ကျနော်က ဘာသာမဲ့ သဘောကနေလာတော့ တရားအားထုတ်ခြင်း (ရုပ်နာမ်အကြောင်း သိအောင် လုပ်ခြင်း) နဲ့ ပါတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့တရားကို အလွန်ပဲ သဘောကျပါတယ် ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ လောကီမှာ ပြသနာပေါင်းစုံနဲ့ အဖြေရှာမရတာတွေ အများကြီးပါ။ တန်ဖိုးထားစရာ စံနှုန်းဆိုတာတွေကလဲ အမျိုးမျိုးရှိနေပါတယ်။
အဲဒီတော့ အဲဒီအဖြေတွေကို သိဖို့အတွက်က သိစိတ်ကိုပါ ပြန်သဘောပေါက်ဖို့ လိုပါတယ်။ အဲဒီနေရာမှာ လူဆိုတာကို စပြီး စဉ်းစားတာက အလွန်ပဲ သဘာဝကျပါတယ်။ တနည်းအားဖြင့် ပေးချက်ကို အရင်စဉ်းစားတဲ့ နည်းပါ။
ကိုယ်က ပြသနာတွေနဲ့ ပါတ်သက်ပြီးတွေးတော့မယ် ဆိုရင် တွေးခြင်းဖြစ်တဲ့ ရုပ်နာမ်ရဲ့ အကြောင်းကို အရင် သိဖို့လိုပါတယ်။ တလောကလုံးမှာ ရှိသမျှကလဲ ရုပ်နာမ်တွေမို့ ရုပ်နာမ်တွေ အကြောင်းကို သေသေချာချာ သိလိုက်တာနဲ့ ပုစ္ဆာတွေ အကုန်လုံးအဖြေထွက်သွားတာပါပဲ။
အဲဒီနေရာမှာ စစဉ်းစားပုံ လေး နည်းနည်းပြောပါ့မယ်။ ပထမဆုံး သိရမှာက လူဆိုတာ ရုပ်နဲ့ နာမ်ကို အမည် တပ်ထားတာပါ။ ရုပ်ဆိုတာကတော့ အကောင်အထည်မြင်ရတဲ့ ရုပ်ရှိသလို အကောင်အထည် မမြင်ရတဲ့ ရုပ်လဲ ရှိပါတယ်။ ထိတွေ့လို့ရတဲ့ ရုပ်လဲ ရှိသလို ထိတွေ့လို့မရတဲ့ ရုပ်လဲ ရှိပါတယ်။ အဲဒီလိုမျိုး ရုပ်တွေ နဲ့ စုစည်း ပြီး သဏ္ဏာန်ဆိုတာတွေ ဖြစ်လာတာပါ။ အဲဒီအတွက် ယောက်ျား မိန်းမ ဆိုတာကလဲ သဏ္ဏာန်ပေါ်မူတည်ပြီး ခေါ်ဝေါ် တာဖြစ်တဲ့အတွက် ယောက်ျားမိန်းမ ဆိုတာလဲ မရှိပါဘူး။ သေရင်ကျန်ခဲ့တဲ့ ရုပ်အလောင်းဆိုတာလဲ ဒီလိုမျိုး ရုပ်ပါပဲ။ ဘာမှ မထူးပါဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ သတ္တဝါ ဆိုတာက သွားနိုင်၊ လာနိုင်၊ စာနိုင်၊ သောက်နိုင်၊ စဉ်းစားနိုင်၊ ဆင်ခြင်နိုင်၊ ဆုံးဖြတ်ချက် ချနိုင် တဲ့ သဘောကို သတ္တဝါလို့ ယူထားတာပါ။ အဲဒီတော့ ရုပ်ကို စဉ်းစားကြည့်လိုက်ရင် ရုပ်သက်သက်ဟာ အဲဒီအလုပ်တွေ မလုပ်နိုင်ပါဘူး။ အဲဒါကြောင့် ရုပ်ကို သတ္တဝါလို့ ခေါ်လို့မရပါဘူး။
အဲဒီနောက်မှာတော့ နာမ်ခန္ဓာလေးပါး ဆိုတာ ပါလာပါတယ်။ ခန္ဓာဆိုတာက အစုအပေါင်းကို ခေါ်ပါတယ်။ (ကိုယ်ခန္ဓာဆိုတဲ့စကားလုံး အဓိပ္ပါယ်မဟုတ်ပါဘူး) အဲဒီတော့ နာမ်အစုအပေါင်း လေးခုပါ။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု မှတ်မိမှု သညာ၊ သိမှု ဝိဉာဏ်၊ စေ့ဆော်မှု သင်္ခါရ ဆိုပြီး အစုအပေါင်း လေးမျိုး ရှိပါတယ်။ အဲဒီထဲက တခုခြင်းစီကို ကြည့်လိုက်တဲ့အခါမှာလဲ တခုခြင်းစီကို သတ္တဝါလို့ ပြောလို့ မရပြန်ပါဘူး။
အဲဒီတော့ အဲဒါကို ဖြန့်ကျက်ပြီး တွေးလိုက်ရင် လောကမှာ သတ္တဝါ ဆိုတာ မရှိဘူး ဆိုတာကို သဘောပေါက် မှာပါ။ သတ္တဝါ ဆိုတဲ့ အမြင်ကြောင့် ဖြစ်နေတဲ့ ပြသနာတွေ အကုန်လုံးဟာ လဲ အဲဒီမှာ ပျက်စီးသွားတော့ တာပါပဲ။
အဲဒါကြောင့်လဲ ပုထုဇဉ်မှာ အလျား ၁၃ မိုင်၊ အနံ ၁၃ မိုင်၊ အနက် ၁၃ မိုင်လောက် ရှိတဲ့ ရေကန်လောက် ဒုက္ခတွေ ရှိနေတယ်လို့ ပြောတာပါ။ ပထမ မဂ် ကျပြီးသွားရင်တော့ အဲဒီကန်ထဲက ရေကို သမန်းမြက်နဲ့ ခုနှစ်စက် တို့စာ လောက်ပဲ ကျန်တော့တယ် ပြောတာပါ။ ဆိုလိုချင်တာက လောကြီးရဲ့ ပြသနာ ဆိုတာတွေဟာ တကယ်တော့ ငါ သူ ပုဂ္ဂိုလ် သတ္တဝါ ဆိုတဲ့ အမြင်ကြောင့် ဖြစ်ရတာပါ။ ဘယ်သူ ဘယ်ဝါ ဆိုတာ မရှိတော့တာနဲ့ ဘယ်သူ့ကို ချစ်တယ် ဘယ်သူကို မုန်းတယ် ဆိုတာတွေက အပါယ်ကျစေတဲ့ အကုသိုလ် ဖြစ်လောက်တဲ့အထိ မရှိတော့ပါ ဘူး။ ချစ်ခြင်း မုန်းခြင်းကလဲ သက်သာရာ ရပါတယ်။
တကယ်တော့ ရုပ်နာမ် ဆိုတဲ့ ပေးချက်ကို သေသေချာချာ လေ့လာလိုက်တာနဲ့ ဒုက္ခတွေကနေ သက်သာရာ ရသွားတာပါ။ အဲဒါကို ကိလေသာရဲ့ ပူလောင်ခြင်းကနေ သက်သာရာ ရတယ်လို့ ခေါ်ပါတယ်။ ဒိဋ္ဌိ ကိလေသာက အင်မတန် ပူပါတယ်။ အဲဒီတော့ မိတ်ဆွေတို့ အနေနဲ့ ပထမ မဂ်လောက်တော့ ရအောင် အားထုတ်တော် မူကြပါလို့ ပဲ ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply