ဖြစ်ပျက်ကို ရှုမှတ်တဲ့အခါမှာ အပျက်ကို မြင်အောင် ကြည့်ဖို့က အင်မတန်ပဲ အရေးကြီးပါတယ်။ တရား အားထုတ်တယ် ဆိုတာဟာ တကယ်တော့ ခန္ဓာအရှိ နဲ့ ဉာဏ်အသိ ကိုက်အောင် လုပ်တဲ့ ကိစ္စ ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ ခန္ဓာရဲ့ တကယ့် အမှန်တရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ပါ။ ဒါပေမယ့် ဉာဏ်အသိ မှာက နိစ္စ၊ သုခ၊ အတ္တ၊ သုဘ လို့ ထင်နေတာပါ။ အဲဒီလို ထင်နေတဲ့ အတွက်ကြောင့်လဲ ခန္ဓာရဲ့ အမှန် ကို မြင်အောင် ကြည့်ဖို့က အလွန်အရေးကြီးပါတယ်။ ခန္ဓာရဲ့ အမှန်က ဖြစ်ပျက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ကို ယထာဘူတဉာဏ် (ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်) လို့ ခေါ်တာ ဖြစ်ပါတယ်။

ဒီတော့ ဖြစ်ပျက်ရှုတော့မယ် ဆိုရင် အစပထမ မှာ စိတ်ကို မြဲတယ်လို့ ထင်ထားပြီး ဒီစိတ်ကပဲ အမျိုးမျိုး ပြောင်းလဲ နေတယ် ဆိုတဲ့ အမြင်ကို အရင်ဆုံး ပြုတ်အောင် လုပ်ရပါမယ်။ ဒါက ဖြစ်ပြီး ပျက်နေတယ် ဆိုတဲ့ အယူ မှန်မှုကို ဖြစ်စေပါတယ်။ အဲဒီတော့ သေချာအောင် ကျန်ခဲ့တဲ့ ၁၀ မိနစ်လောက်က စိတ်ရှိသေးလား ဆိုတာကို သတိထားပြီး ကြည့်စေချင်ပါတယ်။ အဲဒီအခါကျမှ စိတ်ဟာ ဖြစ်ပြီး ပျက်သွားတာပဲ လို့ ဆုံးဖြတ်ချက် ကျမှာ ဖြစ်ပါတယ်။ ဒါကို လေးလေးနက်နက် သဘောပေါက်ပြီ ဆိုရင်တော့ အနိစ္စ ဆိုတာနဲ့ ပါတ်သက်တဲ့ အယူ စင်ကြယ်သွားပါတယ်။ ဒီနောက်မှာတော့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို ကျန်ခဲ့တဲ့ တစက္ကန့်လောက်က စိတ် ပျက်သွားတာကို မြင်တဲ့ အထိ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစားတဲ့အခါမှာ အစပထမမှာတော့ ခက်ခဲမှာ ပါ။ သညာ နဲ့ စိတ္တ ဝိပ္ပလ္လာသ တို့ရဲ့ နှောက်ယှက်မှုကြောင့် ဖြစ်ပျက်ဆိုတာကို သိပါလျက်နဲ့ မနေ့က ငါနဲ့ ဒီနေငါ တူတူပဲ၊ ခုနက ငါနဲ့ အခုငါ တူတူပဲ ဆိုတဲ့ အထင်၊ အသိက ခိုင်မြဲနေဦးမှာပါ။

အဲဒီတော့ ဖြစ်ပျက်ကို ထပ်ခါ ထပ်ခါ သတိထားပြီး ရှုဖို့ လိုပါတယ်။ အကောင်းဆုံးနည်းကတော့ စိတ်ကလေး တစ်ခု ဖြစ်တဲ့အခါမှာ သတိလေး ထားလိုက်ပါ။ စိတ်က နှစ်ခုတပြိုင်တည်း မဖြစ်တဲ့အတွက် သတိထားတဲ့ စိတ်သာ ရှိပြီး ရှေ့မှာဖြစ်ခဲ့တဲ့ စိတ်က မရှိတော့တာကို သဘောပေါက်လာမှာပါ။ ဒီအခါမှာ ပျက်သွားတာ မှန်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချပေးရပါတယ်။ ဒါကိုပဲ အပျက်ကို မြင်အောင် ကြည့်တယ်လို့ ခေါ်ပါတယ်။ ပထမ စိတ်ကလေးရဲ့ အပျက်ကို မြင်အောင် ကြည့်တဲ့ သဘောပါ။

ဒီလို အပျက်ကို ရှုနေတာဟာ မဂ္ဂင်အကျင့်လဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် မဂ္ဂင်ငါးပါးနဲ့ ရှုတယ်လို့ ပြောနိုင်ပါတယ်။ မဂ္ဂင်ငါးပါးမှာ ဦးဆောင်မဂ္ဂင်က သုံးပါးပါ (သမ္မာဝါယမ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ)။ နောက်လိုက်မဂ္ဂင်က နှစ်ပါးပါ (သမ္မာသမာဓိ၊ သမ္မာသတိ)။ ဖြစ်တဲ့ စိတ်ကလေးကို သတိထားလိုက်တာက သမ္မာ ဝါယမ ပါ၊ ပျက်သွားတာပဲလို့ ကြံစည်တာက သမ္မာ သင်္ကပ္ပပါ၊ ပျက်သွားတယ် မှန်တယ်လို့ ဆုံးဖြတ်ချက် ချတာ ကတော့ သမ္မာဒိဋ္ဌိပါ။ သမ္မာသမာဓိ နဲ့ သမာသတိက တော့ ရှုမှတ်မှုထဲမှာ အလိုလို ပါပြီးသားပါ။ ဒီတော့ ဒီ အလုပ်ကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေဖို့ လိုပါတယ်။ ဘယ်အခြေအနေထိ လုပ်ရမလဲ ဆိုရင်တော့ ရုပ်နာမ်ဖြစ်ပျက် မှတပါး တခြား မရှိဆိုတာကို သဘောပေါက်တဲ့ထိ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ကိလေသာ ဆိုတာသည်လည်း ဖြစ်ပျက်ပဲ၊ စေ့ဆော်မှုတွေ ဖြစ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာသည်လည်း ဖြစ်ပျက်ပဲ၊ မြင်စိတ်၊ ကြားစိတ်၊ အရသာသိစိတ်၊ နံစိတ်၊ ယားနာကောင်း စိတ်၊ ကြံတွေးစိတ် ဆိုတာတွေကလဲ ဖြစ်ပျက်တွေပဲ ဆိုတာကို သဘောပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီကမှ ဖြစ်ပျက်တွေချည်း ဆက်ပြီး မြင်လာတဲ့ အခါမှာ ပီတိတို့ ပဿဒိ တို့ ဆိုတာတွေလဲ ဖြစ်လာမှာပါ။

အဲဒီကမှ တဖြည်းဖြည်းနဲ့ အဖြစ်ကို မမြင်တော့ပဲ အပျက်တွေချည်းပဲ ဆိုတာကို မြင်လာမှာ ဖြစ်ပါတယ်။ အဲလိုမြင်လာလဲ မြင်တဲ့အတိုင်းပဲ ဆက်ရှုမှတ်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖြစ်ပျက်တွေချည်းပဲမို့ ဖြစ်ပျက်ဟာ တကယ့် ဘေးကြီးပဲ ဆိုတာကို သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ဒါကတော့ ဖြစ်ပျက်ရှုတာနဲ့ ပါတ်သက်ပြီး အဓိက လိုအပ်တဲ့ အချက်တွေပါ။

ဖြစ်ပျက်ကို ကောင်းကောင်း အားထုတ် ထားတဲ့ သူဟာ စိတ်ပင်ပန်းမှုတွေ အထိုက်အလျှောက် သက်သာလာမှာ ဖြစ်ပါတယ်။ တကယ် အားကောင်းကောင်း ရှုမှတ်ထားခဲ့ရင် ဒီဘဝ အချိန်နည်းလို့ သောတာပန် မဖြစ်လိုက်ရရင်တောင် ဖြစ်ပျက်ကို ရှုမှတ်ရင်း သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ သက်သက်နဲ့ သေတဲ့ သူထက်တော့ ဘဝကူးကောင်းနိုင်ပါတယ်။

အဲဒီတော့ မိတ်ဆွေများအနေနဲ့ ဖြစ်ပျက်ရှုတာကို ကြိုးစားတော်မူကြပါ။ မရှင်းတာရှိလဲ မေးကြပါ။ မိတ်ဆွေတို့ မေးမှပဲ ကျနော့်အနေနဲ့ ပိုအကျိုးရှိစေအောင် ပြောပြပေးနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *