ဓမ္မပဒ အဋ္ဌကထာမှာ မြတ်စွာဘုရားရှင်က သာသနာတော်မှာ နေထိုင်ဖို့ နည်းလမ်းနှစ်သွယ် ဟောကြားခဲ့တယ်လို့ ဆိုထားပါတယ်။ တစ်နည်းကတော့ “ဂန္ထဓုရ” လို့ခေါ်တဲ့ စာပေကျမ်းဂန် သင်ကြားပို့ချတဲ့နည်း ဖြစ်ပြီး၊ နောက်တစ်နည်းကတော့ “ဝိပဿနာဓုရ” လို့ခေါ်တဲ့ ခန္ဓာဉာဏ်ရောက် တရားအားထုတ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစကားရပ်ကို ဉာဏ်နဲ့ လေးလေးနက်နက် ချိန်ထိုး စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ သံသရာဝဋ်ဆင်းရဲကနေ အမှန်တကယ် လွတ်မြောက်ကြောင်း လမ်းဟာ “ဝိပဿနာဓုရ” တစ်ခုတည်းသာ ဖြစ်ပါတယ်။ ဝိပဿနာဓုရ ဆိုတာက မဂ္ဂင်ရှစ်ပါး (သမ္မာမဂ္ဂင်) အကျင့်မြတ်ကို တိုက်ရိုက် ကျင့်ကြံတာ ဖြစ်ပါတယ်။ ဒီသမ္မာမဂ္ဂင် အကျင့်ကလွဲရင် ကျန်တဲ့ သံသရာလည်ကြောင်း အလုပ်မှန်သမျှဟာ ဝိပဿနာအမြင်နဲ့ ကြည့်ရင် “မိစ္ဆာမဂ္ဂင်” တွေချည်းပါပဲ။

အကယ်၍များ မြတ်စွာဘုရားရှင်က ဤနည်းနှစ်သွယ်စလုံးကို ကျင့်သုံးနေထိုင်နိုင်တယ်လို့ အမှန်တကယ် ဟောကြားခဲ့တယ်ဆိုရင်၊ သာသနာတော်အတွင်းမှာ သံသရာလွတ်ကြောင်း သမ္မာမဂ္ဂင်အကျင့်ရော၊ သံသရာလည်ကြောင်း မိစ္ဆာမဂ္ဂင်အကျင့်ပါ နှစ်မျိုးလုံးကို လက်ခံခွင့်ပြုခဲ့တယ်ဆိုတဲ့ သဘော သက်ရောက်သွားပါလိမ့်မယ်။ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရဟန်းတော်များကို “ဝိနိပါတိကဘေး” (အပါယ်ငရဲသို့ ကျရောက်မည့်ဘေး) နဲ့ ရင်ဆိုင်ခိုင်းပြီး သံသရာလည်ကြောင်း အလုပ် (ဂန္ထဓုရ) ကို လုပ်ဆောင်စေဖို့ မြတ်စွာဘုရားက သဘောတူခွင့်ပြုခဲ့တယ်လို့ ကောက်ယူစရာ ဖြစ်လာပါတယ်။ တကယ်လို့ ဒါသာ အမှန်ဆိုရင်၊ မြတ်စွာဘုရားရှင်ဟာ သံသရာရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးကို ရဟန်းတော်များအပေါ် ပုံချပြီး သာသနာတော်အတွက် စတေးခံခိုင်းသလို ဖြစ်နေတဲ့အတွက် အလွန်တရာ မတရားရာ ကျပါလိမ့်မယ်။

ဘာကြောင့် ဒီလို ပြောရသလဲဆိုရင် သံသရာရဲ့ အင်မတန် ကြောက်စရာကောင်းတဲ့ ဘေးကြီးကို မြတ်စွာဘုရား ကိုယ်တော်တိုင် အတိအလင်း ဟောကြားခဲ့လို့ပါပဲ။ ပထမအချက်အနေနဲ့၊ ပုထုဇဉ် (မိစ္ဆာမဂ္ဂင်သာ ကျင့်သုံးသူ၊ သံသရာလည်ကြောင်းသာ လုပ်သူ လူဖြစ်စေ၊ ရဟန်းဖြစ်စေ) ဟာ သေဆုံးတဲ့အခါ သုဂတိဘုံကို ရောက်ရှိနိုင်ဖို့ အခွင့်အရေးဟာ “လက်သည်းခွံပေါ်က မြေမှုန်” လောက်သာ ရှိပြီး၊ “ပထဝီမြေကြီး” လောက် များပြားတဲ့ အရေအတွက်ကတော့ အပါယ်လေးပါးကို ကျရောက်ကြတယ်လို့ ဟောတော်မူခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့၊ အပါယ်သို့ တစ်ကြိမ် ကျရောက်သွားပြီးပါက လူ့ဘဝသို့ ပြန်လည်ရောက်ရှိရန် အခွင့်အရေးမှာ “သမုဒ္ဒရာထဲမှ လိပ်ကန်း မျက်ကွင်းစွပ်မိသကဲ့သို့” အလွန်တရာ ခဲယဉ်းလှကြောင်း မိန့်တော်မူခဲ့ပါတယ်။

ထို့ကြောင့် ဤဘဝတွင် လူဖြစ်ခိုက်၊ ရဟန်းဖြစ်ခိုက် သံသရာလွတ်ကြောင်း သမ္မာမဂ္ဂင်ရှစ်ပါးကို မကျင့်ကြံဘဲ ပုထုဇဉ်ဘဝဖြင့်သာ (ကုသိုလ်ကောင်းမှုများ ပြုလုပ်နေသော်လည်း) သေဆုံးပါက၊ အပါယ်သို့ မကျရောက်ရန် အခွင့်အရေးမှာ လက်သည်းခွံပေါ်က မြေမှုန်လောက်သာ ရှိနေခြင်း ဖြစ်ပါတယ်။

အကယ်၍ ဂန္ထဓုရဖြင့် ရဟန်းပြု၍ နေနိုင်သည်ဟု မြတ်စွာဘုရား ဟောခဲ့သည်ဆိုလျှင်၊ မြတ်စွာဘုရားသည် မိမိ၏ ရဟန်းတော်များအပေါ် သံသရာရှုထောင့်မှ ကြည့်ပါက အလွန်ရက်စက်သည်ဟု ဆိုရပါမည်။ သာသနာတော် အချိန်ကြာကြာ တည်တံ့စေရန်အတွက် ရဟန်းပေါင်း သိန်းနှင့်ချီ၍ ရှိသောသူများအနက် တစ်သိန်းတွင် တစ်ပါးခန့်သာ သုဂတိရောက်နိုင်သည့် ဘေးအန္တရာယ်ကိုလည်းကောင်း၊ အပါယ်မှ ပြန်လည်တက်ရောက်ရန် အလွန်ခဲယဉ်းသည့် အခက်အခဲကိုလည်းကောင်း ရင်ဆိုင်စေခဲ့ခြင်း ဖြစ်နေပါလိမ့်မည်။ (ယခုဘဝတွင် အပါယ်မကျသော်လည်း နောက်ဘဝများတွင် ပုထုဇဉ်ဖြစ်၍ အပါယ်ကျနိုင်သေးသည်။) သာသနာ အဓွန့်ရှည်မှ လူအများ သံသရာမှ လွတ်မြောက်ကာ အရိယာဖြစ်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊ လက်ရှိ တရားအားထုတ်ရန် ဆန္ဒမရှိသူရဟန်းများအားလုံးကို အပါယ်ကျချင်ကျပါစေဟု သဘောထားခဲ့သည်ဆိုလျှင် မြတ်စွာဘုရားရှင်၏ မဟာကရုဏာတော်ကို မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မည်။

ကျနော့်အနေဖြင့်ကား မြတ်စွာဘုရားရှင်အား ဤသို့ လုံးဝ မစွပ်စွဲဝံ့ပါ။ မြတ်စွာဘုရားရှင်၏ အတိုင်းမသိသော မဟာကရုဏာတော်နှင့် “ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင် သံသရာလွတ်အောင် အရင်လုပ်ကြလော့” ဟူသော ပြင်းပြသော တိုက်တွန်းချက်များကို ထောက်ရှု၍၊ “ဂန္ထဓုရကို ခွင့်ပြုသည်” ဟူသော စကားရပ်မှာ မြတ်စွာဘုရားရှင် တိုက်ရိုက် မိန့်ခွန်းတော်မူခဲ့သော စကားမဟုတ်ဟုသာ ခိုင်မာစွာ ယုံကြည်မိပါသည်။ ထို့ပြင် ဤစကားရပ်မှာ ပါဠိတော်များတွင် တိုက်ရိုက် မပါရှိဘဲ အဋ္ဌကထာ၌သာ ပါရှိခြင်းကြောင့်၊ နောက်ပိုင်းကာလများတွင် သာသနာ အဓွန့်ရှည်စေရန် ရည်ရွယ်၍ စာပေသင်ကြားခြင်းကို အားပေးလိုသော ပုဂ္ဂိုလ်တစ်ဦးဦးက သာသနာအကျိုးကို မျှော်ကိုးလျက် မြတ်စွာဘုရားရှင် ခွင့်ပြုသယောင် ရေးသားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရိုးရိုးရှင်းရှင်းပင် သုံးသပ်မိပါသည်။

အကယ်၍ ဤအမြင်နှင့် သဘောမတူဘဲ၊ ဂန္ထဓုရကို ဘုရားရှင် အမှန်တကယ် ခွင့်ပြုခဲ့သည်ဟု ယူဆပါကလည်း၊ ကျနော်ကတော့ လက်ရှိ ရဟန်းတော်များအားလုံးကို ထိုကဲ့သို့သော အပါယ်ဘေးကြီးနှင့် လုံးဝ ရင်မဆိုင်စေလိုပါ။ ယခုဘဝတွင် သီလစင်ကြယ်၍ သာသနာ့အကျိုးကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ကုသိုလ်များစွာ ရရှိပြီး နောက်ထပ် ဘဝတစ်ထောင်တိုင်အောင် အပါယ်မကျဟု ဆိုစေကာမူ၊ တစ်ထောင့်တစ်ဘဝမြောက်တွင် အပါယ်သို့ ကျရောက်မည့်ဘေး၊ အပါယ်မှ ပြန်မတက်နိုင်မည့်ဘေးမှာ အလွန်တရာ ကြီးမားလှပါသည်။ ဤမျှ ကြီးမားသော ဘေးအန္တရာယ်ကြီးကို ရေရှည် မျှော်တွေး၍၊ ကျနော်တို့ လူမှန်းသိတတ်စအရွယ်ကပင် ကြည်ညိုလေးစား ချစ်ခင်ခဲ့ရသော ရဟန်းသံဃာတော်များကို မည်သို့မျှ ရင်မဆိုင်စေလိုပါ။

ဘုရားရှင် ကိုယ်တော်တိုင် ဂန္ထဓုရကို ခွင့်ပြုခဲ့သည် ဆိုစေဦးတော့၊ ကျနော်ကတော့ ဝိပဿာနဓုရကိုသာ ရွေးချယ်စေချင်ပါသည်။ ဂန္ထဓုရ မလုပ်ခြင်းကြောင့် သာသနာတော်ကြီး ပျက်စီးသွားမည် ဆိုလျှင်လည်း အပျက်ခံလိုက်ပါ။ (မြတ်စွာဘုရားကလဲ အရိယာရှိသ၍ သာသနာမပျက်လို့ဟောထားသည့်အတွက် ပျက်စရာလဲ မရှိပါ) တပည့်တော် အယူအရ သာသနာတော်နှင့် ရဟန်းတစ်ပါး အပါယ်ဘေး ခံစားရမည့် ဒုက္ခကို လုံးဝ မလဲလှယ်နိုင်ပါ။ သာသနာဆိုသည်မှာလည်း သင်္ခါရတရားပင် ဖြစ်ရာ တစ်နေ့နေ့တွင် မလွဲမသွေ ပျက်စီးရမည်သာ ဖြစ်သည်။ ထို့ကြောင့် သာသနာအပေါ် သံယောဇဉ် တွယ်တာမနေဘဲ၊ ပျက်သင့်သည့်အချိန်တွင် ပျက်ပါစေဟု သဘောထားလိုက်ပါ။ သမ္မာမဂ္ဂင်ရှစ်ပါးတရားနှင့် ကြုံကြိုက်နေခိုက်တွင်၊ စာပေဖြင့် သာသနာ အဓွန့်ရှည်အောင် စောင့်ရှောက်မည်ဟူသော အလုပ်ကို စွန့်လွှတ်ကာ၊ မိမိကြည်ညိုရသော ရဟန်းတော်များကို သံသရာလွတ်ကြောင်း တစ်ခုတည်းကိုသာ အားထုတ်၍ “ကိုယ်လွတ်ရုန်း” သွားစေချင်ပါသည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည် မသိနိုင်သော သာသနာတော်အတွက် အပူပန် မခံပါနှင့်။ ကိုယ်လွတ်ရုန်း၍ အရိယာဖြစ်အောင် ကြိုးစားပါ။ အရိယာဖြစ်သွားပါက မိမိဆန္ဒရှိရာ ဆောင်ရွက်နိုင်ပြီး သံသရာမှ ထွက်ပေါက်ဖြစ်သော နိဗ္ဗာန်ချမ်းသာကို တဝကြီး ခံစားကြပါဘုရား။

ထို့ပြင် ဥပါသကာ၊ ဥပါသိကာများ အနေဖြင့်လည်း ရဟန်းတော်များအပေါ် စစ်မှန်သော မေတ္တာထားကြရန် တိုက်တွန်းလိုပါသည်။ “သူ့အကုသိုလ်နှင့်သူ သွားလိမ့်မည်” ဟူသော စကားမျိုးကို မသုံးနှုန်းစေချင်ပါ။ ရဟန်းတော်များသည် ကျနော်တို့ ငယ်စဉ်ကတည်းက အလွန်တရာ ချစ်ခင်လေးစားခဲ့ရသူများ ဖြစ်သလို၊ အကျင့်သီလနှင့် ပြည့်စုံသူများလည်း ဖြစ်ကြသည်။ ဤရဟန်းတော်များနှင့် ဥပါသကာ၊ ဥပါသိကာများအကြားရှိ မေတ္တာတရားများကို မမေ့ပျောက်ကြပါနှင့်။ ရဟန်းတော်များ အပါယ်ကျလျှင် ကျပါစေ၊ ၎င်းတို့ ဆန္ဒရှိရာ ဂန္ထဓုရကို လုပ်၍ အပါယ်သွားပါစေ ဟူသော သဘောထားမျိုး မထားကြပါနှင့်။ မိမိတို့ ကြည်ညိုရသော ရဟန်းတော်များ အပါယ်ဘေးနှင့် မရင်ဆိုင်ရစေရန်၊ ၎င်းတို့အတွက် အမှန်တကယ် အကျိုးရှိမည့် အရိယာအဖြစ်သို့ ရောက်ရှိရေး၊ ရဟန္တာဖြစ်ရေး ဆိုသည်ကိုသာ ဖြစ်ခွင့်ပေးလိုက်ပါ။ ဤသို့ ဆောင်ရွက်ခြင်းကြောင့် သာသနာတော်ကြီး ပျက်စီးသွားမည် ဆိုလျှင်လည်း၊ သင်္ခါရတရား၏ သဘောအရ ပျက်ချိန်တန်၍ ပျက်သည်ဟု နှလုံးသွင်းကာ အပျက်ခံလိုက်ပါ။ လက်ရှိ ရဟန်းလေးသိန်းစလုံး ရဟန္တာဖြစ်အောင် ကြိုးစားလိုက်ခြင်းကြောင့် သာသနာပျက်သွားမည် ဆိုပါကလည်း အပျက်ခံလိုက်ပါ။ သင်္ခါရတရားကို မနှမြောပါနှင့်တော့။ သို့ဖြစ်၍ ရဟန်းတော်များ အရိယာဖြစ်ရေး တစ်ခုတည်းကိုသာ ကျနော်တို့ အားလုံး ပုံအောလိုက်ကြပါစို့။ ရဟန်းတော်များအပေါ် ထားရှိသော ကျနော်တို့၏ မေတ္တာကို၊ ရဟန်းတော်များ ရဟန္တာဖြစ်စေခြင်း၊ နိဗ္ဗာန်ချမ်းသာကို ခံစားရစေခြင်း ဟူသော အကောင်းဆုံးသော ဆန္ဒမေတ္တာအဖြစ် ပြသလိုက်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။

ရဟန်းတော်များ အနေဖြင့်လည်း၊ တပည့်တော်သည် သံသရာ၏ ဆင်းရဲဒုက္ခ ကြီးမားလွန်းလှသည်ကို သိရှိနားလည်သည့်အတွက်၊ အရှင်ဘုရားတို့အား ထိုဆင်းရဲဒုက္ခများကို မခံစားရစေလိုသော စေတနာဖြင့်၊ ကျန်ရှိသော ကိစ္စအဝဝကို ဖြစ်ချင်ရာဖြစ် ထားရစ်ခဲ့ကာ ကိုယ်တိုင် အရိယာဖြစ်ရေး ဟူသော ကိုယ်လွတ်ရုန်းသည့် လမ်းစဉ်ကို လိုက်နာစေချင်ခြင်းအပေါ် အပြစ်မမြင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ တပည့်တော်အနေဖြင့် အရိယာအဖြစ်သို့ ရောက်ရှိပြီးနောက်တွင်၊ ရဟန်းတော်များ သရဏဂုံမတည်ခြင်း၏ သဘောတရားကို နားလည်သဘောပေါက်လာသည့်အတွက်၊ သရဏဂုံမတည်ပါက အပါယ်သို့ ကျရောက်မည် ဖြစ်သလို၊ ရဟန်းတစ်ပါး သရဏဂုံမတည်ခြင်းသည်လည်း ကြားရအလွန်ရုပ်ဆိုးလှသဖြင့်၊ အရှင်ဘုရားတို့ သရဏဂုံတည်ကြပါစေ ဟူသော စေတနာတစ်ခုတည်းဖြင့် ကြိုးပမ်းလာခဲ့ရာမှ ဤအခြေအနေ၊ ဤစကားရပ်များကို လျှောက်ထားရသည့် အချိန်သို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ အရှင်ဘုရားတို့အပေါ် မကောင်းသောစိတ်၊ ပျက်စီးစေလိုသောစိတ် အလျဉ်းမရှိကြောင်း ယုံကြည်စေချင်ပါသည်။ အရှင်ဘုရားတို့၏ ဆန္ဒအရ အပါယ်သို့ သွားမည်ဆိုလျှင်လည်း တပည့်တော်ကတော့ လုံးဝ လက်ခံနိုင်မည် မဟုတ်ပါ။ အရှင်ဘုရားတို့ ရဟန်းလေးသိန်းစလုံးကို အနည်းဆုံး သောတာပန်များအဖြစ်ဖြင့် နတ်ပြည်တွင် ဆုံတွေ့ချင်ပါသည်။

သို့သော်လည်း အရှင်ဘုရားတို့ အနေဖြင့် မြတ်စွာဘုရားရှင်၏ မျက်နှာတော်ကို ထောက်ထားဖို့၊ သံသရာမှ လွတ်မြောက်ရန် အရေးတကြီး ကြိုးပမ်းကြရန်နှင့် မြတ်စွာဘုရား မဟောကြားခဲ့သည်များကို ဟောကြားခဲ့သည်ဟု မဆိုမိကြစေဖို့၊ အတွက်ကိုမူ တပည့်တော်အနေနှင့် မြတ်စွာဘုရားရှင်၏ မျက်နှာတော်မှလွဲ၍ မည်သူ့မျက်နှာကိုမျှ မထောက်ထားဘဲ ဆက်လက် လျှောက်ထားနေရဦးမည် ဖြစ်ကြောင်းကိုလည်း ကြိုတင်၍ လျှောက်ထားအပ်ပါသည်။ ဦးတင်ပါသည် ဘုရား။


Leave a Reply

Your email address will not be published. Required fields are marked *