မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ သုတ္တနိပါတ်၊ အာမဂန္ဓသုတ်မှာ လူယုတ်မာတို့ရဲ့ စက်ဆုပ်ဖွယ် အကျင့်တွေအကြောင်းကို ရှင်းလင်းပြတ်သားစွာ ဟောတော်မူခဲ့ပါတယ်။ အဲဒီအထဲမှာ “ကြွေးမြီကို ယူပြီး မပေးဆပ်ခြင်း၊ ဖျက်ဆီးတတ်ခြင်း၊ ကုန်းချောတတ်ခြင်း” ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို မျက်မှောက်ခေတ် အခြေအနေတွေနဲ့ တိုက်ဆိုင်ကြည့်ရင် အလွန်ပဲ လေးနက်လှပါတယ်။
ဒါယကာ ဒါယိကာမတွေရဲ့ လှူဒါန်းမှုကို ခံယူစားသောက်ပြီး ဝိပဿနာတရား အားထုတ်ခြင်းမပြုတဲ့ ရဟန်းတစ်ပါးဟာ “ကြွေးမြီကို ယူပြီး မပေးဆပ်သူ” ပါပဲ။ မြတ်စွာဘုရား မပညတ်ခဲ့တာတွေကို ပညတ်ပြီး ရဟန်းကို ဆုတ်ယုတ်စေတာဟာ (မဟာပရိနိဗ္ဗာနသုတ်၊ ရဟန်းတို၏မဆုတ်ယုတ်ကြောင်းတရား ခုနှစ်ပါးအရ) “ဖျက်ဆီးတတ်သူ” ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် မြတ်စွာဘုရား ခွင့်ပြုခဲ့တာမဟုတ်တဲ့ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဒိဋ္ဌိ စတဲ့ သံသရာလည်ကြောင်း လမ်းမှားကို ရောက်စေတဲ့ ဂန္ထဓုရသက်သက်နဲ့ သာသနာမှာ နေခွင့်ရှိတယ်လို့ ပြောဆိုနေတာဟာ မြတ်စွာဘုရားရှင်ကို “ကုန်းချောခြင်း” ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို ကျူးလွန်နေပြီဆိုရင် အဲဒီရဟန်းဟာ ဘုရားရှင် ဟောကြားတဲ့ လူယုတ်မာစာရင်းထဲကို အလိုအလျောက် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ကျနော်က စွပ်စွဲတာမဟုတ်ပဲ ဆဋ္ဌသင်္ဂါယနာတင်မူ ပိဋကတ်သုံးပုံအရ အကြောင်းအကျိုးသတ်မှတ်ချက်သာ ဖြစ်ပါတယ်။
မှားယွင်းကိုးကွယ်မိသူရဲ့ အပြစ်သာဖြစ်သည်
အဲဒီလို ရဟန်းမျိုးကို သွားရောက်ကိုးကွယ်မိတဲ့ ဥပါသကာ ဥပါသိကာတွေဟာ လူယုတ်မာကို ကိုးကွယ်မိတဲ့ ဘဝကိုရောက်ပြီး ဆင်းရဲဒုက္ခ ရောက်ကြရမှာ အမှန်ပါပဲ။ ဒီနေရာမှာ မြတ်စွာဘုရားရှင်က ကိုးကွယ်ဆည်းကပ်ဖို့ ညွှန်ပြခဲ့တဲ့ “သံဃာရတနာ” ဆိုတာ ဘာလဲဆိုတာကို ကွဲကွဲပြားပြား သိဖို့လိုပါတယ်။
သံဃာ့ဂုဏ်တော် ကိုးပါးကို ရွတ်ဆိုတဲ့အခါ “အဋ္ဌပုရိသ ပုဂ္ဂလာ” (ပုဂ္ဂိုလ်ရှစ်ပါး) ဆိုပြီး အတိအကျ ပါဝင်ပါတယ်။ ဒီပုဂ္ဂိုလ်ရှစ်ပါးဆိုတာ မဂ်တည်ပုဂ္ဂိုလ် လေးပါး၊ ဖိုလ်တည်ပုဂ္ဂိုလ် လေးပါး ဖြစ်တဲ့အတွက် “အရိယာရဟန်းများ” ကိုသာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ သံဃာရတနာ ဆိုတာမှာ မည်သည့် ပုထုဇဉ်ရဟန်းမှ မပါဝင်ပါဘူး။ မြတ်စွာဘုရားရှင်က အစကတည်းက အရိယာရဟန်းကိုသာ သံဃာရတနာအဖြစ် သတ်မှတ်ပြီး ကိုးကွယ်ဖို့ တိတိကျကျ ဟောကြားခဲ့ပြီး ဖြစ်ပါတယ်။
ထို့ကြောင့် လူယုတ်မာစာရင်းဝင်နေတဲ့ ရဟန်းတွေကို မှားယွင်းကိုးကွယ်မိတယ်ဆိုတာ စစ်မှန်တဲ့ သံဃာရတနာဟာ အရိယာရဟန်းသာ ဖြစ်တယ်ဆိုတဲ့ အသိပညာ ဗဟုသုတ မရှိတာကြောင့်သာ ဖြစ်ပါတယ်။ မိမိရဲ့ အသိဉာဏ်အားနည်းမှုကြောင့် မှားယွင်းကိုးကွယ်မိတဲ့ ဖြစ်စဉ်မှာ မြတ်စွာဘုရားရှင်အနေနဲ့ မည်သည့် တာဝန်မှ မရှိပါဘူး။ ရဟန်းတွေကလဲ ရိုးသားစွာမှားယွင်းမှုတွေ ရှိနိုင်ပါတယ်။ ဒီတော့ အရင်းစစ်လိုက်ရင် ကိုးကွယ်သူရဲ့ အပြစ်သာ ဖြစ်ပါတယ်။
ဥပါသကာ ဥပါသိကာတို့ ဘာလုပ်ကြမလဲ
ဒီလိုဆိုရင် အခု လူယုတ်မာဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်နေတဲ့ ရဟန်းတွေကို ဘယ်လို သဘောထားမလဲ။ သူတို့တွေဟာလည်း ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဆိုတဲ့ အဓိပတိတရားလေးပါး နဲ့ ပြည့်စုံစွာ ဝိပဿနာတရားကို စနစ်တကျ အားထုတ်လိုက်လို့ အရိယာအဖြစ်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် စစ်မှန်တဲ့ သံဃာရတနာတွေ ဖြစ်လာကြမှာပါ။
ဒီတော့ ကျနော်တို့က မြင်တတ်ရင် အခွင့်အရေးကောင်းကြီးတခုကို ရနေတာလို့ မြင်နိုင်ပါတယ်။ ယခုအခါမှာ လူယုတ်မာဆိုတဲ့ခေါင်းစဉ်အောက် ရောက်နေတဲ့ ရဟန်းတွေ အားလုံးဟာ ကျနော်တို့က တရားအားထုတ်စေဖို့ ဝိုင်းဝန်းတိုက်တွန်းကြိုးစားတာ အောင်မြင်လို့ အရိယာများဖြစ်သွားမယ် ဆိုရင်တော့ ကျနော်တို့အတွက် အမှန်တကယ် ကိုးကွယ်ရာ အရိယာ ရဟန်းအရေအတွက် သိန်းနဲ့ချီရမှာပါ။ အဲဒီတော့ ယခုအယူမှားနေတဲ့ ရဟန်းတွေကို ဝိနည်းဖောက်သည်ဖြစ်စေ ဘာအပြစ်တွေပဲ ရှိသည်ဖြစ်စေ အရိယာလောင်းတွေ သံဃာရတနာအလောင်းအလျာတွေ အဖြစ် တန်ဖိုးထားပြီး သည်းခံသင့်တာ သည်းခံပြီး ရဟန်းတွေ ဝိပဿနာ အားထုတ်ဖို့ကိုပဲ အလိမ်မာသုံးပြီး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ အရိယာရဟန်း သိန်းနဲ့ချီရှိတဲ့ ကိုးကွယ်ရာ သံဃာရတနာ သိန်းနဲ့ချီရမယ့် အခြေအနေကြီးကို မျှော်မှန်းပြီး မြတ်စွာဘုရားကို အလွန် မြတ်နိုး ကြည်ညိုကြတဲ့ ကျနော်တို့ ဥပါသကာ ဥပါသိကာ တို့ဟာ မြတ်စွာဘုရားလက်ထက်က သာသနာကို ဝိုင်းဝန်းတည့်မတ်ပေးကြသော ဥပါသကာ ဥပါသိကာ ကောင်းတွေကို နမူနာယူပြီး ရဟန်းတွေကို ဝိပဿနာအားထုတ်ပြီး အရိယာဖြစ်အောင် လုပ်ဖို့ အစီအစဉ်ကိုပဲ လုပ်ကြမယ် ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် ရဟန်းတပါး ဝိနည်းဖောက်တယ် ဆိုတာက ကျနော်တို့ ဥပါသကာ ဥပါသိကာတွေရဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီ ဝိနည်းဖောက်တဲ့ ရဟန်းနဲ့ မြတ်စွာဘုရား ကြားက ကိစ္စသာ ဖြစ်ပါတယ်။ ကျနော်တို့က ရဟန်းတွေကို ဝိနည်းလိုက်နာအောင် ထိန်းကွပ်မယ် ဆိုလဲ ဘုရားအလုပ်ကို ဝင်လုပ်သလို ဖြစ်နေတာကြောင့် မြတ်စွာဘုရား အလိုတော်ကျ ဖြစ်မှာမဟုတ်ပါဘူး။ မြတ်စွာဘုရားက သူ့ရဟန်းတွေကို လူတွေက ဝိနည်းလိုက်နာအောင် နှိပ်ကွပ်တဲ့အလုပ် လုပ်တာကို ကြိုက်မယ်မထင်ပါဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဝိနည်းဖောက်တာတွေကို အပြစ်ပြောတာတွေ ရပ်ပြီး တရားအားထုတ်ဖြစ်အောင်ပဲ ပြောကြရင်ကောင်းမယ်လို့လဲ ယူဆမိပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်ကို အမှန်တကယ် လေးစားကြည်ညို၊ မြတ်နိုးတန်ဖိုးထားတဲ့ ဥပါသကာ ဥပါသိကာတွေအနေနဲ့ အပြန်အလှန် ငြင်းခုန်နေမှုတွေ လုပ်နေမယ့်အစား၊ အလိမ်မာသုံးပြီး သူတို့တွေကို ဝိပဿနာတရား အားထုတ်လာအောင် နည်းလမ်းတကျ တိုက်တွန်းနှိုးဆော်ဖို့ ကြောင့်ကြစိုက်ကြရပါမယ်။ လူပုဂ္ဂိုလ်ရော၊ ရဟန်းသံဃာတွေပါ အရိယာတွေ များများ ပေါ်ထွန်းလာမှသာ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် အဓွန့်ရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *