ဗုဒ္ဓသာသနာဟာ တကယ်တော့ သံသရာက လွတ်မြောက်ကြောင်းကို ရည်ရွယ်တဲ့ သာသနာ ဖြစ်ပါတယ်။ လောကုတ္တရာကို ဦးတည်တဲ့ သာသနာ ဖြစ်သည့် အားလျော်စွာ လောကီနဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ လောကီ မှာ လူတွေဟာ စဉ်းစားကြတဲ့အခါ၊ ခံစားကြတဲ့အခါမှာ အတ္တ နဲ့ ခံစား စဉ်းစားကြရပါတယ်။ အဲဒီအတွက် လောကီ အနေနဲ့ တရားတွေကို ကြံစည်တဲ့အခါမှာ ချစ်ခြင်း မေတ္တာသာလျှင် အဓိကလို့ အတ္တ နဲ့ ကြံစည်ကြပါ တယ်။

လောကီ လူသားတွေကို ချစ်ခြင်းမေတ္တာ အကြောင်း ဟောပြောရတာဟာ အရမ်းလွယ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေရဲ့ စိတ်မှာ အမုန်းတရားရဲ့ အပြစ်ကို မြင်တဲ့အခါ သူ့ရဲ့ ဆန့်ကျင်ဖက် ချစ်ခြင်းမေတ္တာကတော့ ကောင်းတယ် ဆိုပြီး မြင်ကြလေရှိတာမို့ပါ။ ချစ်ခြင်းမေတ္တာ ဆိုတာဟာ တကယ်တော့ အပြစ်မကင်းတဲ့ တရား ဖြစ်တဲ့အပြင် သမုဒယ သစ္စာဆိုတဲ့ တဏှာရဲ့ အစွယ်အပွါးဖြစ်ပါတယ်။ သမုယဒ သစ္စာရဲ့ အကျိုးဟာ ဒုက္ခသစ္စာ ဖြစ်ပါတယ်။ သာသနာရဲ့ ရည်ရွယ်ချက်ကတော့ သမုဒယ သစ္စာကို ပါယ်သတ်ပြီး ဒုက္ခသစ္စာ ငြိမ်းအောင် ပြုလုပ်ဖို့ပဲ ဖြစ်တာမို့ မိတ်ဆွေများ အနေနဲ့ ချစ်ခြင်းနဲ့ ပါတ်သက်ရင် သတိထား စေချင်ပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး ဝိသာခါသုတ်မှာ မြတ်စွာဘုရားက တရာမျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား တရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ …. တခုမျှလောက်သော ချစ်အပ်အပ်သော အရာဝတ္ထု ရှိကြ သူတို့အား တခုသော ဆင်းရဲသည်ဖြစ်၏။ ချစ်အပ်သော အရာဝတ္ထုမရှိကြသူတို့အား ဆင်းရဲမရှိ၊ ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်။ ကိလေသာမြူမရှိကုန်။ ပင်ပန်းမှု မရှိကုန် ဟု ငါဟောဆို၏ဟု မိန့်တော်မူခဲ့ပါသည်။

ဒါကြောင့် မိဘ၊ သားသမီး၊ ဇနီးမယား၊ ခင်ပွန်း၊ အဆွေခင်ပွန်း ချစ်ခြင်း ဘယ်ချစ်ခြင်းကမှ သံသရာက လွတ်ကြောင်းမဟုတ်၊ သာသနာ၏ ဦးတည်ချက်မဟုတ်သည်ကို သတိထားပြီး မုန်းခြင်းကို ရှောင်အပ်သလို ချစ်ခြင်းကိုလည်း ရှောင်အပ်သော တရား ဆိုတာ သဘောပေါက်စေချင်ပါတယ်။

ဒါနဲ့ ဆက်စပ်ပြီးပြောရရင် တရားအားထုတ်တဲ့အခါမှာလဲ အခြေအနေတခုကို ရောက်လာတဲ့အခါမှာ ဘယ်သူ့ကိုတော့ ကိုယ်နဲ့ အတူ လွတ်စေချင်တယ် စသဖြင့် ကိုယ့်ခရီး မပြီးသေးပဲ သူတပါးအတွက် ဆိုတာတွေဟာ ချစ်ခြင်းမေတ္တာ တွေပေါ်မှာ မူတည်ပြီး အားကောင်းလာတတ်ကြပါတယ်။ ဒီလိုအချိန်မှာ မြတ်စွာဘုရား ဟောခဲ့တဲ့အတိုင်း လူဟာ လူ့သံယောဇဉ်ကို ဖြတ်မှသာ နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတာကို အမှတ်ရပြီး သံယောဇဉ်များကို ဖြတ်တောက် ထားပြီး မိမိဦးတည်ရာ မဂ်ဖိုလ်ကိုသာ အာရုံစိုက် ကြိုးစားစေချင်ပါတယ်။ စကားစပ်လို့ ပြောရရင် အတ္တဟိတ နဲ့ ပရဟိတ ဆိုတာဟာ ဆန့်ကျင်ဖက်လို့ မြင်ကောင်း မြင်နိုင်ပေမယ့် တကယ်တော့ ပုထုဇဉ်အတွက် ပရဟိတ ဆိုတာဟာ အတ္တ ရဲ့ ဆင့်ပွားမှု ဖြစ်တယ် ဆိုတာကို သတိထားစေချင်ပါတယ်။ အတ္တ ရဲ့ တကယ့် ဆန့်ကျင်ဖက် ကတော့ အနတ္တသာ ဖြစ်ပြီး အနတ္တကို ဆုံးအောင် မြင်စေချင်ပါတယ်။ အနတ္တ နဲ့ အနိစ္စကို ဆုံးအောင် မြင်တော့ မှသာလျှင် လောကရဲ့ ဒုက္ခသစ္စာကို ကောင်းစွာ မြင်ပြီး သမုဒယ သစ္စာကို ခန္ဓာက ဇာတ်သိမ်းပေး မှာ ဖြစ်ပါတယ်။ အဲဒီတော့မှသာပဲ မသေသေးလို့ အများအကျိုးအတွက် လုပ်ချင်တယ် ဆိုရင် လုပ်လို့ ကောင်းမှာပဲ ဖြစ်ပါတယ်။

ညစ်ပေနေသော ရွှံ့ညွှန်တို့ကို ရွှံ့ညွန်ပြည့်နှက်နေသော ရေနဲ့ ဆေးကြော၍ မရ၊ သန့်စင်သော ရေနဲ့မှသာ ဆေးကြောနိုင်တာမို့ အမှန်တကယ် အကျိုးရှိမှာမို့ အများအကျိုးအတွက် လုပ်ချင်နေတဲ့သူများ အနေနဲ့လဲ သန့်စင်သော ရေဖြစ်အောင် မဂ်ဖိုလ် ဆိုက်အောင် မရပ်မနား တကြောင်းတည်းသော စိတ်နဲ့ ကြိုးစား အားထုတ်ဖို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *