ဒီလိုပါ။ ကျနော် ပထမ မဂ် ကျတဲ့အခါကျတော့ အတ္တဆိုတာကို နားကိုမလည်ဘူးဆိုတာမျိုးဖြစ်သွားခဲ့တာ။ ကိုယ့်စိတ်ကို ရှုနေကြဆိုတော့ အရင် အတ္တဖြစ်တဲ့ နေရာမှာ အလွတ်ကြီးဖြစ်သွားတာ။ မဂ် ကျတဲ့ ပုံကတော့ ကျနော်လဲ ဆောင်းပါးတပုဒ်နဲ့ ပြန်ပြောပြီးသားပါပဲ။ ဒါပေမယ့် အကြောင်းသင့်လို့ နည်းနည်းပြောရင်တော့ သင်္ခါရုပေက္ခာဉာဏ်ကနေပြီး အတ္တလုံးဝစင်သွားတဲ့အခါ အနတ္တ နဲ့ အနိစ္စ မို့ ဒုက္ခပဲ ဘာမှ တွယ်တာစရာမရှိဘူးဆိုတာကို လုံးဝ စင်ကြယ်စွာ မြင်သွားပြီး သမုဒယသစ္စာ တဏှာ သေသွားတာပေါ့။ အဲဒီမှာ ဒုက္ခသစ္စာ ရပ်ပြီး နိဗ္ဗာန်မြင်၊ ပြီးတဲ့နောက် ဖိုလ်မှာ နိဗ္ဗာန်ကို ခံစားပေါ့။ ပြီးတော့ ကိလေသာကို ပြန်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာမှာ ခုနက ပြောသလို အတ္တဖြစ်နေကျနေရာမှာ အတ္တက မဖြစ်တော့တာ။ အတ္တဘာလဲ ဆိုတာကိုပါ နားမလည်ဘူးဖြစ်သွားတာ။ ကျန်တဲ့ ကိလေသာတွေကလဲ ကျန်သေးတယ် ဆိုတာတွေ ကိလေသာတွေကို စစ်တဲ့ကိစ္စတွေပါ ပေါ်လာတာပေါ့။

ထားပါတော့ အဲဒီနောက်ပိုင်းမှာ တရားထဲ နစ်မြုပ်နေတော့ နောက်တမဂ် တက်ချင်သလိုလို ဖြစ်လာတယ်။ အဲဒါနဲ့ ဘယ်လိုတက်မလဲ စဉ်းစားတော့ လျှောက်ခဲ့တဲ့ လမ်းအတိုင်း သင်္ခါရုပေက္ခာကနေ တက်ရမယ်ထင်တာ (အရိယာတွေကတော့ ဒီနေရာမှာ ရယ်နေလောက်ပြီ)။ သင်္ခါရုပေက္ခာက အနတ္တ အမြင်ဆုံးသွားဖို့အတွက်ပဲ အထောက်အပံ့ပေးတာလေ။ (Disclaimer – အခုထိလဲ အထက်မဂ်ကို ဘယ်လိုတက်ရမလဲ မသိသေးပါဘူး။ ဖြစ်ပျက်ရှုတာကနေ တက်ရမယ်လို့ပဲ မိုးကုတ်ဆရာတော်ကြီး ဟောစကားကြောင့် သိသေးတယ် တက်ချင်စိတ်လဲ မရှိသေးပါဘူး)။ အဲလိုနဲ့ သင်္ခါရုပေက္ခာဉာဏ် အရင့်ပိုင်းကို ကျော်ပြီး မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိက ဦးစီးနေတာကို သင်္ခါရုပေက္ခာဉာဏ် ရှုတယ် ရှုကောင်းလိုက်တာလို့ ထင်ပြီး ဆက်နေနေ မိတယ်။ အဲလိုနဲ့ အချိန်နည်းနည်း ကြာပြီးတဲ့နောက်မှာ မာယာ၊ သာဌေယျ ပြုတ်သွားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဖေ့ဘွတ်ခ်မှာ အဲဒီတုန်းက ပရိုဖိုင်တင်ထားတာက စင်္ကာပူမှာ တုန်းက ပုံ (အဲဒီအချိန်လက်ရှိပုံထက် အများကြီးကြည့်ကောင်းတာပေါ့) ဒါပေမယ့် ဖေ့ဘွတ်ခ်မှာ အဲလို လုပ်တာဟာ ကိုယ်တကယ် ကြည့်မကောင်းပဲ ကြည့်ကောင်းအောင် လုပ်ထားတာ သာဌေယျ ဆိုတာမျိုး ခံစားရပြီး အဲဒီပုံကို အဲဒီအချိန်က ကြည့်မကောင်း ရှုမကောင်း ပုံကြီးနဲ့ ကောက်ချိန်းလိုက်တယ်။ (မိတ်ဆွေတို့ အခုတွေ့နေရတဲ့ Page Profile ပုံ ဆိုပါတော့)၊ ကိုယ့်ဟာကိုယ်လဲ နောက်မဂ်အတွက် အားထုတ်နေတယ်လို့ ထင်၊ ပြီးတော့ မာယာ၊ သာဌေယျကလဲ ပြုတ်သွား၊ ဒုမဂ်မှာ အထူးပါယ်တဲ့ ကိလေသာ မရှိဘူးလို့လဲ ကြားဖူးထားတော့ မာယာ၊ သာဌေယျ ပြုတ်တာကလဲ ထင်ရှားလေတော့ ကိုယ့်ဟာကိုယ် ဒုမဂ် ရောက်သွားပြီအောက်မေ့တာ။ အဲလိုနဲ့ နောက်တမဂ်တော့ ဆက်မတက်နိုင်ဘူး။ မစွန့်နိုင်တာလေးတွေ မစွန့်နိုင်ဘူးဆိုပြီး မဂ္ဂင် ကိုယ်မှာ ကိန်းနေတာကို စာမတတ်တော့ နားမလည်ပဲ သင်္ခါရုပေက္ခာက ထတယ် ဆိုပြီး အတင်းတရားအားထုတ်တာကို ရှောင်ပြီး ကာမဂုဏ်ကို အသေအလဲ ထလုပ်တော့တာပဲ။

အဲဒီလိုဖြစ်သွားတဲ့အခိုက်မှာ ကိုယ့်ဟာကိုယ် ဒုမဂ် ထင်ပြီး ဒုမဂ် လို့တောင် ပို့စ်တင်လိုက်သေးတယ်။ ပ မဂ် တွေကိုတောင် ကိုယ့်ထက် တဆင့်နိမ့်လိုလို ဘာလိုလို ဖြစ်လိုက်သေးတယ်။ နောက်မှ ကိုယ့်အသိထဲက ဒုမဂ်ရဲ့ စကားပြောပုံ ကိလေသာ ဖြစ်တဲ့နေရာမှာ တုန့်ပြန်ပုံတွေက ကိုယ်နဲ့ လားလားမှ မဆိုင် သိမ်မွေ့လွန်းတာကို မြင်တာရော။ ကိုယ် ကာမဂုဏ် ခံစားပုံတွေကို ကိုယ်ပြန်ကြည့်တော့လဲ ဒုမဂ် ကတော့ အဲလောက် ကာမဂုဏ် အပြင်းအထန် မခံစားလောက်ပါဘူးဆိုပြီး ပ မဂ် ပါပဲလို့ ပြန်ဆုံးဖြတ်တာ။

တရားမှာကလဲ တကယ်တော့ ပ မဂ် ပဲ အရေးကြီးတာပါ။ ပ မဂ် နဲ့ဆို ခုနှစ်ဘဝ နေရသေးတယ်။ ဒု မဂ်ဆို ငါးဘဝပဲ နေရတော့တာ။ ကိုယ့်စိတ်ကိုယ် စစ်ကြည့်လိုက်တော့မှ ဘဝ နှစ်ခုလောက် နစ်နာသွားမှာကို အင်မတန်ကြောက်နေတာကို သဘောပေါက်ပြီး ကိုယ်က ခုနှစ်ဘဝ နေမယ့် သူလို့ နားလည်ပြီး အဲဒီထဲက တရားအားထုတ်တာကို မလုပ်တော့တာ အခုအထိပါပဲ။

ဒီနေရာမှာ ပုထုဇဉ်တွေကို သတိပေးချင်တာလေးတခုရှိပါတယ်။ ပုထုဇဉ် အမြင်နဲ့ အရိယာ အမြင်ဆိုတာ အပုံကြီးကွာပါတယ်။ ပုထုဇဉ်က မြန်မြန်လွတ်ချင်တယ်။ နောက်ဘဝ အပါယ်ကျမှာ စိုးလို့ ဆိုတာမျိုး နဲ့ ကျနော့်ကို လာကိုယ်ချင်းစာပြီး နောက်တမဂ် ရအောင် အားထုတ်ပါလား ဆိုတာမျိုး လာမပြောမိပါစေနဲ့ (အရိယာအတုတွေပါ အပါအဝင်ကိုပြောတာပါ)။ ဘာကြောင့်လဲ ဆိုတော့ ခုနှစ်ဘဝ နေမယ့် သောတာပန် ဖြစ်တဲ့အတွက် ကျနော်က နောက်တမဂ် တက်လိုက်ရင် ကိုယ်ကြိုက်တဲ့ ကာမဂုဏ် ခံစားရမယ့် နတ်ပြည်နှစ်ဘဝ လျော့သွားမှာမို့ လုံးဝ မလိုလားပါဘူး။ ဒါကြောင့် အထက်မဂ် တက်ဖို့ ကိစ္စမျိုး အရိယာ အစစ် (အထက်မဂ်) လာပြောရင်တောင် စိတ်က ကလန်ကဆန် နဲ့ ကလန့်တိုက်ပြီး ပြောမှာပါ။ အကောင်းပြန်ပြောမှာ မဟုတ်ပါဘူး။ ဒီတော့ ပုထုဇဉ် တို့ အရိယာအတု တို့က လာပြောတာဆိုရင်တော့ အကြီးအကျယ် စိတ်ဆိုးမှာပါ။ ဒါလေး သိထားစေချင်ပါတယ်။

အကျဉ်းချုပ်ကတော့ တချို့တွေက ကိုယ့်ဟာကိုယ် ဒုမဂ် ထင်လို့ ဒုမဂ် ရေးမိတာကို အပြစ်ကြီးလုပ်ပြောနေကြတော့ အရိယာတွေလဲ ရယ်ရအောင် ကိုယ့်အဖြစ်လေး ပြန်ပြောပြတာပါ။

ကျေးဇူးပါ။


Leave a Reply

Your email address will not be published. Required fields are marked *