ဗုဒ္ဓသာသနာ ဆိုတာဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်များနဲ့ တရားတော်များကို လိုက်နာကြသော ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ တို့ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ရဲ့ အနှစ်သာရကတော့ သံသရာကလွတ်ကြောင်း ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် သစ္စာလေးပါး ပါ။ သံသရာမှာ ကျင်လည်နေရခြင်း ရုပ်နာမ်တရားတို့ ဖြစ်ပျက် နေခြင်းဟာ ဒုက္ခသစ္စာ ဖြစ်တဲ့အကြောင်း၊ ဒီလို ဒုက္ခသစ္စာ ဖြစ်ကြောင်းဟာ သမုဒယ သစ္စာ ဆိုတဲ့ တဏှာ ဖြစ်တဲ့ အကြောင်း၊ သံသရာမှ လွတ်ရာသည် နိဗ္ဗာန်ဆိုတဲ့ နိရောဓ သစ္စာ ဖြစ်ကြောင်းနဲ့ နိရောဓ သစ္စာသို့ ဆိုက်ရောက် ကြောင်း ဖြစ်တဲ့ မဂ္ဂသစ္စာ အကြောင်းကို မြတ်စွာဘုရားက ဆုံးမတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ အင်မတန်ပဲ ကြီးကျယ်ပြီး ကြည်ညိုစရာ အလွန်ကောင်းလှပါတယ်။ အဆင့် အတန်းလဲ အလွန်ပဲ မြင့်မားပါတယ်။ သာသနာတော်မှာ ရတနာသုံးပါးသည် ကိုးကွယ်စရာ မှီခိုစရာ ပုန်းအောင်း စရာအဖြစ် သတ်မှတ်ထားပြီး ရတနာသုံးပါးရဲ့ အစီအစဉ်အတိုင်း အဆုံးအမ များကို လိုက်နာပါက ယခုဘဝ ရော နောင်သံသရာ အတွက်ရော ကောင်းကျိုးချမ်းသာကို ရစေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာပေါ် ချစ်ခင်မှု၊ မြတ်စွာဘုရားပေါ် ကြည်ညိုမှုတွေက အဓိက မကျပဲ၊ မြတ်စွာဘုရား အဆုံးအမကို ဘယ်လောက်လိုက်နာလဲ ဆိုတာက အဓိက ကျတယ် ဆိုတဲ့ အကြောင်းပါ။ မြတ်စွာဘုရားရဲ့ သာသနာဟာ လောကီကနေ လောကုတ္တရာ ကောင်းကျိုးအထိ ပေးစေနိုင်တဲ့ တရားက မင်္ဂလာတရား တွေဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမကို အမှန် တကယ် လိုက်နာပါမယ် ဆိုတဲ့ သူမှသာ ကောင်းကျိုး ချမ်းသာ ရမှာ ဖြစ်ပြီး၊ မြတ်စွာဘုရားကို ကြည်ညိုလှချည် ရဲ့ ဆိုပြီး ဘုရားကန့်ကွက်တဲ့ အလုပ်တွေ လုပ်နေမယ် ဆိုရင်တော့ မြတ်စွာဘုရားကို ကိုးကွယ်လို့ အကျိုး မရပါဘူး။ ကိုယ်လုပ်တဲ့ အားလျော်စွာ အဆိုးတွေပဲ ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သရဏဂုံတည်ခြင်းရဲ့ အကျိုးကျေးဇူး ဆိုတာဟာ မြတ်စွာဘုရား တားမြစ်တဲ့ ကိစ္စတွေ မလုပ်ပဲ မြတ်စွာဘုရား ဟောတဲ့ တရားအတိုင်း လိုက်နာ ကျင့်ကြံမှ သာ ရမယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ တကယ် သရဏဂုံတည်တဲ့သူဟာ ငါးပါးသီလလဲ လုံရမှာပါ။ သူတပါး ပျက်စီးစေလိုစိတ်တွေကိုလဲ အပြစ်မြင်ရ မှာပါ။ မြတ်စွာဘုရား ဟောတဲ့အတိုင်း တရားအားထုတ်တာကိုလဲ လုပ်ကိုင်ပြီးတဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ သရဏဂုံတည်တယ် ဆိုတာဟာ သဒ္ဓါတရားသက်သက်နဲ့ မရပဲ လိုက်နာကျင့်ကြံ အားထုတ်မှု ဆိုတာကလဲ လိုအပ်ပါတယ်။ သရဏဂုံသုံးပါးမှာ ပါတဲ့ သံဃာ ရတနာ ဆိုတာသည် မဂ်ပုဂ္ဂိုလ် လေးယောက်၊ ဖိုလ်ပုဂ္ဂိုလ်လေးယောက် ပဲ ပါပါတယ်။

ပုထုဇဉ် ရဟန်းအစုအဝေးကို သရဏဂုံထဲ မထည့်သင့်ပါတယ်။ အကြောင်းမှာ ဒိဋ္ဌိကိလေသာဦးစီးသော စိတ်များရှိနေခြင်း ချစ်ခြင်း မုန်းခြင်းကို မရှောင်နိုင် သေးခြင်းကြောင့် ဆုံးမမှု မှာ မှန်ကန်ခြင်း မရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ အရိယာ သံဃာမှသာ လျှင် ချစ်ခြင်း မုန်းခြင်း ကင်းပြီး ရဟန်း သံဃာတို့ရဲ့ မှန်ကန်သော နေနည်းမျိုးနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ စာတတ် ရုံနဲ့တော့ သံဃာရတနာ မထိုက်ဟု အယူ ရှိပါတယ်။

ဒါကလဲ သောတာပန်ကနေ ရဟန္တာထိဟာ သရဏဂုံတည်တဲ့သူများ ဖြစ်လို့ အရိယာကနေ ပုထုဇဉ်ကို ကိုးကွယ် ဆည်းကပ် မှီအောင်း ပုံလျောင်းရာ အဖြစ် သတ်မှတ်တယ် ဆိုတာဟာလဲ မဖြစ်နိုင်လို့ပါ။ အရိယာ လူကနေ ရဟန်းကိုလဲ ဘယ်လို အားထုတ်ရင် ရနိုင်တယ် ဆိုတဲ့ အကြောင်းအပြင် ပြောစရာ မရှိပါဘူး။ ကျန်တာကတော့ ဘုရားတရားတော် ကို ဟောရင် လက်ခံမယ်၊ ဒီနေရာမှာလဲ ကိုယ့်ဟာကိုယ် ပိဋကတ် ဖတ်နေလဲ ရတာမို့ သိပ်တော့ အထူးအခြားကြီး မဟုတ်ပါ။

ကျနော်တို့ အနေနဲ့က သာသနာကို နိုင်ငံရေး ထဲက အပြီးအပိုင်ထုတ်ကို ထုတ်မှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံ ဆိုတာဟာ ကာမ ပါ။ ကာမ အကြီးစားပါ။ ကာမ ဆိုတာက ကာမဂုဏ် အာရုံလို့ ပြောတာပါ။ နိုင်ငံတော် မိမိ အကျိုး အများအကျိုး စတာတွေဟာ မှန်သလိုလို ရှိပေမယ့် တကယ်တော့ အနတ္တ ဝါဒနဲ့ လိုက်လျောညီထွေမှု မရှိပါဘူး။ အတ္တဟိတ၊ ပရဟိတ ဆိုတဲ့ စကားလုံးတွေဟာ ဆန့်ကျင်ဖက် ဆန်သယောင်ယောင် ရှိပေမယ့် ပရဟိတ အများအကျိုးဆောင်တယ် ဆိုတာကလဲ တကယ်တော့ အတ္တကို ပွားများပြီး မြင်တဲ့သဘောပါ။ ဒါကြောင့် အတ္တ ဟိတအစား ပရဟိတ လုပ်နေယုံနဲ့တော့ ဗုဒ္ဓသာသနာနဲ့ အကြုံးမဝင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓသာသနာ က အနတ္တကို မြင်အောင်ကြည့်ဖို့ ဆုံးမထားလို့ပါ။ အဲဒီတော့ အများအကျိုးလုပ်နေတယ် ဆိုတာကလဲ သံသရာက လွတ်ကြောင်းတော့ မဟုတ်ပါဘူး။ ဘုရားအလောင်းတွေကတော့ မပြောတတ်ပါဘူး။

သာသနာမှာ ဘုရားအလောင်းဆိုတာကလဲ အကောင်းတွေချည်း ပြောလို့မရပါ ဘာကြောင့်လဲ ဆိုတော့ မြတ်စွာဘုရားက ဒီဘဝတင် လွတ်အောင် လုပ်တာကို ပိုကြိုက်လို့ လွတ်အောင် လုပ်သွားဖို့ အမြဲပြောသူမို့ပါ။ ဘုရားအလောင်းတွေ ဘုရားဆုပန်တယ် ဆိုတာဟာ သင်္ခါရတရားပဲမို့ မကောင်းတဲ့ သံသရာကို ရှည်စေတဲ့ မာန တရားက တောင်းခိုင်းလိုက်တာလို့ ပြောရမှာပါ။ အဲဒါကြောင့် ဗုဒ္ဓသာသနာ ဝင်များ ဖြစ်တဲ့ ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ တို့ဟာ ဘုရား ပြောတဲ့အတိုင်း လိုက်နာပြီး တရားအားထုတ်တာ လုပ်ဖို့ လိုပါတယ်။ တကယ် သရဏဂုံရဲ့ အကျိုးကို ခံစားရတာက ပထမ မဂ်နောက်ပိုင်းမှာမို့ ပထမ မဂ်လောက်တော့ ကျအောင် လုပ်လိုက် စေချင်ပါတယ်။ ပထမ မဂ်ကျပြီးလို့ကတော့ ကျွမ်းထိုးနေနေ ဘာမှ ပြောစရာမရှိတော့ပါဘူး။

နောက်တစ်ချက်က ဘုရားက ဂဏန်း ဆိုတာ နံပါတ်တွေပဲ လို့ ပြောပါတယ်။ ဆိုလိုတာက ဂဏန်းတွေဟာ နံပါတ် ဆိုတဲ့အဓိပ္ပါယ် အပြင် ဘာမှ မရှိဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဂဏန်းတွေက ကံကြမ္မာကို လွှမ်းမိုးတယ် ဆိုတာဟာ အယူမှား ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောထားတာပါ။ အဲလိုပါပဲ ဗေဒင်နဲ့ ပါတ်သက်ပြီးလဲ ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ မှန်ရင် မယုံရပါဘူး။ မြတ်စွာဘုရားက ဗေဒင်ဆိုတာဟာ ယုတ်ညံ့တဲ့ အသက်မွေး မှု အဖြစ်ဟောကြားထားတာရှိပါတယ်။

သာသနာနဲ့ပါသက်ပြီး ကောင်းတဲ့ သတင်းကတော့ တိပိဋက ခေါ်တဲ့ ပိဋကတ်သုံးပုံ App ထွက်တဲ့ ကိစ္စပါ။ အဲဒီ အက်ပ် ထဲက အဋ္ဌကထာ တွေကို ဖါယ်လိုက်ရင် သာသနာဟာ တရားအားထုတ်ဖို့အတွက် ပြည့်စုံစွာ ရနေမှာပါ။ ရဟန္တာများရေးတဲ့ စာတွေကတော့ သာသနာတော်မှာ စီစစ်ပြီး ရှိနေရမှာ ဖြစ်ပါတယ်။ ဥပမာ မိုးကုတ်ဆရာတော် ကြီးတရားများ စတာတွေကတော့ သာသနာအတွင်းမှာ သယ်ဆောင်သွားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ သာသနာအတွက် တကယ် စေတနာရှိတယ် ဆိုရင် လုပ်စရာက တခုတည်းပါ။ ကိုယ်တိုင် အရိယာ ဖြစ်အောင်လုပ်၊ ကိုယ့် ပါတ်ဝန်းကျင်မှာလဲ အရိယာ များများ ရှိအောင် လုပ်ဖို့ပါပဲ။ အဲလို လုပ်တဲ့အခါ ငွေကြေး တော့ ကုန်ကျ နိုင်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်တာက အားလုံးအတွက် အကောင်းဆုံး နည်းလမ်းမို့ ငွေကြေး တတ်နိုင်သူများ အနေနဲ့ စာပေ နဲ့ ပါတ်သက်ပြီး သုံးနေရင် ဝိပဿနာ တရားတော်များ ပြန့်ပွားရေးကလဲ လုပ်ကို လုပ်သင့်တဲ့ ကိစ္စပါ။

ကျနော့်အနေနဲ့ ဗုဒ္ဓသာသနာပေါ် ထားရှိတဲ့ မျှော်လင့်ချက် နဲ့ အမြင်ကို ရေးလိုခြင်း ဖြစ်ပါတယ်။ နောက်ထပ် အပိုင်းများကိုလဲ ဆက်ပြီး ရေးပါဦးမယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *