ကျနော့်ဘဝရဲ့ ဇာတ်လမ်းကို ပြန်ပြောပြရမယ်ဆိုရင် ကလေးဘဝ သူငယ်တန်း မတိုင်ခင် အရွယ်ကတည်းက စတင်ခဲ့တဲ့ စာဖတ်ခြင်း ဝါသနာကနေ အစပြုရပါလိမ့်မယ်။ ကျနော်ဟာ စာအုပ်တွေကြားမှာ ကြီးပြင်းခဲ့သူပါ။ ကိုးတန်းအရွယ်အထိ စာပေါင်းစုံ ဖတ်ရှုခြင်းဟာ ကျနော့်ရဲ့ အကြီးမားဆုံး ဝါသနာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ်၊ ဆယ်တန်းနှစ်ကို ရောက်တဲ့အခါမှာတော့ ကျနော့်ဘဝရဲ့ ပထမဆုံး အလှည့်အပြောင်းကြီး တစ်ခုကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီအချိန်က ကျနော့်အဖေဟာ နိုင်ငံခြား သွားပြီး သင်္ဘောပေါ်မှာ အလုပ်လုပ်နေရတဲ့ အချိန်ဖြစ်လို့ အိမ်မှာ ကျနော်ဟာ လုံးဝကို လွတ်လပ်နေခဲ့ပါတယ်။ ဒီလွတ်လပ်မှုကပဲ ကျနော့်ကို အပျော်အပါးလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့ပါတယ်။ ဆယ်တန်းတစ်နှစ်လုံး စာမလုပ်ဖြစ်တော့ဘဲ ကျောင်းမှာ သင်တာတွေလည်း ဝါးတားတားသာ ဖြစ်နေခဲ့ပါတယ်။ အိမ်ကနေ ကျူရှင်လခတွေ ပေါင်းစုံတောင်းပြီး ဘယ်ကျူရှင်မှ မတက်ဘဲ အဲဒီပိုက်ဆံတွေကို သူငယ်ချင်းတွေနဲ့ ထိုင်ဖြုန်းခဲ့ပါတယ်။ ဆေးခြောက်၊ အရက်၊ မိန်းမ၊ ရည်းစား ဆိုတဲ့ လောကီအာရုံ အပျော်အပါးတွေကို ဆယ်တန်းအရွယ်မှာပဲ အကုန်အစုံ သိခဲ့၊ နစ်မွန်းခဲ့ပါတယ်။ အဆိုးဆုံး မှတ်မှတ်ရရ အဖြစ်အပျက်ကတော့ အဖေ နိုင်ငံခြားကနေ ပြန်လာလို့ လေဆိပ်မှာ သွားကြိုတဲ့နေ့ပါပဲ။ အဲဒီနေ့ မနက်အစောကြီးမှာ ကျနော်က ဆေးခြောက်တွေ အလွန်အကျွံ သောက်ထားပြီး မူးယစ်နေခဲ့ပါတယ်။ အမေက ကျနော့်ကို အမူးပြေအောင် နားထဲကို သံပုရာသီး ညှစ်ထည့်ပေးရတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

ဒါပေမယ့် အဖေပြန်ရောက်လာတဲ့ အချိန်မှာတော့ အဖေ့ကို အလွန်အမင်း ကြောက်ရွံ့တဲ့စိတ်ရယ်၊ ဆယ်တန်းကို နောက်တစ်ခေါက် ထပ်မတက်ချင်တော့ဘူးဆိုတဲ့ စိတ်ရယ် ပေါင်းစပ်သွားခဲ့ပါတယ်။ ၁၉၉၆ မတ်လမှာ စာမေးပွဲဖြေရမှာ ဖြစ်ပြီး ဇန်နဝါရီရောက်တဲ့အထိ ဘာသာရပ်တွေမှာ ဘာတွေပါမှန်းတောင် ရေရေရာရာ မသိခဲ့ပါဘူး။ အဲဒီလို လုံးဝ အခြေအနေမဲ့နေတဲ့ ဘဝကနေ စာမေးပွဲ မဖြစ်မနေ အောင်ရမယ်ဆိုပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတည်းကိုပဲ အချိန်ယူပြီး အသည်းအသန် ကြိုးစားခဲ့ပါတယ်။ အဖေက ကျနော် အလေလိုက်ခဲ့တာကို သိသင့်သလောက် သိပေမယ့် သူ့ရှေ့မှာ တကယ့်ကို အသေအလဲ စာလုပ်နေတာကို မြင်တဲ့အတွက် ဘာမှ မပြောသာခဲ့ပါဘူး။ မူးလဲကျတဲ့အထိ စာကို ဖိလုပ်လိုက်တဲ့အခါ မတ်လစာမေးပွဲမှာ အမှတ်ပေါင်း ၂၇၃ မှတ် (အင်္ဂလိပ်စာ အမှတ်အများဆုံး) နဲ့ အောင်မြင်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ် ကတော့ဂုဏ်ထူးတောင် ပါနိုင်တယ်လို့ ထင်ခဲ့မိတဲ့အထိပါပဲ။ ဒါပေမယ့် တနှစ်ထဲနဲ့အောင်တာကို ကိုယ့်အကြောင်းကိုယ်သိသူပီပီ အလွန်ပျော်ခဲ့ပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့ အဖေ့သူငယ်ချင်း တစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ Informatic Computer Center မှာ ကွန်ပျူတာ ဒီပလိုမာ (NCC) စတက်ခဲ့ပါတယ်။ အဲဒီအချိန်က ကျနော့်အတွက် Pentium 100 ကွန်ပျူတာတစ်လုံး ဝယ်ပေးခဲ့ပါတယ်။ အဲဒီမှာပဲ DOS နဲ့ Pascal ပရိုဂရမ်မင်းကို စတင်ထိတွေ့ခဲ့ရပြီး “ငါဟာ ကွန်ပျူတာ ပရိုဂရမ်မာလုပ်ဖို့ မွေးဖွားလာတာပဲ” လို့ ခံစားရလောက်အောင် ရူးသွပ်သွားခဲ့ပါတယ်။ ပထမဆုံး လက်ချာမှာတင် ပရိုဂရမ်ရေးတာကို သဘောပေါက်သွားပြီး Pascal နဲ့ ပရောဂျက်တစ်ခု လုပ်ခဲ့ပါတယ်။ သူများတွေ DOS mode နဲ့ ရေးနေချိန်မှာ ကျနော်က Graphic mode နဲ့ ရေးပြီး Programming ဘာသာရပ်မှာ ‘A’ အဆင့် ရခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကျက်စာတွေ အကုန်ကျခဲ့ပါတယ်။ အဲဒီတော့မှ ပရိုဂရမ်မင်းကို ခဏ ဘေးဖယ်ထားပြီး ကျတဲ့ဘာသာတွေ အောင်အောင် ကျက်စာတွေကိုချည်း သီးသန့် အာရုံစိုက် ကျက်မှတ်ခဲ့လို့ ဒီပလိုမာကို ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆယ်တန်းတုန်းက သူငယ်ချင်းတွေနဲ့ ပြန်ပေါင်းမိပြီး အရင်လိုပဲ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ပြန်ပါတယ်။ ရည်းစားဟောင်းနဲ့လည်း ပြန်အဆက်အသွယ်ရပြီး “သူသာလျှင် ကိုယ့်ဘဝ” ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း UFL မှာ ညနေပိုင်း အင်္ဂလိပ်စာ သွားတက်ရင်း အဲဒီက သူငယ်ချင်းတွေရဲ့ အကြံပေးချက်နဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ဖွင့်တဲ့ IT ဒီပလိုမာကို သွားတက်ခဲ့ပါတယ်။ အဓိကကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝကို ခံစားချင်လို့ပါ။ အဲဒီကနေ ကွန်ပျူတာတက္ကသိုလ် ညနေပိုင်း ဒီပလိုမာကို ပေါင်းကူးတက်ခွင့်ရှိတယ်၊ ဝင်ခွင့်အတွက် IQ Test ဖြေရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကျူရှင်တွေကလည်း သင်တန်းစတာ ကြာပြီဖြစ်လို့ သီးသန့်သင်ပေးမယ့်သူ မရှိပါဘူး။ ဒါပေမယ့် ကျနော် လုံးဝ အလျှော့မပေးခဲ့ပါဘူး။ IQ Test အမေးအဖြေ စာအုပ်တွေကို ကိုယ်တိုင်ဝယ်ပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ့်ဘာသာကိုယ် ထိုင်ဖြေခဲ့ပါတယ်။ အိပ်ငိုက်မှာစိုးလို့ မျက်နှာသုတ်ပုဝါကို ရေစွပ်၊ ခေါင်းပေါ်တင်ပြီး အသေအလဲ ဖြေခဲ့တာပါ။ ရလဒ်အနေနဲ့ နောက်ဆုံးမှ ဝင်ဖြေပေမယ့် အဲဒီကျောင်းမှာ နားလည်မှု အဆင့် အမြင့်ဆုံး (၃) ယောက်စာရင်းမှာ ပါဝင်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် ဒီပလိုမာ တက်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် တက်ခွင့်သာ ရတာ၊ ကျောင်းကိုသွားရတဲ့လမ်းက ဓာတ်တိုင် သုံးတိုင်စာလောက် လမ်းလျှောက်ရတာကို ပျင်းတာကတစ်ကြောင်း၊ စာတွေက အခါခါ သင်ပြီးသားတွေ ဖြစ်နေတာက တစ်ကြောင်းကြောင့် နာမည်သာရှိပြီး ကျောင်းမသွားဖြစ်ခဲ့ပါဘူး။ အချိန်တွေ အားလုံးနီးပါးကို ချစ်သူနဲ့ပဲ ကုန်ဆုံးစေခဲ့ပါတယ်။ အဲဒီရလဒ်ကတော့ စာမေးပွဲကျခြင်းပါပဲ။ Practical တွေ ဘာမှ မလုပ်ထားတော့ ဆရာတွေက အအောင်ပေးချင်ရင်တောင် ပေးလို့မရတဲ့ အခြေအနေပါ။ ဒီကိစ္စကြောင့် အဖေနဲ့ ပြဿနာတက်ပြီး အိမ်ပေါ်က ဆင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်က ပရောဂျက်သုံးခုလောက်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ဦးဆောင်ခဲ့ပြီး အဆင့် ၃ ရခဲ့သလို၊ တခြားအဖွဲ့တွေအတွက်ပါ အခကြေးငွေယူပြီး ပရောဂျက်တွေ ရေးပေးခဲ့ပါတယ်။ အဲဒီကာလမှာပဲ ပထမအိမ်ထောင်နဲ့ စတွေ့ခဲ့ပြီး ကျောင်းချိန်မှန်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူရဲ့ ဖေးမကူညီမှုကြောင့် ဒဂုံတက္ကသိုလ်ကနေ B.Sc (Engg) IT ဘွဲ့ကို ဂုဏ်ထူးတွေနဲ့ ရရှိခဲ့ပါတယ်။

အိမ်ပေါ်ကဆင်းပြီး အစ်ကိုဝမ်းကွဲအိမ်မှာ ကပ်နေရင်း နိုင်ငံခြားသွား အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဖေပေးတဲ့ ငွေနဲ့ အဆင်ပြေခဲ့ပြီး စင်ကာပူမသွားခင် MCSD (Microsoft Solution Developer) လက်မှတ်ရဖို့ စာတွေကို နားလည်အောင် မလုပ်ဘဲ မေးခွန်းဟောင်းတွေကို အလွတ်ကျက်တဲ့ နည်းနဲ့ အောင်မြင်အောင် လုပ်ခဲ့ပါတယ်။ အင်္ဂလိပ်စာအတွက်တော့ English Video တွေကို Subtitle နဲ့ အမြဲကြည့်ပြီး အပြန်အလှန် ပြောဆိုနိုင်စွမ်းကို တည်ဆောက်ခဲ့ပါတယ်။ စင်ကာပူရောက်တဲ့အခါ ပထမဆုံး အလုပ်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အလုပ်ရှင်လိုချင်တာကို လက်တွေ့ လုပ်ပြနိုင်ခဲ့လို့ လစာ စင်ကာပူဒေါ်လာ ၁၈၀၀ နဲ့ အလုပ်စရခဲ့ပါတယ်။

ပထမဆုံး ကုမ္ပဏီ ဒေဝါလီခံသွားရချိန်မှာ တခြားအလုပ် ချက်ချင်းမရှာဘဲ ရုန်းကန်ခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ ပရိုဂရမ်မင်းကို စနစ်တကျ လုပ်တဲ့ Alpine ကုမ္ပဏီကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ သူတို့စစ်ဆေးခိုင်းတဲ့ ပရိုဂရမ်အတွက် အမှားစစ်ဆေးမှု စနစ်သစ်ကို အကြံပြုနိုင်ခဲ့လို့ First Impression အလွန်ကောင်းခဲ့ပါတယ်။ စီနီယာတွေဆီကနေ စနစ်တည်ဆောက်ပုံ အဆင့်ဆင့်ကို စနစ်တကျ သင်ယူခွင့်ရခဲ့ပြီး အလုပ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်တဲ့အခါ ငါဟာ Senior Programmer အဆင့်အထိတော့ မဖြစ်နိုင်လောက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း သိမြင်လာခဲ့ပါတယ်။ အဲဒီမှာ Pfizer, Roche တို့လို ကုမ္ပဏီကြီးတွေနဲ့ တစ်ပတ်ကို ၃/၄ ရက်လောက် တွဲလုပ်ခဲ့ရပါတယ်။ အဲဒီမှာ လစာ ၂၅၀၀ ရခဲ့ပါတယ်။ ၂ နှစ်လောက် အလုပ်လုပ်ပြီး ထွက်တဲ့အခါ UOB ဘဏ်မှာ SharePoint ကျွမ်းကျင်သူအဖြစ် အလုပ်ရခဲ့ပါတယ်။ လစာ ၃၂၀၀ နဲ့ပါ။ စင်ကာပူမှာ နေထိုင်ခဲ့တဲ့ တစ်လျှောက်လုံးမှာ ကျနော်ဟာ Freethinker တစ်ယောက်အနေနဲ့ နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်က ယဉ်ကျေးမှု၊ အတွေးအခေါ်၊ သမိုင်းနဲ့ သိပ္ပံပညာရပ်တွေကို YouTube ကနေ အမြဲလေ့လာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေ အားလုံးကိုလည်း အနုပညာနဲ့ ယဉ်ကျေးမှုတွေကို ခံစားနားလည်နိုင်ဖို့ စဉ်ဆက်မပြတ် ကြည့်ရှုလေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာချိန်မှာတော့ စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့ပါတယ်။ ယောက္ခမတွေဆီက ငွေချေးပြီး “Orgnima” ဆိုတဲ့ Web Development ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ အသေအလဲ လေ့လာခဲ့ပြီး ပြိုင်ဘက်တွေ လုံးဝ ယှဉ်လို့မရနိုင်တဲ့ အရည်အသွေးမြင့် ဝဘ်ဆိုက်တွေကို ရေးဆွဲခဲ့ပါတယ်။ ၂ နှစ်အတွင်း ဝဘ်ဆိုက်ပေါင်း ၁၄၀ ကျော် လုပ်ခဲ့ရပါတယ်။ Facebook ကနေ Content တွေရေးပြီး ဈေးကွက်ထိုးဖောက်တဲ့ Inbound Marketing ကို မြန်မာနိုင်ငံမှာ အစောဆုံး အသုံးပြုခဲ့သူတွေထဲမှာ ကျနော် ပါဝင်ခဲ့ပြီး လုပ်ငန်းလည်း အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး အမှားတစ်ခုကတော့ ဈေးနှုန်း (Pricing) ကို မှန်မှန်ကန်ကန် မသတ်မှတ်နိုင်ခဲ့တာပါပဲ။ အလုပ်တွေသာ အရမ်းများနေပြီး ငွေကြေးအရ တောက်လျှောက် အရှုံးပေါ်နေခဲ့ပါတယ်။

ဒီအမှားကို မျက်ကွယ်ပြုပြီး အရောင်းဘယ်လို ပိုမြှင့်မလဲဆိုတာကိုသာ စဉ်းစားရင်း ငွေကြေးဆုံးရှုံးမှုကပေးတဲ့ စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ မယ်ရီဂွားနားကို စသုံးခဲ့ပါတယ်။ မယ်ရီဂွားနားကြောင့် အလုပ်မလုပ်နိုင်ဖြစ်လာတာကို ဖြေရှင်းဖို့ ယာဘကိုပါ ထပ်သုံးခဲ့ပါတယ်။ ဒီလို မူးယစ်ဆေးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အင်တာနက်ကနေ Research တွေကို တစ်နှစ်ကျော်ကြာ လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Hallucinations (အာရုံချောက်ချားမှု) တွေ ဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာ အတက်အကျမြန်တဲ့ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ စိတ်တွေက အတက်ချည်းပဲ တောက်လျှောက် ဖြစ်နေခဲ့တာပါ။ ဆေးသုံးတာကို ရပ်လိုက်တဲ့ အချိန်မှာတော့ ခန္ဓာကိုယ်က လုံးဝ လှုပ်လို့မရတော့ဘဲ အိပ်ရာထဲမှာ အရာရာကို နောင်တရနေတဲ့ အောက်ခြေဆုံး အခြေအနေကို ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့် ကျနော်ဟာ အရှုံးပေးဖို့ လုံးဝ ငြင်းဆန်ခဲ့ပါတယ်။ “လူအလုပ်မလုပ်နိုင်ရင် စိတ်အလုပ်လုပ်နိုင်သေးတယ်” ဆိုတဲ့ ခံယူချက်နဲ့ ကုတင်ပေါ်ကနေ အရာရာကို ထိုင်တွေးရင်း တရားအားထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရိယာဖြစ်ဖို့ ကျိန်းသေတယ်လို့ ယုံကြည်ရတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားကိုသာ နာယူပြီး၊ ကိုယ်တသက်လုံး လေ့လာခဲ့တဲ့ အတွေးအခေါ်၊ သိပ္ပံပညာတွေနဲ့ ပေါင်းစပ် မေးခွန်းထုတ်ရင်း “ဖြစ်ပျက်ရှုတဲ့အလုပ်” ကို အပြင်းအထန် စတင်ခဲ့ပါတယ်။ ၄ နှစ်ကျော်ကြာ ဖြစ်ပျက်ကိုချည်း ရှုပြီးတဲ့အခါမှာတော့ ဖြစ်ပျက်ကို မုန်းတဲ့ “နိဗ္ဗိန္ဒဉာဏ်” အထိ ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးရဲ့ ဟောစဉ်အတိုင်း ဆက်သွားလို့ မရတော့ဘူးလို့ ကိုယ်တိုင် ဆုံးဖြတ်ပြီး တရားနာတာကို ရပ်လိုက်ပါတယ်။ ပြီးတော့ “အနတ္တ” သဘောကို ကိုယ့်ဘာသာကိုယ် နားလည်အောင် အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ “အနတ္တ ဆိုတာဟာ ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး ဆိုတဲ့ အဆိုးမြင်ဝါဒ မဟုတ်ဘဲ” အကြောင်းအကျိုး ဆက်စပ်ဖြစ်ပေါ်နေတဲ့ သဘောတရားအဖြစ် နက်နက်ရှိုင်းရှိုင်း သိမြင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ ကလျာဏမိတ္တတစ်ဦးရဲ့ “ရှုဉာဏ်ကို ပြန်ရှုရတယ်” ဆိုတဲ့ စကားတစ်ခွန်းက ကျနော့်အတွက် အလင်းပွင့်သွားစေခဲ့ပါတယ်။ ပရမတ္ထအနတ္တကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး သင်္ခါရုပေက္ခာဉာဏ်ကို ဆိုက်ရောက်ကာ ပထမမဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ခဲ့ပါတယ်။

ဒီလို လက်တွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ပိုင်းခြားသိမြင်မှုတွေကနေတဆင့် ကျနော့်ရဲ့ နောက်ဆုံးနှင့် အကြီးမားဆုံးသော ရည်မှန်းချက် ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကျနော့်ရဲ့ စာပေရေးသားမှုနဲ့ တရားတော်တွေကို စနစ်တကျ သရုပ်ခွဲ တင်ပြမှုတွေကတစ်ဆင့် “လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး” ပါပဲ။ ဒီရည်မှန်းချက်ဟာ သာမန်မဟုတ်ပါဘူး။ အနောက်နိုင်ငံက ဘာသာမဲ့ ဖရီးသင့်ကာတွေ၊ သိပ္ပံပညာရှင်တွေကစလို့ တကမ္ဘာလုံးကို တရားတော်များ ပြန့်ပွားဖို့၊ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် အရိယာတွေ ဖြစ်လာပြီး ကမ္ဘာမြေကြီး ငြိမ်းချမ်းသွားဖို့အထိ မျှော်မှန်းထားတာပါ။

ဒီလို ကြီးမားတဲ့ Master Plan ကြီးကို အကောင်အထည်ဖော်ဖို့ ၃ နှစ်တိတိ အချိန်ယူ စဉ်းစားခဲ့ပါတယ်။ (ဒီလို အလွန်နက်နဲကျယ်ပြန့်တဲ့ တွေးခေါ်မှုတွေအတွက် လိုအပ်လို့ မယ်ရီဂွားနားကိုပါ ပြန်လည် အသုံးပြုပြီး အစအဆုံး အသေးစိတ် စီမံကိန်းချခဲ့ပါတယ်)။ တကမ္ဘာလုံးက ကိုးကွယ်လာဖို့ဆိုရင် ရဟန်းတွေ ပုထုဇဉ်ဘဝနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပထမဆုံး အခြေခံအကျဆုံး လုပ်ရမယ့် အလုပ်က မြန်မာနိုင်ငံက ရဟန်းလေးသိန်းစလုံးကို ဂန္ထဓုရကနေ ဝိပဿနာဓုရဆီ အားလုံးကူးပြောင်းလာစေဖို့ ဖြစ်ပါတယ်။ ရဟန်းဦးဆောင် အဖွဲ့တွေရဲ့ ဝိပဿနာအပေါ် အလေးထားတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်သလို၊ ရဟန်းတွေ တရားအားထုတ်ဖို့အတွက် လုံလောက်တဲ့ လမ်းညွှန်ချက်ပါတဲ့ စာအုပ်လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်ကိုယ်တိုင် ဝိပဿနာအားထုတ်နည်း အပြည့်အစုံပါတဲ့ စာအုပ်ကို ရေးသားပြီးစီးခဲ့ပြီး ပုံနှိပ်ထုတ်ဝေဖို့လည်း ပြင်ဆင်နေပါပြီ။

အခုအချိန်မှာတော့ ကျနော်ဟာ ရဟန်း၊ ဥပါသကာ၊ ဥပါသိကာများ မဂ်ဖိုလ်ရစေဖို့ ရည်ရွယ်ပြီး စာတွေကို အင်တိုက်အားတိုက် ရေးသားနေပါတယ်။ ကျနော့်ရဲ့ စရိုက်၊ ကျနော့်ရဲ့ ဝါသနာနဲ့ ထပ်တူကျတဲ့ ဒီအလုပ်၊ ဒီရည်မှန်းချက်ကြီးကိုပဲ နောက်ထပ် နှစ်နှစ်ဆယ်လောက်အတွင်း အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ ဒါကတော့ ကျနော့်ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ရည်မှန်းချက်တွေကို ပုံဖော်ထားတဲ့ ကျနော့်ဘဝရဲ့ ဇာတ်ကြောင်း အပြည့်အစုံပဲ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *