ဗုဒ္ဓရဲ့ အဆုံးအမဟာ တကယ်တမ်းကျတော့ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ကြောင်းကိုသာ အဓိက ဦးတည်ပါတယ်။ လောကုတ္တရာကို မျက်နှာမူတဲ့ လမ်းစဉ်ဖြစ်တဲ့အတွက်၊ လောကီရဲ့ သတ်မှတ်ချက် အများစုနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ လောကီလူသားတွေ တွေးခေါ်ခံစားကြတဲ့အခါမှာ “ငါ၊ ငါ့ဟာ” ဆိုတဲ့ “အတ္တ” ကို အခြေခံပြီးမှ စဉ်းစားကြတာပါ။ ဒါကြောင့် လောကီရေးရာမှာ “ချစ်ခြင်းမေတ္တာ” ဆိုတာကို အကောင်းဆုံး၊ အမြင့်မြတ်ဆုံးအဖြစ် အတ္တနဲ့ ပုံဖော် ကြံစည်ကြပါတယ်။

လောကီလူသားတွေကို ချစ်ခြင်းမေတ္တာအကြောင်း ဟောပြောရတာ အလွန်လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ အမုန်းတရားရဲ့ ဆိုးရွားတဲ့ အပြစ်ကို မြင်တဲ့အခါ၊ သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ အပြစ်ကင်းတယ်လို့ အလွယ်တကူ ယူဆလိုက်ကြလို့ပါပဲ။ တကယ်တော့ ဝိပဿနာအမြင်နဲ့ ကြည့်ရင် လောကီချစ်ခြင်းမေတ္တာဆိုတာ အပြစ်ကင်းတဲ့ တရား လုံးဝ မဟုတ်ပါဘူး။ သူဟာ ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်းဖြစ်တဲ့ “သမုဒယသစ္စာ” (တဏှာ) ရဲ့ အစွယ်အပွား သက်သက်သာ ဖြစ်ပါတယ်။ သမုဒယသစ္စာရဲ့ တိုက်ရိုက်အကျိုးဆက်ကတော့ “ဒုက္ခသစ္စာ” ပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝိသာခါသုတ်မှာ မြတ်စွာဘုရားရှင်က အတိအလင်း မိန့်တော်မူခဲ့ပါတယ်။

“ရာမျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိသူတို့အား ရာမျှလောက်သော ဆင်းရဲတို့ ဖြစ်ကုန်၏… တစ်ခုမျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိသူတို့အား တစ်ခုသော ဆင်းရဲသည် ဖြစ်၏။ ချစ်အပ်သော အရာဝတ္ထု မရှိသူတို့အား ဆင်းရဲမရှိ၊ ထိုသူတို့သည် စိုးရိမ်ခြင်း မရှိကုန်၊ ကိလေသာမြူ မရှိကုန်၊ ပင်ပန်းမှု မရှိကုန် ဟု ငါဘုရား ဟောတော်မူ၏။”

ဒါကြောင့် မိဘ၊ သားသမီး၊ ဇနီးမယား၊ ခင်ပွန်း၊ မိတ်ဆွေ အစရှိတဲ့ ဘယ်လို ချစ်ခြင်း သံယောဇဉ်မျိုးကမှ သံသရာက လွတ်မြောက်ကြောင်း မဟုတ်ဘူးဆိုတာကို သတိပြုရပါမယ်။ အမုန်းတရားကို ရှောင်ကြဉ်ရသလိုပဲ၊ သံသရာမှာ ရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ လောကီချစ်ခြင်းတွေကိုလည်း ဉာဏ်နဲ့ ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။

တရားအားထုတ်စဉ် ဝင်ရောက်လာတတ်သော ချစ်ခြင်းမေတ္တာ

တရားအားထုတ်တဲ့အခါမှာလည်း ဉာဏ်စဉ်တွေ အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့အခါ၊ မိမိရဲ့ ဇနီးမယား သို့မဟုတ် မိဘတွေကို “ငါနဲ့အတူ တရားသိစေချင်တယ်၊ လွတ်မြောက်စေချင်တယ်” ဆိုတဲ့ သနားချစ်ခင်စိတ်တွေ အားကောင်းလာတတ်ပါတယ်။ ကိုယ့်ခရီး မဆုံးသေးခင်မှာ သူတစ်ပါးအတွက် တွေးပူတာဟာ ကရုဏာ၊ မေတ္တာလို့ ထင်ရပေမယ့်၊ တကယ်တော့ လွတ်မြောက်ရေးကို နှောင့်နှေးစေတဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေပါပဲ။ မြတ်စွာဘုရားက “လူ့သံယောဇဉ်ကို ဖြတ်နိုင်မှသာ နိဗ္ဗာန်ရောက်နိုင်တယ်” လို့ ဟောခဲ့တာကို အမြဲသတိရပြီး၊ အနှောင့်အယှက် သံယောဇဉ်တွေကို ဉာဏ်နဲ့ ဖြတ်တောက်ကာ မိမိရဲ့ မဂ်ဖိုလ်ပန်းတိုင်ကိုသာ စူးစိုက် ကြိုးစားရမှာ ဖြစ်ပါတယ်။

အတ္တ၊ ပရဟိတ နှင့် အနတ္တ

စကားစပ်လို့ ထည့်ပြောရရင်၊ လူတွေက “အတ္တဟိတ (ကိုယ်ကျိုးရှာခြင်း)” နဲ့ “ပရဟိတ (အများအကျိုးဆောင်ခြင်း)” ကို ဆန့်ကျင်ဘက်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ပုထုဇဉ်တွေ လုပ်နေတဲ့ ပရဟိတ အများစုဟာ “ငါ လုပ်နေတယ်၊ ငါ ကူညီနေတယ်” ဆိုတဲ့ အတ္တရဲ့ ဆင့်ပွား အသွင်ပြောင်းမှု သက်သက်သာ ဖြစ်နေတတ်ပါတယ်။

အတ္တရဲ့ တကယ့် ဆန့်ကျင်ဘက် အစစ်အမှန်ကတော့ “အနတ္တ” သာ ဖြစ်ပါတယ်။ ဤနေရာတွင် “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ လက်မှိုင်ချရမယ့် အဆိုးမြင်ဝါဒ (Pessimism) ကို လုံးဝ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်နာမ်ဖြစ်စဉ်တွေရဲ့ အကြောင်းအကျိုး သဘောတရားကို မှန်ကန်စွာ သိမြင်ပြီး၊ မိမိရောက်လိုတဲ့ လွတ်မြောက်မှုဆီကို ဉာဏ်နဲ့ ပညာရှိရှိ စီမံရမယ့် အလုပ်ဖြစ်ပါတယ်။ အဲဒီ အနတ္တ နဲ့ အနိစ္စကို အဆုံးစွန်ထိ ထိုးထွင်းသိမြင်တော့မှသာ ခန္ဓာရဲ့ ဆင်းရဲခြင်း (ဒုက္ခသစ္စာ) ကို ကောင်းစွာမြင်ပြီး၊ တဏှာ (သမုဒယသစ္စာ) ကို ဇာတ်သိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

ရွှံ့ရေ နှင့် သန့်စင်သောရေ

ကိုယ်တိုင် မလွတ်မြောက်သေးဘဲ အများအကျိုးကို လုပ်ဆောင်ချင်နေတာဟာ ညစ်ပေနေတဲ့ ရွှံ့ဗွက်ကို ရွှံ့ရေတွေနဲ့ ထပ်ပြီး ဆေးကြောနေသလိုပါပဲ။ သန့်စင်တဲ့ ရေနဲ့ ဆေးကြောမှသာ အမှန်တကယ် စင်ကြယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အများအကျိုးကို တကယ်တမ်း လုပ်ဆောင်ချင်တယ် ဆိုရင်၊ အရင်ဆုံး မိမိကိုယ်တိုင်က ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးနဲ့ ပြည့်စုံအောင် လက်တွေ့အားထုတ်ပြီး မဂ်ဖိုလ်ဆိုက်အောင် တစ်ကြောင်းတည်းသော စိတ်နဲ့ ကြိုးပမ်းသင့်ပါတယ်။ သို့မှသာလျှင် ကျနော်တို့ အားလုံး မျှော်မှန်းထားသည့်အတိုင်း လူ၊ ရဟန်း အရိယာများ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးကို အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *