ကျနော့်အတွက် ဒိဋ္ဌိ ကွာသွားရခြင်း အကြောင်းတခုကတော့ ရုပ်တရား၊ နာမ်တရားတွေကို ခွဲခြမ်းစိတ်ဖြာ နားလည် သွားတဲ့အခါမှာ တခုချင်းစီရဲ့ အတ္တမဟုတ်ပုံ၊ သတ္တဝါမဟုတ်ပုံ၊ ငါ သူတပါး ယောက်ျား မိန်းမ မဟုတ် ပုံကို သဘောပေါက်သွားတာပါ။
ဒိဋ္ဌိနဲ့ ပါတ်သက်လို့ ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မရှိ အသက် ဇီဝ မရှိဆိုတာကို အခြေခံပြီး ဆင်ခြင်နိုင်ပါတယ်။ အသက်ဇီဝ အကြောင်းကို နည်းနည်း ပြောချင်ပါတယ်။ ရုပ်နာမ် ဖြစ်ပျက် အစဉ်မှာ ပဋိသန္ဓေစိတ်ဆိုတာကလဲ နာမ်တရားသာ ဖြစ်ပြီး စုတိစိတ် ဆိုတာဟာလဲ နာမ်တရားပါပဲ။ ဒီတော့ ရုပ်နာမ် ဖြစ်ပျက် အစဉ်သာ ရှိတဲ့အတွက် အသက် ဇီဝ ဆိုတာ မရှိပါဘူး။
အဲဒီတော့ ခွဲခြမ်း စိတ်ဖြာသောနည်းကို ပြန်ပြောရရင်တော့ ကျနော်တို့ အနေနဲ့ ရုပ်အကြောင်းကို လေ့လာ ဖို့ လိုပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး ဓမ္မသင်္ဂဏီ ရုပ်ပိုင်း ဟာ လေ့လာလို့ အကောင်းဆုံးပါပဲ။ ကျနော့် အနေနဲ့ ဆိုရင် စိတ်ကို ရှုတဲ့ စိတ္တာနုပဿနာကို အားထုတ်ခဲ့သူမို့ စိတ်နဲ့ပါတ်သက်တာတွေကို နားလည်လာပေမယ့် ရုပ်နဲ့ ပါတ်သက်တဲ့ အပိုင်းမှာတော့ ရုပ်ဘယ်နှစ်မျိုး ဆိုတာတွေက ကျနော် နားမလည် လိုက်မလေ့လာချင်တဲ့ ကိစ္စတွေ ပါ။ ပြီးတော့ ရုပ်နဲ့ ပါတ်သက်ပြီး အနောက်တိုင်း အယူအဆတွေက အဓိက လွှမ်းမိုးထားပါတယ်။ ဒါပေမယ့် ဓမ္မသင်္ဂဏီ ရုပ်ပိုင်းမှာပါတဲ့ နှစ်မျိုးခွဲပြခြင်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ ယောက်ျား မိန်းမ မရှိဆိုတာကို သဘောပေါက်သွားပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ရုပ်ကို နှစ်စုခွဲပြထားတဲ့ နေရာမှာ မြင်အပ်သောရုပ်၊ မမြင်အပ်သောရုပ် ဆိုပြီး ခွဲပြပါတယ်။ အဲဒီတော့ ရုပ်တွေဆိုတာဟာ ယောက်ျား မိန်းမ သဏ္ဏာန်တွေ ဖြစ်နေပေ မယ့် တကယ်တော့ မြင်အပ်သောရုပ်နဲ့ မမြင်အပ်သောရုပ် ပေါင်းစည်းထားတာပဲ ဆိုတာကို သဘောပေါက် သွားခဲ့ပါတယ်။ အဲလိုပဲ ထိပါး၍ ရသော ရုပ် နဲ့ ထိပါး၍ မရသောရုပ် ဆိုပြီးလဲ ခွဲပြထားတဲ့အခါ ကျတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ ယောက်ျားမိန်းမ ဆိုတာ မရှိ တူညီသော ရုပ်များ ပေါင်းစပ်ထားခြင်းသာ ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ကျနော် မြတ်စွာဘုရားနဲ့ ပါတ်သက်တဲ့ သဒ္ဓါတရား စတင်ခဲ့တာပါ။ ရုပ်ဆိုတဲ့ နေရာမှာ သတ္တဝါရဲ့ ရုပ်တင်မက ဩကာသ လောကရဲ့ ရုပ်တွေလဲ ရုပ်ထဲမှာပဲ အကုန် အကြုံးဝင်ပါတယ်။
အဲဒီတော့ ရုပ်နဲ့ ပါတ်သက်ပြီး အမြင်ရှင်းပြီဆိုရင် နာမ်နဲ့ ပါတ်သက်တဲ့ ဖက်ကို ကြည့်ရပါမယ်။ နာမ်တရား တွေကတော့ နာမ်ခန္ဓာလေးပါး ဆိုပြီး အစုအပေါင်း လေးခုအဖြစ်ပြပါတယ်။ အဲဒီမှာ သညာ ဆိုတာကို မှတ်မိခြင်း၊ မှတ်သားခြင်းလို့ သဘောပေါက်မိပါတယ်။ ဝေဒနာကတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ အစုအပေါင်းပါ။ ဝိဉာဏ် ဆိုတာကတော့ သိမှု သဘောဖြစ်ပါတယ်။ သင်္ခါရက္ခန္ဓာကတော့ အဓိက အပိုင်းပါပဲ။ အမှန်သိမြင်မှု အစရှိတဲ့ မဂ္ဂင်တွေ ဆိုတာဟာ သင်္ခါရက္ခန္ဓာထဲမှာ အကြုံးဝင်ပါတယ်။ အဲဒီနေရာမှာ ကျနော်တို့က အမှန် အမှား ဆိုတဲ့ သဘောတွေကို ဆုပ်ကိုင်ထားတတ်ကြပါတယ်။ အမှန်ကို လုပ်ရမယ် အမှားကိုရှောင်ရမယ် ဆိုပြီး အမှန် နဲ့ အမှားကို အစွန်းနှစ်ဖက် အဖြစ်မြင်ကြပါတယ်။
တကယ်တော့ ပရမတ် အနေနဲ့ ကြည့်လိုက်တဲ့ အခါမှာ အမှန် ဆိုတဲ့ နှလုံးသွင်းမှန်ခြင်း ဆိုတာလဲ သင်္ခါရ တရားပဲ ဖြစ်ပြီး၊ အမှား ဆိုတဲ့ နှလုံးသွင်းမှားခြင်း ဟာလဲ သင်္ခါရ တရားပါပဲ။ လောကီဖြစ်ဖြစ် လောကုတ္တရာဖြစ်ဖြစ် လူမိုက်နဲ့ ပေါင်းမိရင် နှလုံးသွင်းမှားဆိုတဲ့ သင်္ခါရက္ခန္ဓာ ဖြစ်ပြီး၊ ပညာရှိ သူတော်ကောင်းနဲ့ ပေါင်းမိတဲ့ အခါမှာ နှလုံးသွင်းမှန်ဆိုတဲ့ သင်္ခါရတရား ဖြစ်ပါတယ်။ လူမိုက်နဲ့ ပေါင်းသင်းခြင်း အကြောင်းကြောင့် နှလုံးသွင်းမှားဆိုတဲ့ အကျိုး (သင်္ခါရတရား) ဖြစ်တာ ဖြစ်ပြီး၊ ပညာရှိ သူတော်ကောင်းနဲ့ ပေါင်းမိတဲ့အကြောင်းကြောင့် နှလုံးသွင်းမှန်ခြင်း ဆိုတဲ့ အကျိုး (သင်္ခါရတရား) ဖြစ်တာ ဖြစ်ပါတယ်။ အဲလိုပါပဲ လုံလ ဝီရိယ၊ သဒ္ဓါတရား၊ ပညာ၊ အဓိပတိတရား၊ စတာတွေအားလုံးဟာ သင်္ခါရက္ခန္ဓာတွေပဲ ဖြစ်ပြီး ကိုယ်မဟုတ် သတ္တဝါမဟုတ်ပါဘူး။
အဲဒီတော့ အားလုံးကို ပြန်ချုပ်ရရင် အရာအားလုံးမှာရှိတဲ့ ရုပ်တွေဟာ တူညီတဲ့ ရုပ်အမျိုးအစားတွေနဲ့ ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။ အဲဒိ ရုပ်အမျိုးအစား တစ်ခုချင်းစီဟာ ကိုယ်လဲ မဟုတ်၊ သတ္တဝါလဲ မဟုတ် ပါဘူး။ ယောက်ျားမိန်းမ ဆိုပြီး ခွဲခြားပြောစရာလဲ မရှိပါဘူး။ အဲလိုပါပဲ ဝေဒနာ ဆိုတာကလဲ နာမ်တရား (သင်္ခါရတရား) သာ ဖြစ်ပြီး သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဆိုတာတွေက ကိုယ်လဲ မဟုတ်၊ သတ္တဝါလဲ မဟုတ်ပါဘူး။ မှတ်မိခြင်း၊ မှတ်သားခြင်း ဆိုတာကလဲ သညာရဲ့ သဘောသာ ဖြစ်ပြီး မှတ်မိခြင်းဟာ ကိုယ်မဟုတ် သတ္တဝါမဟုတ်ပါဘူး။ မှတ်သားခြင်းကလဲ ကိုယ်မဟုတ်၊ သတ္တဝါ မဟုတ်ပါဘူး။ သိမှု ဆိုတဲ့ ဝိဉာဏ်ကလဲ သိခြင်းသဘော သက်သက် သာ ဖြစ်ပြီး ကိုယ်မဟုတ် သတ္တဝါ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ အမှန်သိမြင်မှု၊ ကြိုးစားမှု၊ ပညာ၊ သတိ၊ သမာဓိ၊ အဓိပတိတရားလေးပါး၊ စောင့်ထိန်းခြင်း၊ နှလုံးသွင်းခြင်း စတာတွေ တခုခြင်းစီကို ကြည့်လိုက်မယ် ဆိုရင် တခုခြင်းစီဟာ ကိုယ်မဟုတ် သတ္တဝါ မဟုတ်ပါဘူး။
အဲဒီတော့နောက်ဆုံးမှာတော့ ရုပ်တရား၊ နာမ်တရားတွေကို ခွဲခြမ်း စိတ်ဖြာကြည့်လိုက်တဲ့အခါမှာ ဘယ်အရာမှ ဘယ်တရားကမှ ကိုယ်မဟုတ် သတ္တဝါမဟုတ် ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပါဘူး။ အသက် ဇီဝ ဆိုတာလဲ မရှိပါဘူး။ ရုပ်တရား၊ နာမ်တရားတို့ရဲ့ ဖြစ်ပျက် အစဉ်ကြီးသာ ရှိနေပါတယ်။ ဒါကို သဘောပေါက် သိမြင်မှုကလဲ တရားစာကို ဖတ်ခြင်း အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားသာ ဖြစ်ပြီး ကိုယ် မဟုတ် သတ္တဝါမဟုတ်ပါဘူး။ အဲဒါကြောင့် ဝေဒနာ နဲ့ ပါတ်သက်ရင် ကိုယ်ခံစားရတာမဟုတ် အနတ္တတရား ဖြစ်တဲ့ ဝေဒနက္ခန္ဓာသာ ဖြစ်ပါတယ်။ သိမှုသည်လည်း ကိုယ်သိခြင်းမဟုတ် အနတ္တတရား ဖြစ်တဲ့ ဝိဉာဏ်သာ ဖြစ်ပါတယ်။ မှတ်သားခြင်း၊ မှတ်မိခြင်း ဆိုတာတွေကလဲ ကိုယ်မှတ်သားခြင်း မှတ်မိခြင်း မဟုတ်ပဲ သညက္ခန္ဓာ သာဖြစ်ပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံမှ စ၍ အမှန်သိမြင်ခြင်း လုံလဝီရိယ စတာတွေ အားလုံးဟာလဲ ကိုယ် ပြုခြင်းမဟုတ် ကိုယ်အမှန်သိခြင်းမဟုတ်၊ ကိုယ်ကြိုးစားအားထုတ်မှုမဟုတ်၊ ကိုယ့်လုံလဝီရိယ မဟုတ် သင်္ခါရက္ခန္ဓာသာ ဖြစ်ပါတယ်။
ဒီတော့ ဒါတွေကို ခွဲခြမ်း စိတ်ဖြာတဲ့ နည်းနဲ့ တစ်ခုခြင်းစီရဲ့ သတ္တဝါမဟုတ်ပုံ အနတ္တ တရားသာ ဖြစ်ပုံကို သဘောပေါက် တဲ့အခါမှာ ဒိဋ္ဌိ အတွက်နေရာ မရှိပဲ (ဒိဋ္ဌိသည်လည်း ကိုယ်မဟုတ် သတ္တဝါမဟုတ်၊ အမြင်မှားမှု သင်္ခါရတရားသာဖြစ်သည်) အကုန်လုံးကို ရှင်းလင်းစွာသဘောပေါက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမ မဂ်ရဲ့ အသိတရား ဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ တရားအားထုတ်တဲ့ နေရာမှာ ကိုယ့်ဖက်မှာ ဘာလိုအပ်နေတယ် ဆိုတာကို စဉ်းစားပြီး လိုအပ်ချက်တွေကို ရှင်းထုတ်ဖို့ လိုပါတယ်။ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းကတော့ ခရီးအရောက် ဆုံးပါပဲလို့ ပြောရင်း နိဂုံးချုပ်ပါရစေ။
ပိဋကတ်တော့ မြန်မာပြန်ကို ဖုန်းထဲ ထည့်ပြီး ဖတ်မယ် ဆိုရင်တော့ ပရမတ် တရားတွေနဲ့ ပါတ်သက်ပြီး ဓမ္မသင်္ဂဏီကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply