ကျနော့်ကို ဘာသာမဲ့ကနေ တရားအကျိုး ရရှိသွားသူ တဦးလို့ သဘောထားရင် ပိုကောင်းပါတယ်။ ပိုလဲ မှန်ပါတယ်။ ကျနော်က မိရိုးဖလာ ဗုဒ္ဓဘာသာကို စွန့်ထားသူပါ။ စွန့်ခဲ့သူပါ။
ကျနော်ဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မိဘ ဘိုး ဘွားတွေက မွေးလာတာပါ။ ငယ်ငယ်ကတည်းက စာ အစုံဖတ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသူ တယောက်အကြောင်း၊ ကမ္ဘာအတွေးအခေါ် ပညာရှင်ကြီးများ. စတဲ့ စာအုပ်တွေ အပါအဝင် စာအုပ် အတော်များများ ဖတ်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၇ နှစ် မတိုင်ခင်ထိကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ ပါပဲ။ ဒါပေမယ့် တခါတလေမှာ အတင်းတွေ ယုံခိုင်းတာတွေနဲ့ ပါတ်သက်ပြီး သိပ်တော့ အဆင်မပြေလှပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာက အကျင့်တရား ရှိတယ် ဆိုပြီး ကိုယ်တိုင် သိအောင် အားထုတ်လို့ရတယ် ဆိုပြီး ဗုဒ္ဓဘာသာကို အထင်မသေးခဲ့ပါဘူး။
ရိပ်သာ အတော်များများလဲ ငယ်စဉ်က ဝင်ခဲ့ဖူးပါတယ်။ မိုးကုတ်၊ မဟာစည်၊ ချမ်းမြေ့၊ ဦးဂိုအင်ကာ၊ စွန်းလွန်း စတာတွေ ကို မိဘများနဲ့ တခါတရံ တဦးတည်း ဝင်ခဲ့ဖူးပါတယ်။ အသက် ၂၇ လောက်မှာ အိမ်ပေါ်က ဆင်းပြီး နိုင်ငံခြား သွားဖို့ အတွက်ကို ပြင်ဆင်နေခဲ့ပါတယ်။ အဲဒီမှာ ကျနော် မသွားခင် ရိပ်သာ ဝင်မယ် ဆိုပြီး မဟာစည် ရိပ်သာကို ဝင်ခဲ့ပါတယ်။ ကိုရင်ဝတ် သို့မဟုတ် ရဟန်းဝတ်နဲ့ ဖြစ်ပါတယ်။ အဲဒီမှာ မဟာစည်ဆရာတော်ရဲ့ စာအုပ် အပါးလေးနဲ့ တရားအားထုတ်တာကို ဆရာမရှိပဲ လုပ်ခဲ့ရပါတယ်။
အဲဒီမှာ ထိုင်နေရင်းနဲ့ ရုပ်နာမ် အကြောင်းကို သေသေချာချာ စဉ်းစားမိပြီး၊ ကိလေသာ ထူလွန်းလို့ ငါ ဆိုတာ မရှိရင် ကြိုးစားထားခဲ့သမျှ ကုန်ပါပြီဆိုပြီး ဝမ်းနည်းပက်လက် ဖြစ်ပြီး သတိမေ့သွားတဲ့အထိ ငိုခဲ့မိဖူးပါတယ်။ ပြန်တွေးလိုက်တိုက် သေသေချာချာ မှတ်မိနေပါသေးတယ်။ အဲဒီ အချိန်မှာ ဒိဋ္ဌိ ဝိသုဒ္ဓိ ခဏ ဖြစ်သွားတာပါ။ အဲဒီ ဒါဏ်ကို မခံနိုင်တာပါ။ ကိလေသာ ထူလွန်းလို့ပါ။
အဲလို ရုပ်နာမ် ခွဲခြားသိတဲ့ ဉာဏ်ရသည့်တိုင်အောင် ဗုဒ္ဓဘာသာနဲ့ ပါတ်သက်တဲ့ ကိစ္စတွေဟာ အတော်လေးကို သဘာဝမကျတာတွေလဲ ပါသလို ကိုးကွယ်ပုံတွေကလဲ အဆင်မပြေပါဘူး။ ဒီလိုနဲ့ သိပ္ပံပညာ ကို သေသေချာချာ လေ့လာကြည့်လာတော ကိလေသာက ပြန်နှိပ်စက်ပြီး ရုပ်နာမ် ခွဲတာ အပြင်ကို ထပ်မတက်ခဲ့ပါဘူး။ ကိုယ့်ဟာ ကိုယ်လဲ ရုပ်နာမ် ခွဲသိသော ဉာဏ်အဖြစ်သာ မှန်းဆနိုင်ပြီး သေချာ မသိပါဘူး။ ဒီလိုနဲ့ပဲ အယူဝါဒ တွေထဲမှာ ဖရီး သင်ကာ ဆိုတာကို သဘောကျပြီး အဲဒီအတိုင်း ခံယူခဲ့ပါတယ်။ ဘာသာမဲ့ သွားတယ် ဆိုပါစို့။
ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ လေးစားမှု ရှိပါတယ်။ အဲဒီအချိန်မှာ ဓမ္မစကြာ နဲ့ ပါတ်သက်ပြီး မိုးပြာက ရေးထားတဲ့ စာမှာ လှည့်ပါတ်ပြီး ရေးသားထားတာတွေကို ဖေါ်ထုတ်ဖြစ်ခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာတော့ မဟုတ်ဘူးလို့ပဲ ကိုယ့်ဟာကိုယ် လက်ခံထားတာပါ။ အဲဒီအချိန် ကျနော့် ရည်ရွယ်ချက်က စံ ပုံစံ တစ်ခုကို ရှာချင် ခဲ့မိတာပါ။
အဲလို နဲ့ နောက်တခေါက် တရားနဲ့ ပါတ်သက်ပြီး အားထုတ်ချိန် ရောက်တဲ့အခါမှာလဲ ဆရာအားကိုးလို့ မရပဲ ကိုယ့်ဟာကိုယ်ပဲ စာတွေဖတ် မိုးကုတ်ဆရာတော်ကြီး တရားနာပြီး လုပ်ခဲ့ရပြန်တာပါ။ အဲလို နောက်တစ်ခေါက် လုပ်တဲ့အခါမှာ ကျနော့်အနေနဲ့ ကိုယ် သိတာ မသိတာ ကို သေသေချာချာ ခွဲခြမ်းပြီး စိတ်အချရဆုံး လမ်းကြောင်း ဖြစ်အောင် အထူးအလေးအနက်ထားပြီး လမ်းကြောင်းကို စီစစ်ပြီး တရားအားထုတ်ခဲ့ပါတယ်။
တရားအားထုတ်တဲ့ နည်းလမ်းတိုင်းကိုလဲ ပြန်လေ့လာပြီး စာရေးဖို့ ဖြစ်ကောင်း ဖြစ်လာဦးမှာပါ။ ပြောချင်တာက တချို့တွေက တရားအားထုတ်တာ ဆယ်နှစ်ကျော်ပြီ စသဖြင့် ဆိုရင်တော့ တခုခု လွဲနေပြီလို့ သဘောပိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျနော် ဒီလောက် ဉာဏ်နည်းပြီး ကိလေသာ ထူတဲ့ လူတောင် တကယ် အလုပ်လုပ်မယ် ဆိုရင် ၆ နှစ်ကျော်လောက်ပဲ ကြာပါတယ်။ မြတ်စွာဘုရားကလဲ ဉာဏ်နည်းရင် ခုနှစ်နှစ်လို့ အများဆုံး ဟောထား ပြီးသားပါ။
အဲလို အချိန်ကြာနေတယ် ဆိုရင် ကိုယ်မသိတာတွေ အယူမှားတာတွေနဲ့ လမ်းသွားနေလို့ပါလို့ ပဲ ပြောချင်မိပါ တယ်။ အဓိကတော့ ကျနော့် ရပ်တည်ချက်လေး နည်းနည်း သဘောပေါက်အောင်ပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply