ့ အစီအစဉ်တွေက ခေါင်းထဲမှာ တန်းစီနေပါတော့တယ်။

အဲဒီလို အစီအစဉ်တွေ တန်းစီနေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ကလေးကိုရော သတိထားမိကြပါသလား။

တံမြက်စည်းလှည်းနေရင်းနဲ့ စိတ်က ဈေးဝယ်ဖို့ တွေးနေတယ်၊ ဟင်းချက်နေရင်းနဲ့ စိတ်က ညနေကျရင် သူငယ်ချင်းနဲ့တွေ့ဖို့ တွေးနေတယ်။ စိတ်ကလေးဟာ လက်ရှိလုပ်နေတဲ့အလုပ်မှာ မကပ်ဘဲ ရှေ့ကအစီအစဉ်တွေဆီကို ကြိုကြိုပြီး ပြေးလွှားနေတတ်ပါတယ်။ အဲဒီလိုဖြစ်တိုင်း “ငါ့စိတ်တွေ ပြေးနေပြီ၊ ငါ စိတ်မငြိမ်ဘူး” ဆိုပြီး စိတ်အာရုံနောက်တာမျိုး၊ စိတ်ကို အတင်းချုပ်တည်းပြီး လက်ရှိအလုပ်မှာပဲ ကပ်ထားဖို့ ကြိုးစားတာမျိုး လုပ်စရာ မလိုပါဘူး။

တကယ်တမ်းတော့ အဲဒီလို ရှေ့ကိုကြိုတွေးပြီး သိနေတဲ့အရာဟာ “ငါ” လည်း မဟုတ်သလို၊ “ငါ့စိတ်” လည်း မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်လို့ ခဏလေး ပေါ်လာပြီး ပြန်ပျက်သွားတဲ့ “ဝိဉာဏ်” (သိစိတ်) သက်သက်သာ ဖြစ်ပါတယ်။

အစီအစဉ် A ကို တွေးလိုက်တဲ့အခါ သိလိုက်တဲ့ ဝိဉာဏ်လေး ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ အစီအစဉ် B ကို ဆက်တွေးလိုက်တဲ့အခါ နောက်ထပ် ဝိဉာဏ်အသစ်လေး ထပ်ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ ဒီလို လျင်မြန်စွာ ဆက်တိုက် ဖြစ်ပျက်နေတဲ့ သဘောတရားကိုပဲ “ငါ့စိတ်တွေ ပြေးလွှားနေတယ်” လို့ အစွဲနဲ့ သွားပြီး ပိုင်ရှင်လုပ်နေကြတာပါ။

ဒါကြောင့် စနေနေ့မှာ အစီအစဉ်တွေနဲ့ အလုပ်ရှုပ်နေရင် အဲဒီအစီအစဉ်တွေကို တားဆီးမနေပါနဲ့။ လုပ်စရာရှိတာတွေကို တာဝန်ကျေပြွန်အောင် လုပ်ပါ။ ဒါပေမဲ့ လုပ်နေရင်းနဲ့ ပြေးလွှားနေတဲ့ ဝိဉာဏ်လေးတွေကိုတော့ “ဪ… ဖြစ်ပေါ်လာပြီး ပြန်ပျက်သွားတဲ့ နာမ်သဘောတရားလေးတွေပါလား” လို့ အရှိကို အရှိအတိုင်း ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်လိုက်ပါ။ ဒါဟာ နေ့စဉ်ဘဝထဲက လက်တွေ့ စိတ္တာနုပဿနာပါပဲ။

ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အစွဲကင်းကင်းနဲ့ အေးချမ်းတဲ့ စနေနေ့လေးကို ဖြတ်သန်းနိုင်ကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *