ဘဝဇာတ်လမ်းများနှင့် အပိုဒုက္ခ

လူတွေဟာ ကာမတဏှာ၊ ဘဝတဏှာတွေကြောင့် “ဘဝဇာတ်လမ်း” ဆိုတာတွေကို အလွန် စိတ်ဝင်စားတတ်ကြပါတယ်။ တကယ်တမ်း ဉာဏ်နဲ့ကြည့်ရင် ဘဝဇာတ်လမ်းဆိုတာ တကယ်မရှိပါဘူး။ ရုပ်နဲ့ နာမ် အပြန်အလှန် (အညမည) ဖြစ်ပျက်နေတဲ့ အစဉ်တန်းကြီး သက်သက်သာ ရှိပါတယ်။ ဒီရုပ်နာမ် ဖြစ်ပျက်မှုမှာ “ငါ၊ သူ” ဆိုတာ မရှိတဲ့အတွက်၊ “ငါ့ဘဝ၊ သူ့ဘဝ” ဆိုတာမျိုး မဟုတ်ဘဲ၊ သူ့သဘောသူဆောင်ပြီး ဗရမ်းပတာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် အားလုံးမှာ တညီတညွတ်တည်း တွေဝေမှု ‘မောဟ’ တွေ ဖုံးလွှမ်းနေကြတော့ “သူက ဘယ်လိုလူ၊ ငါက ဘယ်လိုလူ” စသဖြင့် ဘဝဇာတ်ကြောင်း ဆိုတာတွေကို လက်ခံထားကြပါတယ်။ ပကတိ အရှိတရားကတော့ ပုဂ္ဂိုလ်သတ္တဝါ လုံးဝမရှိတဲ့ “သုညတ” သက်သက်ပါ။ ဒီ သုညတ အမြင်ကို မရောက်သေးသရွေ့တော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေနဲ့ သံသရာ လည်ပတ်နေကြဦးမှာပါပဲ။

“ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်၊ ငါ သူတစ်ပါး ရှိတယ်” ဆိုတဲ့ အစွဲအယူကြီး ရှိနေသရွေ့တော့၊ ပြီးခဲ့တာတွေအပေါ် ပူပန်မယ်၊ မဖြစ်လာသေးတာတွေအပေါ် စိုးရိမ်မယ် စသဖြင့် အပိုဒုက္ခတွေ ခံစားကြရမှာပါ။ ရုပ်နာမ် ဖြစ်ပျက်နေတာကြီး ကိုယ်တိုင်က ဒုက္ခ ဖြစ်နေပြီးသားကို၊ ရှေ့တွေး နောက်တွေးနဲ့ တွေးတောနေမိတာတွေဟာ အပိုဒုက္ခတွေပါပဲ။

မှားယွင်းသော ဖြေရှင်းနည်းများနှင့် ပညတ်အမှန်တရား

ဒီလိုမျိုး တွေးတောပူပန်မှု (ဝိတက်) တွေနဲ့ ကျနော် လုံးလည်ချာလည် လိုက်ခဲ့တာ သုံးနှစ်လောက် ကြာပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာပေါ့။ ဒီလို အပြစ်တင်ရခြင်းရဲ့ အဓိက တရားခံကတော့ “ငါ လုပ်ခဲ့တာ၊ ငါ ဆုံးဖြတ်ချက် မှားခဲ့တာ၊ ဒီလိုမဆုံးဖြတ်ဘဲ ဟိုလိုလုပ်ခဲ့ရင် ကောင်းသား” ဆိုတဲ့ စိတ်တွေကြောင့်ပါ။ ဒါကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် အမှန်တရားကို အမှန်အတိုင်း သိဖို့ လိုပါတယ်။ ဒါမှလွဲလို့ တခြား မှန်ကန်တဲ့ ဖြေရှင်းနည်း မရှိပါဘူး။

မှားယွင်းတဲ့ ဖြေရှင်းနည်း ဆိုတာကတော့ ကိလေသာတစ်ခုကို နောက်ကိလေသာတစ်ခုနဲ့ အစားထိုးလိုက်တာမျိုးပါ။

ဥပမာ – ရည်းစား ပြတ်သွားတဲ့အခါ နောက်ရည်းစားသစ် ရှာလိုက်တာမျိုးပါ။ ပထမလူနဲ့ ဖြစ်တဲ့ စိတ်ခံစားမှုတွေ ပြေလည်သွားမယ် ထင်ရပေမယ့်၊ ဒါဟာ အစားထိုးလိုက်ရုံ သက်သက်ပါပဲ။

ပထမ အပြုအမူအမှားတွေ လုပ်မိလို့၊ အဲဒါနဲ့ ဆန့်ကျင်ဘက် အပြုအမူတွေ ပြောင်းလဲလိုက်မယ် (သို့မဟုတ်) ပတ်ဝန်းကျင်ကို ပြောင်းလိုက်မယ်။ အဲဒီအခါ ပတ်ဝန်းကျင်နဲ့ အဆင်ပြေကောင်း ပြေသွားနိုင်ပါတယ်။

ဒါပေမယ့် ဒါတွေဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကပညတ် သတ်မှတ်ချက် အမှန်တရားတွေဟာ တကယ့် ပကတိ အမှန်တရား မဟုတ်ဘဲ၊ အဆင်ပြေသလို စွဲယူ သတ်မှတ်ထားကြတဲ့ အမှန်တရားတွေ သက်သက် ဖြစ်နေလို့ပါ။ တကယ့် အမှန်တရား မဟုတ်တဲ့အတွက်၊ ကိုယ့်ရဲ့ စိတ်ဓာတ်ကျမှုနဲ့ အပြစ်တင်စိတ်တွေကနေ တကယ့် လွတ်မြောက်မှုကို မပေးစွမ်းနိုင်ပါဘူး။

တကယ့် လွတ်မြောက်မှုနှင့် ခန္ဓာငါးပါး (နာမရူပ)

တကယ့် လွတ်မြောက်မှုကို လိုချင်ရင် တကယ့် အမှန်တရားကို သိရပါမယ်။ တကယ့် အမှန်တရား ဆိုတာကတော့- “ကိုယ်ဆိုတာ မရှိဘဲ ဒုက္ခအမှန်၊ လိုချင်မှုအမှန်၊ လွတ်ရာလမ်းကြောင်းအမှန်၊ လွတ်မြောက်ခြင်းအမှန်” ဆိုတာပါပဲ။ ဒါကို သစ္စာထိုက်အောင် မှန်တဲ့ အမှန်တရား လေးခု (သစ္စာလေးပါး) လို့ ခေါ်ပါတယ်။

ဒီသစ္စာလေးပါးကို မပြောခင် “ငါ၊ သူ မရှိဘူး” ဆိုတာကို အရင် သိရပါမယ်။ လူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ လို့ ထင်နေတာဟာ သတ်မှတ်ချက် ပညတ်ကို အမှန်ထင်နေတာ ဖြစ်ပြီး၊ တကယ်ရှိတာက “ရုပ်” နဲ့ “နာမ်” သာ ရှိပါတယ်။

ရုပ် ဆိုတာ ထိပါးလို့ရတဲ့၊ မြင်ရတဲ့ အရာလို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။

နာမ် ဆိုတာကတော့ အကောင်အထည် လုံးဝမရှိတဲ့ အရာပါ။

ပိုမြင်သာအောင် ရုပ် နဲ့ စိတ် လို့ ပြောနိုင်ပါတယ်။ စိတ်လို့ အလွယ်ခေါ်ပေမယ့်၊ တကယ်တမ်းမှာ စိတ်နဲ့ ယှဉ်တွဲဖြစ်ပေါ်တဲ့ စေတသိတ် သုံးမျိုး ရှိပါသေးတယ်။ ဒါကြောင့် (၁) ရုပ်၊ (၂) သညာ စေတသိတ် (မှတ်မိမှု၊ မှတ်သားမှု)၊ (၃) စိတ် (သိမှု)၊ (၄) ဝေဒနာ စေတသိတ် (ခံစားမှု)၊ (၅) သင်္ခါရ စေတသိတ် (စေ့ဆော်မှု) ဆိုပြီး အစုအဝေး ငါးမျိုး၊ ခန္ဓာငါးပါး ဖြစ်လာပါတယ်။ အတိုချုပ်ကတော့ ရုပ်နဲ့ နာမ် ပါပဲ။

အနတ္တ (သူ့သဘောသူ ဆောင်ခြင်း)

ဒီရုပ်နဲ့ နာမ်ဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် အကျိုးပြု (အညမည) နေမှုသာ ရှိပြီး “ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ” ဆိုတာ လုံးဝ မရှိပါဘူး။ ငါ မရှိတဲ့နောက်မှာ “ငါ လုပ်တယ်” ဆိုတာလည်း မရှိတော့ပါဘူး။ အဲဒီအတွက် ဖြစ်ခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ ငါ၊ သူ ပြုလုပ်ခဲ့တာတွေ မဟုတ်ဘဲ၊ ရုပ်နာမ်တွေ အညမည ဖြစ်ခဲ့တာတွေ သက်သက်ပါ။ လက်ရှိမှာလည်း ရုပ်နာမ်တွေဟာ အညမည ဖြစ်နေကြဆဲပါ။

ဒီလို “ငါ၊ သူ လုပ်တယ်” လို့ မရှိဘဲ ရုပ်နာမ်တွေက သူ့သဘောသူဆောင် ဖြစ်ပျက်နေတာမို့၊ ကြားထဲကနေ ဝင်ပြီး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ စိုးရိမ်ပူပန်မှုဟာ အဓိပ္ပာယ် မရှိပါဘူး။

အရင် ဖြစ်ပျက်ခဲ့တဲ့ ရုပ်နာမ်ဖြစ်ပျက်မှာလည်း “ငါ” မပါ။

အခု ဖြစ်နေတဲ့ ရုပ်နာမ်ဖြစ်ပျက်မှာလည်း “ငါ” မပါ။

နောင် ဖြစ်လာမယ့် ရုပ်နာမ်ဖြစ်ပျက်မှာလည်း “ငါ” မပါပါဘူး။

ဒီ ကိုယ်မပိုင်တဲ့၊ သူ့သဘောသူ ဆောင်နေတဲ့ ရုပ်နာမ် ဖြစ်ပျက်ကြီးအပေါ်မှာ “ငါ၊ သူ” ဆိုတဲ့ အစွဲ ခိုင်မြဲနေလို့သာ စိတ်ဒုက္ခ ရောက်နေကြတာပါ။

“ငါ၊ သူ မပါဘူး” ဆိုတာ ပိုသိသာအောင် ဥပမာတစ်ခု ပြောပါမယ်။ လူတိုင်း၊ သတ္တဝါတိုင်းဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ ဘယ်သူမှလည်း မသေချင်ကြပါဘူး။ တကယ်လို့များ “ငါ၊ သူ” တကယ်ရှိနေပြီး၊ လိုချင်မှု တဏှာကသာ အစွမ်းအစ ရှိမယ်ဆိုရင် သေတဲ့သူတောင် ရှိမှာ မဟုတ်တော့ပါဘူး။ အခုတော့ သူ့သဘောသူ ဆောင်နေတာမို့၊ မအိုချင်ဘဲ အို၊ မနာချင်ဘဲ နာ၊ မသေချင်ဘဲ သေကြရတာပါ။

ဒါကို ကြည့်လိုက်ရင်ကို သူ့သဘောသူ ဆောင်နေတယ်ဆိုတာ အလွန် ရှင်းလင်းပါတယ်။ ဒီအပေါ်မှာ ကြားကနေ ဝင်ပြီး တာဝန်ယူနေစရာ မရှိပါဘူး။ ဒီ မပိုင်ဆိုင်တဲ့ ရုပ်နာမ် ဖြစ်ပျက်တွေကို- “ငါ၊ သူ မဟုတ်ဘူး။ မပိုင်ဘူး။ သူ့သဘောသူ ဆောင်နေတယ်” လို့ သိဖို့ လိုပါတယ်။ အဲဒါကိုပဲ န အတ္တ (ငါ၊ သူ ဆိုသော အတ္တ၊ အသက်ဇီဝ မရှိခြင်း) = အနတ္တ လို့ ခေါ်ပါတယ်။ ဒါဟာ ရုပ်နာမ်ရဲ့ လက္ခဏာရေး သုံးပါးထဲက တစ်ခုပါ။

အနိစ္စ နှင့် ဒုက္ခ

ကျန်တဲ့ လက္ခဏာ နှစ်ခုကတော့ အနိစ္စ နဲ့ ဒုက္ခ ပါ။

“မနေ့ကလည်း ဒီရုပ်ပဲ၊ ဒီနေ့လည်း ဒီရုပ်ပဲ။ မနေ့ကလည်း ဒီစိတ်ပဲ၊ ဒီနေ့လည်း ဒီစိတ်ပဲ” လို့ ကျနော်တို့တွေဟာ ကြောင်တောင်ကန်းပြီး ယူဆထားကြပါတယ်။

တကယ်တော့ ရုပ်ဆိုတာကြီးက အမြဲ ဖောက်ပြန်ပျက်စီးနေတာပါ။ သူ့ကို စီမံနေတာက ကံ၊ စိတ်၊ ဥတု၊ အာဟာရ ပါ။ သူဟာ အမြဲ ပျက်နေပါတယ်။ ဆဲလ်တွေ သေနေလို့သာ ဆံပင်၊ ခြေသည်း၊ လက်သည်းတွေ ရှည်ထွက်လာတာပါ။

အဲဒီလိုပဲ စိတ်ဟာလည်း အမြဲ ဖြစ်ပြီး ပျက်နေပါတယ်။ သူ့ကို စီမံနေတာကတော့ အာရုံ နဲ့ ဒွါရ ပါ။

အာရုံ (၆) ပါး = အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစိတ်

ဒွါရ (၆) ပါး = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်

ကိုယ် ဆိုတဲ့ ဒွါရမှာ ထိခိုက်မှု ဖြစ်လိုက်တာနဲ့ ဗိုက်ဆာတယ်ဆိုတဲ့ ခံစားမှု (ဝေဒနာ) နဲ့ သိစိတ် (ဝိဉာဏ်) လေး ဖြစ်ပေါ်လာပြီး ပျက်သွားတာနဲ့ တစ်ပြိုင်နက်၊ စားစရာဆီ သွားချင်စိတ် ဖြစ်လာပါတယ်။ သွားချင်စိတ်ကနေ ခြေလှမ်းချင်စိတ် ဆက်ဖြစ်လာပြန်ပါတယ်။ ဒီအချိန်မှာလည်း ကျန်တဲ့ ဒွါရ ခြောက်ပေါက်စလုံးဟာ လာသမျှ အာရုံကို လက်ခံပြီး “ဘာလေး စားရရင် ကောင်းမယ်” စသဖြင့် ရုပ်တွေ ဖြစ်ပျက်နေသလို၊ စိတ်တွေလည်း အဆက်မပြတ် ဖြစ်ပျက်နေတာပါပဲ။ ဒါဟာ အနိစ္စ ဆိုတဲ့ လက္ခဏာပါ။

ဒီလို “ငါ၊ သူ” မရှိဘဲ အမြဲတမ်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကြီးဟာ တကယ်တော့ ဘာမှ အသုံးချစရာ မရှိ၊ စက်ဆုပ်စရာကောင်းတဲ့ နှိပ်စက်မှုကြီး သက်သက် ဖြစ်တဲ့အတွက် ဒုက္ခ ပါပဲ။ အဲဒါကတော့ ဒုက္ခဆိုတဲ့ လက္ခဏာပါ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးသာလျှင် ရှိတဲ့ ခန္ဓာငါးပါး ရုပ်နာမ်ကြီးမှာ “ငါ၊ သူ” လို့ ခေါ်စရာ ဘာမှ မရှိပါဘူး။ အနောက်တိုင်းက လူတွေ ယူဆထားကြသလို Soul ဆိုတာမျိုးလည်း မရှိပါဘူး။ ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် ဒီလက္ခဏာရေး သုံးပါးကိုသာ မြင်တွေ့နိုင်ပါတယ်။

“ငါ” ဆိုတာ မရှိတဲ့အတွက် “ငါ လုပ်တာ” ဆိုတာလည်း မရှိဘဲ၊ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်ခဲ့တာတွေအပေါ် ယခုမှ လာပြီး ပူပန်နေခြင်းဟာ အဓိပ္ပာယ် မရှိပါဘူး။ အဲဒီလိုပဲ “သူ” ဆိုတာလည်း မရှိတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူဘယ်ဝါ ဆိုတာတွေလည်း မရှိတဲ့အတွက်၊ ဒါတွေနဲ့ ပတ်သက်ပြီး ပူပန်နေခြင်းဟာလည်း အဓိပ္ပာယ် မရှိလှပါဘူး။

သစ္စာလေးပါး နှင့် လွတ်မြောက်ခြင်း

ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေ အကုန် ခွာချလိုက်ရင်၊ သူ့သဘောသူ ဆောင်နေတဲ့ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာကြီးကို သွားတွေ့ရမှာပါ။ စက်ကြီးတစ်ခုလို လည်ပတ်နေတဲ့ ဒီရုပ်နာမ်ကြီးဟာ အမြဲမပြတ် ဒုက္ခရောက်နေခြင်း အမှန် = ဒုက္ခသစ္စာ ပါ။

ဒီလို မပြတ်လည်ပတ်နေရတဲ့ အကြောင်းရင်းကတော့- “ငါ၊ သူ” ဆိုတဲ့ အထင်ကနေ အစပြုလာတဲ့ လိုချင်မှုတွေ ဖြစ်တဲ့-

၁။ ကာမဂုဏ် အာရုံတွေအပေါ် လိုချင်မှု (ကာမတဏှာ)

၂။ ဘဝအပေါ် တွယ်တာမှု (ဘဝတဏှာ)

၃။ ဘဝ မဖြစ်တော့ရင် ကောင်းမှာပဲလို့ လွတ်လမ်းကို မသိဘဲ ဘဝပြတ်စဲမှု (ဘာမှမဖြစ်တော့တာ) ကို လိုချင်မှု (ဝိဘဝတဏှာ) တို့ပါပဲ။

အဲဒါကတော့ လိုချင်မှု အမှန် = သမုဒယသစ္စာ (တဏှာ) ပါ။

ဒီကနေ လွတ်မြောက်မယ့် လမ်းကတော့ အထက်မှာ ပြောခဲ့တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ အမှန်တရားတွေကို ကိုယ်ပိုင်ဉာဏ်နဲ့-

အမှန် ထိုးထွင်းသိမြင်ခြင်း၊

အမှန် ကြံစည်ခြင်း၊

အမှန် သိမြင်ရန် ကြိုးစားအားထုတ်ခြင်း၊

အမှန် သတိရှိခြင်း နဲ့

အမှန်တရားအပေါ် တည်ကြည်ခြင်း

အစရှိတဲ့ ဝိပဿနာ မဂ္ဂင်ငါးပါးပါ။ ဒီမဂ္ဂင်ငါးပါး အပါအဝင် သီလမဂ္ဂင် သုံးပါး ပေါင်းစပ်လိုက်ရင် လွတ်မြောက်ရာ လမ်းကြောင်းအမှန် = မဂ္ဂသစ္စာ ဖြစ်လာပါတယ်။

ခန္ဓာပေါ်မှာ “ငါ၊ သူ မရှိဘူး” ဆိုတာကို ကိုယ်တိုင် ထိုးထွင်း သိမြင်သွားခြင်းနဲ့၊ သို့လော သို့လော ဆိုတဲ့ တွေဝေ ယုံမှားမှုတွေ ပျောက်ကွယ်သွားရင်တော့- မအို၊ မနာ၊ မသေရာ အေးငြိမ်းရာ အမှန် = နိရောဓသစ္စာ (နိဗ္ဗာန်) ကို မျက်မှောက်ပြုရမှာပါ။

နိဂုံးချုပ်

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့၊ ဒိဋ္ဌိဆိုတဲ့ “ငါ၊ သူ” အယူမှား ကြီး ရှိနေသရွေ့တော့၊ အဲဒီ အယူမှားအပေါ် အခြေတည်ထားတဲ့ စိုးရိမ်ပူပန်မှုတွေဟာ အမြစ်ပြတ် ပျောက်ကင်းသွားဖို့ မဖြစ်နိုင်ပါဘူး။ ရေသောက်မြစ် ရှိနေသရွေ့ ဒုက္ခ အသီးအပွင့်တွေ ပြန်လည် ဝေဆာလာဦးမှာပါပဲ။

ဒါကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု အဖန်တလဲလဲ ပြန်လည် ဆင်ခြင်ခြင်းဖြင့် ဒိဋ္ဌိ ရေသောက်မြစ်ကို အပြီးတိုင် ဖြတ်တောက်လိုက်မှသာလျှင်- စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ လိုချင်မှုတွေ၊ သောက၊ ပရိဒေဝ၊ ဗျာပါဒတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု (ကုက္ကုစ္စ) တွေ အားလုံးဟာ သူ့သဘောသူဆောင်ပြီး အကြွင်းမဲ့ ပျောက်ကွယ်သွားမှာ ဖြစ်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *