ခန္ဓာဖြစ်စဉ် သန္တာန်ဆိုတာဟာ ခန္ဓာငါးပါးတွေ ပဌာန်းနည်းအတိုင်း အကြောင်းအကျိုးတွေ ဖြစ်ပျက်နေတာပါ။ ဒီထဲမှာ ဒုက္ခ အားလုံးရဲ့ ၉၀% ဟာ ဒိဋ္ဌိကြောင့် ဖြစ်တာပါ။ ဘာလို့ လိုချင်နေတာလဲ ငါမို့လို မသေမခြင်း ငါဖြစ်နေမှာမို့ ရှာနေရတာ။ ဘာလို့ အရမ်းရှာနေရတာလဲ ငါ့အတွက်တင် မက ငါ့ဆွေမျိုး၊ အသိုင်းအဝိုင်းတွေ အတွက်၊ ဘာလို့ အဲလောက် အပင်ပန်းခံနေတာလဲ ငါ့နိုင်ငံအတွက် လူမျိုးအတွက်၊ ကမ္ဘာအတွက်၊ ဘာလို့ ဒေါသဖြစ်တာလဲ သူမို့လို၊ ဒါတွေ လုပ်လို့။ ဘာလို သဘောကျရတာလဲ ဒါတွေ လုပ်လို့ သူမို့လို့။ စသဖြင့် စသဖြင့် ဖြစ်နေတဲ့ ကိစ္စတွေ လောဘတွေ ဒေါသတွေထဲမှာ အပါယ်ကျလောက် တဲ့ထိ ဒုက္ခပေးတာဟာ ငါ သူ ဆိုတဲ့ အတ္တ ဆိုတဲ့ သဘောကို အမှန်လို့ ယူဆထားလို့၊ သိထားလို့၊ ထင်ထားလို့ပါ။ အဲဒါဟာ ဒိဋ္ဌိကိလေသာ နဲ့ သူ့ရဲ့ အပါယ်ကို ပို့ပုံပါ။ အဲဒီတော့ နည်းလမ်း တစ်ခုက အတ္တကို အစွန်းဆုံးထိကြီး လိုက်တော့ နားလည်အောင် ကြိုးစားရမယ် ဆိုတာမျိုး ဖြစ်သွားတာပါပဲ။ လူတိုင်းအတွက်တော့ မှန်မှာ မဟုတ်ပါဘူး။ အဓိက အချက်က သံဝေဂပါ။ ကျနော်တို့ဟာ မကြာသေးခင်ကမှ ကိုဗစ်မှာ ကိုယ်ချစ်တဲ့ သူတွေနဲ့ ကွဲတယ် ဆိုတာမျိုးတွေ ဖြစ်ခဲ့ကြသူတွေပါ။ ဖေဖေလဲ ကိုဗစ်ပါပဲ။ အဲဒီတော့ အဲဒီကိစ္စတွေပေါ်မှာ သံဝေဂ ယူသင့်ပါတယ်။ ဘယ်လောက်ပဲ ငိုငို တရက်တော့ တိတ်သွားတာပါပဲ။ အဲဒီတော့ ခံစားချက်ဆိုတာတွေဟာ စိတ်ချရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ယုံကြည်ချက်ဆိုတာတွေကလဲ အချိန်မရွေး ပြောင်းနေကြတာပါ။
ဆိုလိုတာက အခုခဏလေးကိုပဲ ကြည့်ကြည့်လိုက်ပါ။ ကိုယ်အပါအဝင် ၃၁ဘုံက သတ္တဝါအားလုံးဟာ တကယ်တော့ သတ္တဝါဆိုတဲ့ စကားလုံးကို သိစေဖို့အတွက် ပညတ်တာသာ ရှိပြီး တကယ်ရှိမနေဘူးဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ရုပ်နာမ်တွေ ဖြစ်ပျက်နေတာပဲ ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ သတ္တဝါ လုံးဝမရှိတဲ့ သဘောကို သိရင် သုညတ ကိုသိတာပါပဲ။ အဲဒီတော့ ဒီရုပ်နာမ် ဖြစ်ပျက်တွေမှာ ဘာကြောင့် ပူလောင်နေရတာလဲ အနားမရတာလဲ စဉ်းစားကြည့်လိုက်ပါ။ အဲဒီမှာ မရှိတာတွေနဲ့ တည်ဆောက်ထားတဲ့ လောက ဆိုတာကြီးကို တွေ့မှာပါ။ အဲဒီလောက ဆိုတာ တကယ်တော့ စိတ်က ဆောင်ထားတာပါ။ တကယ်ရှိနေတာ မဟုတ်ပါဘူး။ အားလုံး တူညီတဲ့ သတ်မှတ်ချက်အောက်မှာ ရူးနေကြတာပါ။ (ပုထုဇဉ် မှန်သမျှပေါ့) အဲဒီ သတ်မှတ်ချက်ပေါင်းစုံကိုပဲ စွဲစွဲမြဲမြဲ မှတ်မိနေပြီး၊ များများ မှတ်မိတဲ့သူက အလုပ်လုပ်လို့ ကောင်းတဲ့ သဘောရှိပါတယ်။ ရှေ့နေ စသဖြင့်ပေါ့။ အားလုံးဟာ မရှိတဲ့ ကိစ္စတွေကို စွဲစွဲမြဲမြဲ ယုံကြည်ထားကြ ပြီး အဲဒီအပေါ်ကနေ ဆင့်ကဲ ဆင့်ကဲ့ ပြီး တရားတွေ ထပ်ထပ် ဖြစ်ကြတာပါ။ အဲဒီ ထပ်ဖြစ်တဲ့ တရားတွေက တော့ ပူလောင်တဲ့ သဘောတွေ ဖြစ်နေတာပါပဲ။ အဲဒါဟာ အမှန်ကို မသိလို့ ပူလောင်ခြင်းပါ။
ပထမ မဂ်မှာ တည်းက လောကဟာ သုခမဟုတ်ဘူး၊ ဒုက္ခ ဆိုတာကို သေသေချာချာ သိခဲ့တာပါပဲ။ သုခလို့ အယူ မရှိပါဘူး။ ဒါပေမယ့် သုခဆိုတဲ့ အသိနဲ့ အထင်တော့ ရှိနေပါသေးတယ်။ အဲဒါကပဲ ရှေ့ဆက်သွားစေတာပေါ့။ အဲဒီတော့ ပြောချင်တာက ခံစားချက်ဆိုတာဟာ တကယ်တော့ သတ္တဝါဆိုတဲ့ မှားယွင်းတဲ့ အမြင်ကနေ လာတဲ့ ကိစ္စတွေ အများစုပါ။ ခံစားချက်ဆိုတာ တကယ်တော့ သတ္တဝါမဟုတ်ပါဘူး။ သတ္တဝါဆိုတဲ့ အထင်ကြောင့် ဖြစ်လာတဲ့ မလိုလားအပ်တဲ့ ဒုက္ခပါ။ သောမနဿ နဲ့ နေလဲ မကောင်း၊ ဒေါသနဿနဲ့ နေလဲ မကောင်းတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် အားလုံးဟာ အဲဒီအပေါ်မှာပဲ လိုက်ပြီးနေပါတယ်။ တချို့ကိစ္စတွေဟာ ငယ်စဉ်ကတည်းက နှလုံးသွင်းမှားကြောင့် ခံစားမှု အမှားတွေ ဖြစ်တာလဲ ရှိပါတယ်။ အများအားဖြင့်ကတော့ ဒိဋ္ဌုပါဒန်တွေပါပဲ။ ဒိဋ္ဌိ အုပ်ချုပ်သော ဥပါဒါန်များလို့ ပြောရမှာပါပဲ။ အဲဒီတော့ တရားအားထုတ်တဲ့ အခါမှာလဲ ခံစားချက်ဆိုတာထက် ဉာဏ်ပညာကို ပိုပြီး အားကိုးတာကတော့ ရှေ့ကို ရောက်တာ မြန်ပါလိမ့်မယ်။
တချို့ကိစ္စတွေက သေသေချာချာ သိတဲ့အတိုင်းပဲ စဉ်းစားတာ ပိုကောင်းပါတယ်။ ပါရမီ တွေ ဘာတွေ မေ့ထားလိုက်ပါ။ အဲဒါတွေက ကိုယ်လဲ သေသေချာချာ မသိဘူး ဆိုတဲ့ စာရင်းထဲ ထည့်ထားလိုက်ပါ။ သေသေချာချာ သိတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သေသေချာချာ နားလည်ရင် မဂ်ဉာဏ် ရနိုင်တယ် ဆိုတာပါပဲ။ ဒါပါပဲ။ အဲဒီတော့ သိအောင် လုပ်လိုက်ပါ။ သိတော့သိတယ် ဘာမှ မထူးဘူးဆိုရင် တကယ်မသိသေးလို့ပါ။ နောက်တဆင့် အနေနဲ့ တရားအားထုတ်တဲ့ ကိစ္စကို ကျနော်ရေးခဲ့တဲ့ စာအုပ်ဖတ်ပြီး စပြီး ကြိုးစားကြည့်ပါ။ နာသမျှ တရားတွေကို ရဲရဲ ခန္ဓာတိုက်စစ်ကြည့်ပါ။ မှားနေရင် လက်မခံပါနဲ့။ သူများတွေ ဖြစ်တယ်ပြော ပြော မပြောပြော ကိုယ်ခန္ဓာနဲ့ တိုက်စစ်ပြီး မှားနေရင် ရဲရဲသာ ပါယ်ပါ။ မှန်ရင်တော့ သေသေချာချာ လက်ခံပါ။ ဒီခရီး နောက်ဆုံးမှာ ရတဲ့ ဉာဏ်ကြောင့် အမြင်က လုံးဝ ပြောင်းသွားမှာပါ။ ပြောင်းတဲ့အခါကျမှပဲ ကိုယ်တိုင် သိပါလိမ့် မယ်။ ထူးခြားပါတယ်။ အဲဒါကြောင့်လဲ တရားထူးလို့ ခေါ်တာပါ။ ဒါပေမယ့် အဲဒီကိစ္စက အကျိုးတရားပါ။ လက်ရှိမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ခန္ဓာမှာ မှန်မမှန် စစ်ဆေးပြီး မှန်တယ်ဆိုရင် ဟုတ်တယ်လို့ လက်ခံတဲ့ (နှလုံးသွင်းတဲ့) ကိစ္စက အကြောင်းတရားပါ။ ဒါကို ထပ်ခါ ထပ်ခါ ကြိုးစားရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။
ကျေးဇူးပါ။


Leave a Reply