ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အရာရာဟာ တည်မြဲနေတယ်လို့ ထင်တတ်ကြတယ်။ မနက်က စိတ်ဆိုးစရာလေးတစ်ခု ဖြစ်သွားရင် အဲဒီစိတ်က တစ်နေကုန် ဆက်ရှိနေတယ်လို့ ခံစားရတတ်တယ်။ တကယ်တော့ အဲဒါ အမြင်မှားနေတာပါ။

တကယ်တမ်း သတိထားကြည့်ရင် ဘယ်အရာမှ စက္ကန့်မလပ် ရပ်တန့်မနေပါဘူး။ ခန္ဓာကိုယ်ထဲက ပူသွားတာ၊ အေးသွားတာ၊ စိတ်ထဲမှာ ဝမ်းသာသွားတာ၊ ဝမ်းနည်းသွားတာတွေ အကုန်လုံးဟာ ချက်ချင်းဖြစ်ပြီး ချက်ချင်းပျောက်သွားတာချည်းပါပဲ။ အဲဒီလို ဖြစ်ပြီးပျောက်သွားတဲ့ သဘာဝလေးတွေကို မမြင်တဲ့အခါ ငါ၊ ငါ့ဟာ ဆိုတဲ့ အစွဲတွေ ဝင်လာပါတယ်။

အစွဲတွေ ဝင်လာတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တဲ့အခါ ဆင်းရဲရတော့တာပါပဲ။ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘာဝကို သဘာဝအတိုင်း လက်ခံနိုင်ဖို့က လက်တွေ့ ကိုယ်တိုင် မြင်အောင် ကြည့်ဖို့ပဲ လိုပါတယ်။ ဘာကိုမှ ပြင်ဆင်နေစရာ မလိုဘဲ အရှိကို အရှိအတိုင်းလေး သိပေးနေဖို့ပါပဲ။

ဒီနေ့မှာ ကိုယ့်စိတ်လေး ဘယ်နှစ်ကြိမ်လောက် ပြောင်းလဲသွားလဲဆိုတာကို သက်သက်သာသာလေး သတိထားကြည့်ရအောင်။


Leave a Reply

Your email address will not be published. Required fields are marked *