တစ်နေကုန် အလုပ်တွေလုပ်၊ ပင်ပန်းလာခဲ့ပြီးတဲ့နောက် ညနေစောင်း အချိန်လေးမှာ လသာဆောင်ထွက်ထိုင်တာဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တာဖြစ်ဖြစ် လုပ်လေ့ရှိကြပါတယ်။ ညနေခင်း လေအေးအေးလေး တိုက်ခတ်သွားတဲ့အခါ ခန္ဓာကိုယ်ရော စိတ်ပါ ပေါ့ပါးသွားပြီး “ဟာ… အေးချမ်းလိုက်တာ၊ ငါ အနားယူနေတယ်၊ ငါ သက်တောင့်သက်သာ ဖြစ်နေပြီ” လို့ စိတ်ထဲကနေ အလိုလို တွေးမိတတ်ပါတယ်။

ဒီလိုတွေးတာ သဘာဝကျပေမယ့်၊ ဝိပဿနာရှုထောင့် (အရှိကို အရှိအတိုင်း ကြည့်တဲ့ ရှုထောင့်) ကနေ သေချာပြန်ဆန်းစစ်ကြည့်ရင် အဲဒီမှာ “ငါ” ဆိုတာ ဘယ်နေရာမှ မပါပါဘူး။

တကယ်တမ်းဖြစ်ပျက်နေတာက လေအေးလေးနဲ့ ခန္ဓာကိုယ် ထိတွေ့သွားတဲ့ ရုပ်တရားရယ်၊ အေးတယ်၊ ပေါ့ပါးတယ်၊ သက်တောင့်သက်သာဖြစ်တယ်လို့ သိလိုက်၊ ခံစားလိုက်တဲ့ နာမ်တရားရယ်… ဒီ ရုပ်နဲ့ နာမ် နှစ်ပါးရဲ့ အလုပ်လုပ်နေမှု သက်သက်သာ ဖြစ်ပါတယ်။

“ငါ အနားယူနေတယ်” ဆိုပြီး ပိုင်ရှင်ဝင်လုပ်လိုက်တဲ့အခါ အဲဒီ အနားရမှုလေး ပျက်သွားမှာကို စိုးရိမ်တဲ့စိတ်၊ မနက်ဖြန် အလုပ်ပြန်ဆင်းရရင် ပင်ပန်းတော့မယ်ဆိုတဲ့ ပူလောင်မှုတွေ ဆက်တိုက် ဝင်လာပါတော့တယ်။ အဲဒီလိုမဟုတ်ဘဲ “ဪ… အေးချမ်းတဲ့ သဘောတရားလေး ဖြစ်ပေါ်လာတာပါလား၊ ပြီးရင်လည်း သူ့သဘာဝအတိုင်း ပျက်သွားမှာပါလား” လို့ ပေါ့ပေါ့ပါးပါးလေး စောင့်ကြည့်တတ်သွားရင် အစွဲအလမ်းကင်းပြီး တကယ့်ကို ငြိမ်းချမ်းသွားပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားဖို့ လိုတာက “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး၊ အနားယူလည်း အလကားပဲ” ဆိုတဲ့ အဆိုးမြင်ဝါဒ လုံးဝ မဟုတ်ပါဘူး။ ဒါကို အထူး ရှောင်ကြဉ်ရပါမယ်။ လောကီကိစ္စဖြစ်စေ၊ ဓမ္မကိစ္စဖြစ်စေ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါး နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ “ငါ” မဟုတ်မှန်း ဉာဏ်နဲ့ သိလျက်နဲ့ပဲ ဒီတရားတွေကို မိမိဘဝ တိုးတက်ဖို့နဲ့ လွတ်မြောက်ဖို့အတွက် ထိထိရောက်ရောက် အသုံးချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခ) များအနေနဲ့ ညနေခင်း အနားယူတဲ့ အချိန်လေးမှာတောင် စိတ်ကို အတင်းကြီး ငြိမ်အောင်ချုပ်တည်းထားစရာ မလိုပါဘူး။ ပေါ့ပါးရင် ပေါ့ပါးတဲ့စိတ်ကလေး၊ အေးချမ်းရင် အေးချမ်းတဲ့စိတ်ကလေးကို အရှိကို အရှိအတိုင်း သတိလေးကပ်ပြီး တည့်တည့်သာ ကြည့်နေလိုက်ပါ။

ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အစွဲအလမ်းကင်းကင်းနဲ့ ညနေခင်း လေညင်းလေးထဲမှာ ခန္ဓာရော စိတ်ပါ အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *