ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကိုးကွယ်မှု အခြေအနေကို ပြန်လည် လေ့လာကြည့်တဲ့အခါမှာ လက်ရှိ လူ့အဖွဲ့အစည်းအတွင်း ပုထုဇဉ် ရဟန်းတွေကို “သံဃာ” အဖြစ် အကြွင်းမဲ့ ကိုးကွယ်နေကြတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးမှာ ပါဝင်တဲ့ သံဃာရတနာရဲ့ ဂုဏ်ကျေးဇူးတွေကို နားလည်ထားကြတဲ့အတွက် “ကိုးကွယ်ပုန်းအောင်း လဲလျှောင်းဆည်းကပ်ရာ” ဆိုတဲ့ ခံယူချက်နဲ့ သံဃာလို့ သတ်မှတ်ထားသူတွေရဲ့ အဆုံးအမကို အပြည့်အဝ လိုက်နာမယ်ဆိုပြီး ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော်တို့က လောဂျစ်ကျကျနဲ့ တပါးသော အယူရှိတဲ့ (သို့မဟုတ် ဘာသာမဲ့) လူသားပဓာနဝါဒ (Secular Humanist) ရှုထောင့်ကနေ လေ့လာကြည့်မယ်ဆိုရင် စဉ်းစားစရာတစ်ခု ရှိလာပါတယ်။ ငယ်စဉ်ကတည်းက သံဃာသည်သာ အရာရာဆိုပြီး ကိုးကွယ်ရာ တူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ပြဿနာတွေ အကြီးအကျယ် ဖြစ်လာပြီဆိုရင်၊ အဲဒီ ပြဿနာတွေအတွက် ဘာသာတရားရဲ့ အဆုံးအမတွေကို ဟောကြားနေသူ၊ ကိုးကွယ်လဲလျှောင်းရာအဖြစ် တည်ရှိနေသူ (လက်ရှိ သံဃာရတနာလို့ လက်ခံထားကြတဲ့ ရဟန်း/ဘုန်းကြီးများ) မှာ အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက် တာဝန်ရှိနေပါတယ်။
ဒီအချက်ကို ပိုပြီး ရှင်းလင်းသွားအောင် “ပုထုဇဉ်” ဆိုတဲ့ သဘောတရားကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ပုထုဇဉ်တွေရဲ့ သဘာဝနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း တိတိကျကျ ဟောကြားထားခဲ့ပါတယ်။
(၁) အထူးထူး အပြားပြား များကုန်သော ကိလေသာတို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်မည်၏။
(၂) မပယ်အပ်သေးသော သက္ကာယဒိဋ္ဌိ များစွာရှိသောကြောင့် ပုထုဇဉ် မည်၏။
(၃) များစွာသောဆရာတို့၏ မျက်နှာကို မော်ကြည့်တတ်၊ ဖူးမျှော်တတ်သောကြောင့် ပုထုဇဉ်မည်၏။
(၄) များစွာသော အလုံးစုံသော ဂတိတို့မှ မထသောကြောင့် ပုထုဇဉ် မည်၏။
(၅) အမျိုးမျိုးသော အဘိသင်္ခါရတရား (ပြုစီမံတတ်သောတရား) တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုထုဇဉ် မည်၏။
(၆) အမျိုးမျိုးသော ဩဃတို့သည် မျှောအပ်သောကြောင့် ပုထုဇဉ်မည်၏။
(၇) အမျိုးမျိုးသော ပူပန်စေတတ်သော တရားတို့ဖြင့် ပူပန်ကုန်သောကြောင့် ပုထုဇဉ် မည်၏။
(၈) များစွာသော အထူးထူးသော လောင်ကျွမ်းစေတတ်သော တရားတို့သည် လောင်ကျွမ်းအပ်သောကြောင့် ပုထုဇဉ် မည်၏။
(၉) များစွာသော ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ကုန်သောကြောင့် ပုထုဇဉ် မည်၏။ (ငွေကိုင်ခြင်း)
(၁၀) များစွာသော နီဝရဏငါးပါးတို့သည် ပိတ်ဆို့အပ်သောကြောင့် ပုထုဇဉ် မည်၏။
(၁၁) များစွာသော ယုတ်ညံ့သောတရားကို ကျင့်သူတို့၌ အတွင်းဝင်သောကြောင့် ပုထုဇဉ်မည်၏။
(၁၂) အရိယာတို့မှ အသီးအခြားဖြစ်သောကြောင့် ပုထုဇဉ် မည်၏။
အကယ်၍များ မြတ်စွာဘုရားက အထက်ပါလို အပြစ်တွေ၊ ကိလေသာတွေ ပြည့်နှက်နေတဲ့ ပုထုဇဉ်ကို ကိုးကွယ်ဖို့ ညွှန်ပြခဲ့တယ်ဆိုရင်တော့ ယနေ့ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးဟာ မြတ်စွာဘုရားမှာ တာဝန်ရှိသွားပါပြီ။
ဒါပေမယ့် အမှန်တကယ် ကိုးကွယ်ခံနေရတဲ့ ရဟန်းတွေမှာ အပြစ်ရှိသလားလို့ လေ့လာကြည့်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကိုးကွယ်ခံချင်လွန်းလို့ လုပ်နေကြတာ မဟုတ်ဘဲ၊ သူတို့ရဲ့ ဆရာသမား အစဉ်အဆက်က “မင်းတို့ဟာ အကိုးကွယ်ခံထိုက်သူတွေ ဖြစ်တယ်” လို့ သင်ကြားပေးခဲ့တာကြောင့် အကိုးကွယ်ခံနေကြခြင်းသာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် သူတို့မှာချည်း အပြစ်ပုံချလို့လည်း မရနိုင်ပါဘူး။
ဥပမာပေးရရင် ရောဂါသည်တစ်ယောက်ဟာ ဆရာဝန်အစစ်ကို ရှာဖွေကုသရမယ့်အစား၊ အဖြူဝတ်ရုံ ဝတ်ထားသူတိုင်းကို ဆရာဝန်ထင်ပြီး ဆေးကုသခိုင်းမိတဲ့အခါ ရောဂါမပျောက်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေပါ ခံစားရသလိုပါပဲ။ ဒါဟာ အဖြူဝတ်ရုံ ဝတ်ထားသူရဲ့ အပြစ်ချည်း မဟုတ်ဘဲ၊ ဆရာဝန်အစစ် ဟုတ်မဟုတ် မခွဲခြားတတ်တဲ့ လူနာရဲ့ အားနည်းချက်လည်း ပါဝင်နေပါတယ်။
လူသားပဓာနဝါဒကို စွဲကိုင်လာသူ တစ်ယောက်အနေနဲ့ သောတာပန်ဆိုတဲ့ အခြေအနေကို ရောက်ရှိနားလည်သွားတဲ့အခါ မြတ်စွာဘုရားမှာ တာဝန်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက ပုထုဇဉ်ရဟန်းတွေကို သံဃာ (ကိုးကွယ်ရာ) အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့လို့ပါပဲ။ မြတ်စွာဘုရား သတ်မှတ်တဲ့ “သံဃာရတနာ” ဆိုတာ ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတဲ့ သောတာပန် အရိယာရဟန်းမှစလို့ ရဟန္တာအထိ ပုဂ္ဂိုလ်များကိုသာ တိတိကျကျ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒီတော့ ပြဿနာရဲ့ အရင်းအမြစ်ဟာ “Lost in translation” လို့ ခေါ်တဲ့ တဆင့်စကား တဆင့်ကြား၊ အဓိပ္ပာယ် ကောက်လွဲမှုတွေကြောင့်သာ ဖြစ်ပါတယ်။ မြတ်စွာဘုရားက “အရိယာရဟန်း” တွေကိုသာ ကိုးကွယ်ခံထိုက်တယ်လို့ ရည်ညွှန်းပြီး အကျိုးကျေးဇူးတွေကို ဟောခဲ့ပေမယ့်၊ လူတွေက ပုထုဇဉ်ရဟန်းနဲ့ အရိယာရဟန်းကို မခွဲခြားနိုင်ဘဲ ပုထုဇဉ်ရဟန်းတွေကိုပါ ရတနာတစ်ပါးအဖြစ် ရမ်းသမ်းကိုးကွယ်ခဲ့ကြပါတယ်။ ရဟန်းတွေကလည်း ပုထုဇဉ်တွေဖြစ်တဲ့အတွက် မရှောင်လွှဲနိုင်တဲ့ ပုထုဇဉ်သဘာဝတွေနဲ့ပဲ ဆုံးမကြ၊ လူတွေကလည်း ဘုရားဟောပဲဆိုပြီး ဘုရားမျက်နှာနဲ့ အဲဒီ ပုထုဇဉ်အဆုံးအမတွေကို နာခံကြရင်း အားလုံး ဒုက္ခရောက်ကုန်ကြတာပါ။
ဒီဖြစ်စဉ်မှာ အပြစ်နှစ်ခု ရှိနေပါတယ်။
၁။ လူတွေဘက်က ပုထုဇဉ်ရဟန်းနဲ့ အရိယာရဟန်းကို အခြေခံအားဖြင့် ဘယ်လိုခွဲခြားရမယ်ဆိုတဲ့ ဗဟုသုတ မရှိခြင်း။
၂။ ရဟန်းတွေဘက်ကလည်း မကိုးကွယ်အပ်တဲ့ ပုထုဇဉ်ရဟန်းနဲ့ ကိုးကွယ်ရာအစစ်ဖြစ်တဲ့ အရိယာရဟန်း ဘယ်လိုကွဲပြားတယ်ဆိုတဲ့ ဗဟုသုတကို လူတွေကို မဟောပြခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအပြစ်နှစ်ခုကြားမှာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေချည်းသာ ရှိတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာပေါင်းစုံတက်ပြီး၊ တိုင်းပြည်ဟာ သူတော်ကောင်းတရား ထွန်းကားရာ (ပတိရူပဒေသဝါသောစ) မဖြစ်တော့တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။
ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ (၄၀-၅၀ တန်း) သားသမီးတွေ လက်ထက်မှာ ကိုးကွယ်ရာ မှားယွင်းမှုကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပိုဆိုးရွားလာနိုင်ပြီး၊ သူတို့ရဲ့ သားသမီး (ကျနော်တို့ မြေးတွေ) လက်ထက်မှာတော့ အခြေအနေ တော်တော်လေးကို ဆိုးရွားသွားမယ်လို့ မှန်းဆနိုင်ပါတယ်။
လက်ရှိ ကျနော်တို့ မျိုးဆက်မှာ ချက်ချင်းကြီး အလုံးစုံ ကောင်းမွန်သွားအောင် ပြောင်းလဲဖို့ မလွယ်ကူပေမယ့်၊ ကိုးကွယ်အပ်တဲ့ အရိယာရဟန်းနဲ့ မကိုးကွယ်အပ်တဲ့ ပုထုဇဉ်ရဟန်း ခွဲခြားနည်းကို သေချာသိရှိပြီး လက်ဆင့်ကမ်း ကျင့်သုံးသွားမယ်ဆိုရင်တော့ မျှော်လင့်ချက် ရှိပါတယ်။
ကျနော်တို့ သားသမီးတွေ လက်ထက်မှာ သံဃာရတနာအစစ်ကို ရွေးချယ်ကိုးကွယ်ခွင့် ရလာတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ သူတို့ကတဆင့် သူတို့ရဲ့ သားသမီးတွေကို သံဃာအစစ်ရဲ့ အဆုံးအမတွေနဲ့ ထပ်မံ ပဲ့ပြင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အနာဂတ်မျိုးဆက်တွေဟာ ပိုမို တောက်ပလာမှာ သေချာပါတယ်။
ဒါကြောင့် သံဃာအစစ်အမှန် (ကိုးကွယ်အပ်တဲ့ သံဃာ) ဟုတ်မဟုတ်ကို အခြေခံ စစ်ဆေးနိုင်တဲ့ ဗဟုသုတဟာ အလွန်ကို အရေးကြီးလှပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သတ်မှတ်ချက်က ရှင်းပါတယ်။ “ငါ၏ တပည့်သား သံဃာ (သံဃာရတနာ) သည် အသက်ဟူသော အကြောင်းကြောင့် ဝိနည်းကို မဖောက်ဖျက်” ဆိုတာပါပဲ။
အဲဒီတော့ ကိုးကွယ်ရာ သံဃာ ဟုတ်မဟုတ်ဆိုတာကို အနည်းဆုံး ဝိနည်းကို အပြည့်အစုံ လိုက်နာသလား (ပိုက်ဆံ အလှူမခံခြင်းမှ စ၍) ဆိုတာနဲ့ စတင် အကဲဖြတ်ရမှာပါ။
• ဝိနည်းကို တိတိကျကျ လိုက်နာတဲ့ ရဟန်းဟာ ပုထုဇဉ်လည်း ဖြစ်နိုင်သလို၊ အရိယာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရဟန်းမျိုးကို ရွေးချယ်ကိုးကွယ်ရင် အရိယာရဟန်း (သံဃာရတနာ) ကို ကိုးကွယ်မိဖို့ အခွင့်အလမ်း ရှိပါတယ်။
• ဒါပေမယ့် ဝိနည်းကို ဖောက်ဖျက်တဲ့ (ပိုက်ဆံကိုင်ခြင်းမှ စ၍) ရဟန်းကို ကိုးကွယ်မယ်ဆိုရင်တော့ သံဃာရတနာကို လုံးဝ ကိုးကွယ်မိမှာ မဟုတ်ဘဲ၊ ပုထုဇဉ်ကို ကိုးကွယ်မိမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျိန်းသေပါတယ်။
ဒီလို ပြောတဲ့အတွက် ဝိနည်းမလိုက်နာတဲ့ ပုထုဇဉ်ရဟန်းတွေကို အပြစ်တင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့မှာ အကြီးမားဆုံးသော ပြဿနာရှိနေသလို၊ အကောင်းဆုံးသော အကျိုးအမြတ်ကြီး ရစရာ နည်းလမ်းလည်း ရှိနေပါတယ်။
အဲဒီနည်းလမ်းကတော့ ဝိနည်းမလိုက်နာတဲ့ ရဟန်းတွေကို မကိုးကွယ်ပေမယ့်လို့ အပြစ်လည်း မပြောဘဲ၊ သူတို့တွေ အရိယာဖြစ်လာအောင် တရားအားထုတ်ဖြစ်ကြဖို့ ရှိခိုးဦးတင် တောင်းပန်ခြင်း ပါပဲ။ မြန်မာပြည်မှာ ရဟန်းသံဃာ အရေအတွက် လေးသိန်းဝန်းကျင်လောက် ရှိနေပြီး၊ ဝိနည်းကို အပြည့်အဝ လိုက်နာတဲ့ အရေအတွက်ဟာ တစ်သောင်း ဝန်းကျင်လောက်သာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဒါကြောင့် ဥပါသကာ၊ ဥပါသိကာတွေ အနေနဲ့ လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းက ရှင်းပါတယ်။
၁။ ဝိနည်းအပြည့်အဝ လိုက်နာသော ရဟန်းများ (အခြေခံအားဖြင့် ငွေကိုင်/မကိုင်ကို ကြည့်ပါ) ကိုသာ အရိယာရဟန်း ဖြစ်နိုင်ခြေရှိသူအဖြစ်သဘောထားပြီး ပုထုဇဉ်စရိုက်တွေရှိမရှိ စစ်ဆေးပြီး ပုထုဇဉ်စရိုက်မရှိသော ဝိနည်းအပြည့်အဝလိုက်နာသည့် ရဟန်းများကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ။
၂။ ဝိနည်းမလိုက်နာသော အရိယာရဟန်းမဟုတ်ကြောင်း သေချာသည့် ပုထုဇဉ်ရဟန်းများ ကိုတော့ အခြားသော (စာသင်ခြင်း၊ လူမှုရေးကိစ္စများ၊ ပရဟိတလုပ်ငန်းများ) ကိစ္စရပ်များကို ဘေးဖယ်ထားပြီး သံဃာရတနာအစစ် ဖြစ်လာအောင်၊ မဂ်ဖိုလ်ရတဲ့အထိ တရားအားထုတ်တဲ့ အလုပ်ကိုသာ စတင်လုပ်ဆောင်ကြဖို့ ရှိခိုးဦးတင် တောင်းပန်ကြဖို့ ဖြစ်ပါတယ်။
ဒီလိုမှသာ ပုထုဇဉ်ရဟန်းတွေလည်း တရားအားထုတ်ဖြစ်ပြီး အရိယာအဖြစ်ကို ရောက်ရှိသွားတဲ့အခါ မြတ်စွာဘုရား ဟောကြားတဲ့ တပည့်သားသံဃာ စာရင်းထဲ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် သူတို့ကိုယ်တိုင် ဝိနည်းကို ဖောက်ဖျက်ချင်စိတ် လုံးဝရှိတော့မှာ မဟုတ်ဘဲ ဝိနည်းလုံခြုံတဲ့ သံဃာအစစ်တွေ ဖြစ်လာကြမှာပါ။
ဒီချဉ်းကပ်မှု နည်းလမ်းဟာ ကျနော်တို့ လက်ရှိ မျိုးဆက်အတွက်ရော၊ အနာဂတ် နောက်မျိုးဆက်သစ်တွေ အတွက်ပါ အေးအေးချမ်းချမ်းနဲ့ အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ယူဆပါတယ်။


Leave a Reply