ပထမဆုံး သိရမှာကတော့ “သာသနာ နှစ် ၅၀၀၀” ဆိုတာဟာ ဘုရားဟော ပါဠိတော်ထဲမှာ မပါပါဘူး။
ဒီထဲမှာမှ ဘုရားလက်ထက် သာသနာသက်တမ်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာဟာ ဘိက္ခုနီ (ရဟန်းမ) များကို ဂရုဓမ္မ ဟောကြားတဲ့အချိန်မှာ ပြောထားတာ ရှိပါတယ်။ အဲဒီအချိန်မှာ သာသနာဟာ နှစ်တစ်ထောင်တည်မယ် ဆိုရင်၊ ဘိက္ခုနီသာသနာကို ခွင့်ပြုတဲ့အတွက် နှစ် ၅၀၀ ပဲ တည်မယ်။ ဒါပေမယ့် ဂရုဓမ္မကို ဟောကြားလိုက်တဲ့အတွက် သာသနာဟာ “နှစ်တစ်ထောင် တည်လိမ့်မယ်” လို့ ပြောထားတာပါ။
ဒီတော့ ဒီနေရာမှာ ‘နှစ်တစ်ထောင်’ ဆိုတာဟာ တကယ့် ကိန်းဂဏန်း (Literally) နှစ်တစ်ထောင်ကို ဆိုလိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သာသနာက နှစ်ပေါင်း ၂၅၀၀ ကျော်နေပါပြီ။ ဒါပေမယ့် တရားအားထုတ်လို့ ရနေတဲ့၊ တရားအားထုတ်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါပဲ။ အရိယာတွေလည်း ရှိနေပါတယ်။ အရိယာ ရှိနေခြင်းဟာ သာသနာ တည်တံ့နေခြင်းရဲ့ ပြယုဂ်လို့ ပြောလည်း ရပါတယ်။
အဲဒီတော့ ‘နှစ်တစ်ထောင်’ မဟုတ်ရင် ‘နှစ်ငါးထောင်’ လား ဆိုတဲ့အခါကျတော့၊ “နှစ် ၅၀၀၀” ဆိုတဲ့ အယူအဆက ဒီစကားကိုပဲ တခြားအဓိပ္ပာယ် ဖွင့်နည်းနဲ့ အဋ္ဌကထာ ဆရာတော်တွေက ဖွင့်ဆိုကြတာ ဖြစ်ပါတယ်။ အဲဒီမှာ ဘိက္ခုနီခန္ဓက ဝိနည်းအဋ္ဌကထာ၊ ဒီဃနိကာယ် အဋ္ဌကထာ နဲ့ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ဆိုပြီး သုံးမျိုးမှာ တူတာတွေ၊ မတူတာတွေနဲ့ ဖွင့်ဆိုထားပါတယ်။
၁။ ဘိက္ခုနီခန္ဓက ဝိနည်းအဋ္ဌကထာ အလိုအရ
ဒီအဋ္ဌကထာအရ နှစ်ငါးထောင် ဆိုတာကတော့ –
ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာခေတ် (၁၀၀၀)
သုက္ခဝိပဿက (ဈာန်မရသော) ရဟန္တာခေတ် (၁၀၀၀)
အနာဂါမ်ခေတ် (၁၀၀၀)
သကဒါဂါမ်ခေတ် (၁၀၀၀)
သောတာပန်ခေတ် (၁၀၀၀) လို့ သတ်မှတ်ထားပါတယ်။
သုံးသပ်ချက် – ဒါနဲ့ပတ်သက်လို့ သဘာဝမကျတာကတော့ အခုခေတ်ဆိုရင် အနာဂါမ်ခေတ် (၁၀၀၀) လို့ ပြောလို့ရပေမယ့်၊ အခုအချိန်မှာ ရဟန္တာတွေလည်း ပေါ်ထွန်းနေတာပါပဲ။ နောက်ပြီး တရားရဲ့သဘောအရ သောတာပန်တွေပဲ ဖြစ်တော့မယ် ဆိုတာမျိုး မဟုတ်ပါဘူး။ သောတာပန် ဖြစ်သွားရင် အထက်မဂ်တွေကို နားလည်အောင် ရှင်းပြစရာတောင် မလိုပါဘူး။ ကိုယ့်ဟာကိုယ် လုပ်တတ်သွားတာပါပဲ။ ဒါကြောင့် ဒီအဋ္ဌကထာက ခွဲခြားနည်းကတော့ မှားနေတယ်လို့ပဲ ပြောရမှာပါပဲ။
၂။ ဒီဃနိကာယ် အဋ္ဌကထာ အလိုအရ
ဒီအဋ္ဌကထာကတော့ အောက်ပါအတိုင်း ခွဲခြားပြထားပါတယ်။
ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် (၁၀၀၀)
အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဋ္ဌဘိညရဟန္တာခေတ် (၁၀၀၀)
တေဝိဇ္ဇ ရဟန္တာခေတ် (၁၀၀၀)
သုက္ခဝိပဿက ရဟန္တာခေတ် (၁၀၀၀)
ပါတိမောက်ခေါ် အရိယာမရှိ ၂၂၇ သီလသိက္ခာပုဒ် ဆောက်တည်သော ပုထုဇဉ်ခေတ် (၁၀၀၀)
သုံးသပ်ချက် – ဒါကလည်း မှန်ကန်တယ်လို့တော့ ကျနော့်အနေနဲ့ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုခေတ် (တေဝိဇ္ဇရဟန္တာခေတ်) မှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ရှိတယ်လို့ ထင်မိနေလို့ပါ။ နောက်ပြီး သာသနာဟာ မြတ်စွာဘုရားက အတိအကျ မသတ်မှတ်ခဲ့တာကြောင့် ကြာချင်သလောက် ကြာကြာ ရှိနေအောင်၊ အတတ်နိုင်ဆုံး သန့်စင်မှု အရှိဆုံးဖြစ်အောင်၊ တရားအားထုတ်လို့ သံသရာက လွတ်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိအောင် ကြိုးစားချင်တာမို့ ဒါကိုလည်း လက်မခံချင်ပါဘူး။
၃။ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအရ
ဒီအဋ္ဌကထာကတော့ အောက်ပါအတိုင်း ခွဲပြပါသေးတယ်။
ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် (၁၀၀၀)
အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ဆဋ္ဌဘိညရဟန္တာခေတ် (၁၀၀၀)
တေဝိဇ္ဇ ရဟန္တာခေတ် (၁၀၀၀)
သုက္ခဝိပဿက ရဟန္တာခေတ် (၁၀၀၀)
အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန် ခေတ် (၁၀၀၀)
သုံးသပ်ချက် – ဒီနေရာမှာလည်း ကျနော့်အမြင်အရတော့ နှစ် ၅၀၀၀ ထက်ပိုပြီး တည်တံ့အောင် ကြိုးစားကောင်းတယ်လို့ ယူဆပြီး ဒီအယူကိုလည်း သဘောမကျမိပါဘူး။
ယုဂ (၅) ပါး သံသရာလည်ခြင်း အယူအဆ
ဒီနောက်တစ်ခုကတော့ “ဝိမုတ္တိယုဂ နှစ် ၅၀၀၊ သမာဓိယုဂ နှစ် ၅၀၀၊ သီလယုဂ နှစ် ၅၀၀၊ သုတယုဂ နှစ် ၅၀၀၊ ဒါနယုဂ နှစ် ၅၀၀” ဆိုပြီး ခေတ်ငါးခေတ် ခွဲပြီး အခုအချိန်ဟာ ဝိမုတ္တိယုဂခေတ် တစ်ကြော့ ပြန်လာတဲ့အချိန်လို့ ပြောကြတဲ့စကားနဲ့ ပတ်သက်ပြီး ပြောစရာ နည်းနည်းရှိပါတယ်။
အဲဒါကတော့ ဒီလိုခွဲခြားတာကလည်း သဘာဝမကျဘူး ဖြစ်နေလို့ပါပဲ။ မဟာစည်ဆရာတော်ကြီးကလည်း ဒီလိုခွဲတာကို သဘောမတူပါဘူး။ “ဒါနယုဂ ခေတ် ဖြစ်သွားရင် ဝိမုတ္တိယုဂ ခေတ်ကို ပြန်လာနိုင်တယ် ဆိုတာဟာ သဘာဝမကျဘူး” ဆိုပြီး ဆုံးဖြတ်ပေးထားခဲ့ပါသေးတယ်။
နိဂုံးချုပ်
ဒီတော့ သာသနာကို နှစ်ပေါင်း ဘယ်လောက် ကြာမယ်လို့ ပြောတာမဟုတ်ဘဲ၊ သာသနာသည် နှစ်ပေါင်း နောက်ထပ် ထောင်ပေါင်းများစွာ ကြာအောင်လည်း ရည်ရွယ်ချက်ထားပြီး ကြိုးစားနိုင်ပါတယ်။ အဲလိုပဲ မကြိုးစားရင်တော့ သာသနာဟာ သိပ်မကြာခင်မှာ အသွင်သာသနာကို ကူးပြီး ကွယ်သွားမှာပါ။ ဘုရားဗျာဒိတ်ပေးပြီးသားလို့ ယုံကြည်ပြီး အပျင်းကြီးနေတာက ရဟန်းတော်များအတွက် လုံးဝ မသင့်တော်ပါဘူး။ သာသနာဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲမယ်လို့ မျှော်လင့်ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” လို့ပဲ ရွတ်ဆိုရင်း နိဂုံးချုပ်ပါရစေ။
ကျေးဇူးတင်ပါတယ်။


Leave a Reply