ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားသူ တော်တော်များများဟာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ နှုတ်ကနေ ရွတ်ဆိုလိုက်ရုံနဲ့ သရဏဂုံတည်သွားပြီ၊ ငါတို့တော့ လုံခြုံသွားပြီလို့ ထင်မှတ်မှားနေတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ရွတ်နေတဲ့ အရာရဲ့ အနှစ်သာရကိုမှ နားမလည်ဘဲ ကြက်တူရွေး စာအံသလို အကြိမ်ရေ တစ်ထောင်၊ တစ်သိန်း ရွတ်နေရုံနဲ့တော့ သရဏဂုံတည်ခြင်းရဲ့ အကျိုးကျေးဇူးကို ရမှာ မဟုတ်ပါဘူး။ ဆရာဝန်ပေးတဲ့ ဆေးညွှန်းစာရွက်ကို နေ့လည် ည သုံးကြိမ် ဖတ်ပြနေရုံနဲ့ ရောဂါမပျောက်နိုင်သလိုပါပဲ။ သရဏဂုံ အစစ်အမှန် တည်ဖို့ဆိုတာ ကိုယ်ကိုးကွယ်ဆည်းကပ်နေတဲ့ အရာတွေဟာ ဘာတွေလဲဆိုတာကို မျက်စိဖွင့် နားစွင့်ပြီး တိတိကျကျ သိမြင်နားလည်ဖို့ လိုအပ်ပါတယ်။

သံဃာဆိုတာ သင်္ကန်းဝတ်တိုင်း မဟုတ်ဘူး

ပထမဆုံးနဲ့ အရေးအကြီးဆုံး အချက်အနေနဲ့ သရဏဂုံတည်တယ်ဆိုတဲ့ နေရာမှာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ကြပါတယ်။ ဒီနေရာမှာ “သံဃာ” ဆိုတာ မြတ်စွာဘုရားက ကိုးကွယ်ခိုင်း၊ မှီခိုခိုင်း၊ အားထားခိုင်းတဲ့ အရိယာသံဃာ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ) ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ သင်္ကန်းဝတ်ထားရုံနဲ့ ပုထုဇဉ် သံဃာမှန်သမျှကို ကိုးကွယ်ရာအဖြစ် မသတ်မှတ်ဖို့ လိုပါတယ်။

ပုထုဇဉ်ကို မိမိရဲ့ ကိုးကွယ်ရာ၊ မှီခိုရာ၊ အားထားရာအဖြစ် သတ်မှတ်မယ်ဆိုရင်၊ မြတ်စွာဘုရား ညွှန်ပြခဲ့တဲ့ အရိယာရဟန်းကို ကိုးကွယ်ခြင်း မဟုတ်တဲ့အတွက် သရဏဂုံတည်ခြင်းရဲ့ အကျိုးကျေးဇူးကို အဲဒီပုထုဇဉ်ရဟန်း ကိုးကွယ်သူတွေ ရမှာ မဟုတ်ပါဘူး။ မျက်မမြင် တစ်ယောက်က နောက်ထပ် မျက်မမြင် တစ်ယောက်ကို လမ်းပြခိုင်းနေသလိုမျိုး လမ်းမှန်ကို ရောက်လာစရာ အကြောင်းမရှိပါဘူး။

ပါဠိဆိုတာ ဂါထာမန္တန် မဟုတ်ဘူး

နောက်တစ်ချက်ကတော့ သရဏဂုံ ရွတ်ဆိုခြင်းနဲ့ ပတ်သက်တဲ့ အလွဲကြီး တစ်ခုပါ။ မြန်မာနိုင်ငံက ဘုန်းကြီးတချို့က ပါဠိအသံမှာပဲ မမြင်နိုင်တဲ့ တန်ခိုးသတ္တိတွေ ရှိသလိုလို၊ အသံထွက်လေး မှားသွားတာနဲ့ပဲ အစွမ်းမပြတော့သလိုလို ဖန်တီးပြီး ပြောဆိုနေကြပါတယ်။ တကယ်တော့ ပါဠိဆိုတာ ခေတ်အလိုက် ပေါ်ထွန်းလာတဲ့ သာမန် ဘာသာစကားတစ်မျိုး သက်သက်သာ ဖြစ်ပါတယ်။ သူ့မှာ ဘာမှ ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရ တန်ခိုးသတ္တိတွေ မရှိပါဘူး။

မြတ်စွာဘုရားက ပါဠိလို ဟောကြားခဲ့တာ ဖြစ်တဲ့အတွက် ပါဠိစာပေကို လေ့လာခြင်းအားဖြင့် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ မူရင်းအဓိပ္ပာယ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်တဲ့ အကျိုးကျေးဇူးတော့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ စာပေသင်ကြားမှု ပြုလုပ်နေကြတဲ့ ဘုန်းကြီးတွေ၊ ပညာရှင်တွေနဲ့သာ သက်ဆိုင်ပါတယ်။ ဒီပါဠိစာပေကနေ မြန်မာလို အတိအကျ ဘာသာပြန်ပြီးသွားရင် မြန်မာဘာသာနဲ့ပဲ မြတ်စွာဘုရား ဘာဆိုလိုတယ်ဆိုတာကို အတိအကျ သိနိုင်ပြီးသား ဖြစ်လို့ သာမန်လူတွေအတွက် ပါဠိဘာသာစကားဟာ မရှိမဖြစ် လိုအပ်လှတာ မဟုတ်ပါဘူး။

ကိုရင်ဝတ်တဲ့ အခါမှာ သရဏဂုံကို ပီပီသသ ရွတ်ဆိုနိုင်ဖို့ အရေးကြီးတယ် ဆိုတာကလည်း ဒီပါဠိစကားလုံးတွေမှာ အစွမ်းသတ္တိ ရှိနေလို့ မဟုတ်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါက ကိုရင်ဝတ်ပြီး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ပါ၏လို့ ဘုရားရှေ့မှာ လေးလေးနက်နက် ရွတ်ဆိုချင်သူတွေကို စာလုံးအသံထွက် မှန်မှန်ကန်ကန် ချပြနိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့်သာ ဖြစ်တယ်လို့ မှန်ကန်စွာ လေ့လာခြင်း ပြုပြီး နားလည်ထားရမှာ ဖြစ်ပါတယ်။

ဘုရား၊ တရား၊ သံဃာ၏ အနှစ်သာရကို ခွဲခြားသိမြင်ခြင်း

ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ပါ၏လို့ ရွတ်ဆိုနေသူတွေ အနေနဲ့ ကိုယ်ကိုးကွယ်နေတဲ့ အရာတွေရဲ့ သဘောသဘာဝကို သေသေချာချာ သိထားဖို့ လိုပါတယ်။

ဘုရား ဆိုတာ ကိလေသာ အညစ်အကြေး ကင်းစင်သွားတဲ့၊ အမှန်တရားကို ကိုယ်တိုင် ထိုးထွင်းသိမြင်သွားတဲ့ ရဟန္တာတစ်မျိုး ဖြစ်ပါတယ်။ ကောင်းကင်ကနေ တန်ခိုးနဲ့ ဆုချပေးမယ့် ဖန်ဆင်းရှင် မဟုတ်ပါဘူး။

တရား ဆိုတာကလည်း အပြင်ကနေ နားကြားရုံ သက်သက်မဟုတ်ဘဲ၊ လိုက်နာကျင့်သုံးတာနဲ့ ချက်ချင်း အကျိုးပေးတတ်တဲ့ သတ္တိရှိတဲ့အရာ ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရဟာ အခြားမဟုတ်ဘူး၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းကြောင်း ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်သာ ဖြစ်ပါတယ်။

သံဃာ ဆိုသည်မှာ အထက်မှာ ဆိုခဲ့သလို အရိယာ ရဟန်းလေးမျိုး (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ) ကိုသာ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဘာကြောင့် ပုထုဇဉ်ရဟန်းကို ကိုးကွယ်ရာအဖြစ် မသတ်မှတ်သင့်တာလဲ

အရိယာရဟန်းတွေနဲ့ သာမန် ပုထုဇဉ်ရဟန်းတွေ ဘာကွာခြားလဲဆိုတာကို ဝိပဿနာ အားထုတ်သူတွေ အနေနဲ့ ပြတ်ပြတ်သားသား သိထားဖို့ လိုပါတယ်။ ပုထုဇဉ်ရဟန်းတွေမှာ အောက်ပါ အချက်တွေ ရှိနေသေးတဲ့အတွက် ကိုးကွယ်ခံ မထိုက်ဘူး၊ သူတို့ရဲ့ စကားကို မနာယူအပ်ဘူး၊ နားမထောင်အပ်ဘူး၊ မလိုက်နာအပ်ဘူး ဆိုတာကို သေသေချာချာ သဘောပေါက်ရပါမယ်-

(၁) အထူးထူး အပြားပြား များကုန်သော ကိလေသာတို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ် မည်၏။

(၂) မပယ်အပ်သေးသော သက္ကာယဒိဋ္ဌိ များစွာရှိသောကြောင့် ပုထုဇဉ် မည်၏။

(၃) များစွာသော ဆရာတို့၏ မျက်နှာကို မော်ကြည့်တတ်၊ ဖူးမျှော်တတ်သောကြောင့် ပုထုဇဉ် မည်၏။ (ယုံကြည်မှု မခိုင်မာဘဲ ဟိုဆရာကောင်းနိုးနိုး၊ ဒီဆရာကောင်းနိုးနိုး လိုက်ရှာနေတတ်ခြင်း)

(၄) များစွာသော အလုံးစုံသော ဂတိတို့မှ မထသောကြောင့် ပုထုဇဉ် မည်၏။

(၅) အမျိုးမျိုးသော အဘိသင်္ခါရတရား (ပြုစီမံတတ်သောတရား) တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုထုဇဉ် မည်၏။

(၆) အမျိုးမျိုးသော ဩဃတို့သည် မျှောအပ်သောကြောင့် ပုထုဇဉ် မည်၏။

(၇) အမျိုးမျိုးသော ပူပန်စေတတ်သော တရားတို့ဖြင့် ပူပန်ကုန်သောကြောင့် ပုထုဇဉ် မည်၏။

(၈) များစွာသော အထူးထူးသော လောင်ကျွမ်းစေတတ်သော တရားတို့သည် လောင်ကျွမ်းအပ်သောကြောင့် ပုထုဇဉ် မည်၏။

(၉) များစွာသော ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ကုန်သောကြောင့် ပုထုဇဉ် မည်၏။

(၁၀) များစွာသော နီဝရဏငါးပါးတို့သည် ပိတ်ဆို့အပ်သောကြောင့် ပုထုဇဉ် မည်၏။

(၁၁) များစွာသော ယုတ်ညံ့သော တရားကို ကျင့်သူတို့၌ အတွင်းဝင်သောကြောင့် ပုထုဇဉ် မည်၏။

(၁၂) အရိယာတို့မှ အသီးအခြား ဖြစ်သောကြောင့် ပုထုဇဉ် မည်၏။

အရိယာရဟန်း ဆိုတာကတော့ ဒီလို ပုထုဇဉ်ရဲ့ စရိုက်လက္ခဏာတွေနဲ့ ကင်းကွာသွားတဲ့ ရဟန်းမျိုး ဖြစ်တဲ့အတွက်သာ ရှာဖွေ၊ ကိုးကွယ်၊ ဆည်းကပ်၊ နားထောင်အပ်တယ် ဆိုတာကို ကွဲကွဲပြားပြား သိမြင်ရပါမယ်။

အနှစ်သာရကို မသိဘဲ ရွတ်နေသမျှ သရဏဂုံမတည်နိုင်

တတိယ အချက်အနေနဲ့ အရေးအကြီးဆုံးကတော့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” က စလို့ အကြိမ်ပေါင်း တစ်သိန်းပဲ ရွတ်ရွတ်၊ ဆယ့်ကိုးကုဋေပဲ ရွတ်ရွတ်၊ ဘုရားရဲ့ အလိုဆန္ဒဟာ ဘာလဲ၊ မြတ်စွာဘုရားက ဘာတွေကို ကဲ့ရဲ့ပြီး ဘာတွေကို ချီးမွမ်းခဲ့သလဲ၊ ဘာတွေကို အသိအမှတ်မပြုဘဲ ဘာတွေကို ယုံကြည်ရမယ်လို့ ပြောခဲ့သလဲ ဆိုတာတွေကို နားမလည်ရင် သရဏဂုံတည်ခြင်းရဲ့ အကျိုးကို ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။

ဥပမာအားဖြင့် မြတ်စွာဘုရားက ဒါနပြုလုပ်ရုံနဲ့ ချမ်းသာမယ်လို့ ဟောကြားခဲ့တာမျိုး မရှိပါဘူး။ အခုခေတ်မှာတော့ ဒါနလုပ်ရင် စီးပွားတက်မယ်၊ ထီပေါက်မယ် ဆိုပြီး လှည့်စားဟောပြောနေတာတွေဟာ ဘုရားအလိုကျ မဟုတ်ပါဘူး။ ထို့အတူပဲ ဗေဒင်၊ ယတြာ၊ နက္ခတ်၊ အင်းအိုင် ခါးလှည့် စတာတွေကို မြတ်စွာဘုရားက လုံးဝ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါတွေဟာ ဗုဒ္ဓရဲ့ အယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်တယ်ဆိုတာကို သိဖို့ လိုပါတယ်။

ဒီလို မှန်ကန်တဲ့ အယူအဆတွေ၊ လမ်းစဉ်တွေကို တဆင့်ခံ ဟောပြောလမ်းညွှန်ပေးနိုင်တာကတော့ သံဃာရတနာ အစစ်အမှန်ဖြစ်တဲ့ အရိယာသံဃာ တွေပဲ ဖြစ်ပါတယ်။ အခုခေတ်လို အချိန်မှာ အရိယာသံဃာတွေ မရှိသလောက် ရှားပါးနေခြင်းဟာ သာသနာအတွက်ရော၊ ဝိပဿနာ အားထုတ်လိုသူတွေ အတွက်ပါ ဘယ်လောက်တောင် အန္တရာယ်များလှသလဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ပုထုဇဉ်တွေရဲ့ မှိုင်းတိုက်မှုအောက်မှာ ဗေဒင်ယတြာတွေ၊ မှော်ဆန်ဆန် အယုံအကြည်တွေ၊ လောကီစီးပွားရေး မျှော်လင့်ချက်တွေနဲ့ပဲ ဗုဒ္ဓဘာသာဟာ လမ်းချော်နေပါပြီ။

ဒါကြောင့်မို့ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဟာ အင်မတန် အရေးကြီးလှပါတယ်။ ကိုယ်တိုင်လည်း ဝိပဿနာ တရားကို စနစ်တကျ အားထုတ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်အောင် ကြိုးစားမှသာလျှင်၊ ပါးစပ်ဖျားက ကြက်တူရွေး သရဏဂုံ အဆင့်ကနေ ကျော်လွန်ပြီး၊ မှီခိုအားထားရာ အစစ်အမှန်ကို တွေ့ရှိတဲ့ ခိုင်မာသော သရဏဂုံတည်သူတွေ ဖြစ်လာကြမှာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *