အရှင်ဘုရားတို့ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ဖို့ ကိုရင်ဝတ်စဉ်ကတည်းက တောင်းခံခဲ့တဲ့ သင်္ကန်းတောင်းကို ပြန်သတိရကြည့်ပါ။ “သံသရာ ဝဋ်ဒုက္ခက လွတ်အောင် လုပ်လို၍ အရှင်ဘုရားလက်ထဲမှ သင်္ကန်းနဲ့ တပည့်တော်ကို ရှင်သာမဏေပြုပေးပါ” ဆိုတဲ့ ကတိစကားနဲ့ သင်္ကန်းကို တောင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ ရိုးရိုးလေး ရွတ်ဆိုရတဲ့ စာသားသက်သက် မဟုတ်ဘဲ သံသရာက လွတ်မြောက်ဖို့အတွက် သေချာပေါက် အားထုတ်ပါ့မယ်ဆိုတဲ့ ကြီးမားတဲ့ ကတိကဝတ် တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့ခေတ် သာသနာ့ဘောင်မှာ အဲဒီမူလရည်ရွယ်ချက်ကို မေ့လျော့ပြီး စာပေသင်ကြားခြင်းဆိုတဲ့ ဂန္ထဓုရ အလုပ်တစ်ခုတည်းနဲ့တင် ကျေနပ်နေကြတာ အလွန်များပါတယ်။ တကယ်တော့ ဂန္ထဓုရ ဆိုတဲ့ စကားလုံးဟာ ဘုရားဟော ပါဠိတော်မှာ မပါဘဲ ဓမ္မပဒ အဋ္ဌကထာမှာသာ ၁၅ ကြိမ်တိတိ ပါဝင်နေတဲ့ စကားလုံးသာ ဖြစ်ပါတယ်။ ပါဠိတော်နဲ့ အဋ္ဌကထာ ယှဉ်လာရင် ပါဠိတော်ကိုသာ အတည်ယူရမယ် ဆိုတဲ့ မူနဲ့ စစ်ချလိုက်ရင် ဒီစကားလုံးဟာ ပါယ်ဖျက်ရမယ့် စကားလုံး ဖြစ်နေပါတယ်။ သင်္ကန်းတောင်းမှာလည်း စာသင်ဖို့အတွက် သင်္ကန်းတောင်းဆိုတာ မရှိဘဲ၊ သံသရာက လွတ်ကြောင်းကို လုပ်လို၍ ဆိုတဲ့ သင်္ကန်းတောင်း တစ်မျိုးတည်းသာ ရှိပါတယ်။

ရဟန်းဘဝမှာ နေ့စဉ် ဘုန်းပေးသုံးဆောင်နေတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဆိုတာတွေဟာ ဒကာ၊ ဒကာမတွေက မြတ်စွာဘုရားကို ယုံကြည်ပြီး မြတ်စွာဘုရားအလိုကျ သံသရာလွတ်ကြောင်း လုပ်မယ့်သူတွေအဖြစ် ယုံကြည်လှူဒါန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတွေ စားသမျှ နေသမျှဟာ မြတ်စွာဘုရားဆီက ချေးယူစားသောက်နေတာ ဖြစ်ပါတယ်။ ဒီအကြွေးဟာ သံသရာက လွတ်အောင် တရားအားထုတ်ပြီး အရိယာဘဝကို ရောက်တဲ့အခါမှသာ ကျေတာ ဖြစ်ပါတယ်။ အကယ်၍ သံသရာက လွတ်ဖို့၊ တရားအားထုတ်ဖို့ စိတ်ကူးမရှိဘဲ စာကျက်တဲ့ အလုပ်လောက်နဲ့ပဲ အပူဇော်ခံနေမယ်ဆိုရင် အကြွေးယူထားပြီး ပြန်ဆပ်ဖို့ စိတ်ကူးမရှိတဲ့ လူယုတ်မာ လို့ မြတ်စွာဘုရားက သတ်မှတ်ပါတယ်။

ဒီတော့ ကိုရင်ဘဝက ပေးခဲ့တဲ့ ကတိကဝတ်ကို တကယ် အကောင်အထည်ဖော်ဖို့ အချိန်တန်ပါပြီ။ အဲဒီအတွက် တစ်ခုတည်းသော လမ်းကတော့ ခန္ဓာဉာဏ်ရောက် ဝိပဿနာအလုပ်ကို လက်တွေ့ အားထုတ်ဖို့ပါပဲ။ အရှင်ဘုရားတို့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်တရားနဲ့ သိစိတ်ဖြစ်တဲ့ ဝိဉာဏ် တို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို မျက်ခြည်မပြတ် စောင့်ကြည့်ရပါမယ်။ ဥပမာ- ကြားစိတ်တစ်ခု ဖြစ်လာရင် အဲဒီကြားစိတ်ဟာ အသံနဲ့ နား ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး ချက်ချင်းပဲ ပြန်ပျက်သွားတာကို မြင်အောင် ကြည့်ရပါမယ်။

စိတ်ကို ကောင်းအောင် ပြင်ဖို့ ကြိုးစားနေတာမျိုး မလုပ်ဘဲ၊ စိတ်ရဲ့ သဘာဝဖြစ်တဲ့ အနိစ္စ (ဖြစ်ပြီးပျက်ခြင်း) ကိုသာ အရှိကို အရှိအတိုင်း သိနေဖို့ လိုပါတယ်။ ဒီလို အရှိတရားကို မှန်မှန်ကန်ကန် စောင့်ကြည့်ပါများလာရင် ခန္ဓာကိုယ်မှာ “ငါ” ဆိုတဲ့ ခိုင်မြဲတဲ့ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိဘဲ ရုပ်နဲ့ ဝိဉာဏ် ဖြစ်စဉ်တွေ သက်သက်သာ ရှိတယ်ဆိုတဲ့ အနတ္တ အမြင် ရှင်းလင်းလာပါလိမ့်မယ်။

အရှင်ဘုရားတို့ အနေနဲ့ သာမန် ပုထုဇဉ်ဘဝမှာပဲ ကျေနပ်မနေဘဲ၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးကို လက်ကိုင်ထားပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ရောက်သည်အထိ ကြိုးစားတော်မူကြပါ။ ဒါမှသာ ကိုရင်ဘဝက တောင်းခဲ့တဲ့ဆုကို တကယ် အကောင်အထည်ဖော်နိုင်ပြီး၊ ရတနာသုံးပါးဝင် သံဃာရတနာစစ်စစ် အရိယာများ အဖြစ် သာသနာတော်ကို အမှန်တကယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *