မြန်မာ့လူဘောင်မှာ ငယ်စဉ်ကတည်းက ရိုက်သွင်းခံထားရတဲ့ “အနန္တော အနန္တ ငါးပါး” ဆိုတဲ့ စကားဟာ တကယ်တမ်း မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ပါဠိတော်တွေမှာ လုံးဝ (လုံးဝ) မပါရှိပါဘူး။ ဒါဟာ ဗုဒ္ဓရဲ့ တိုက်ရိုက်အဆုံးအမ မဟုတ်ဘဲ၊ နောက်ပိုင်းခေတ်တွေကျမှ ဂိုဏ်းဆရာတချို့က မိမိတို့ကိုယ်တိုင် အပူဇော်ခံ၊ အကိုးကွယ်ခံချင်တဲ့ ဆန္ဒနဲ့ “မိဘ” ဆိုတဲ့ ကြားခံကို အသုံးချပြီး “ဆရာ” ဆိုတဲ့ ခေါင်းစဉ်ကိုပါ ရတနာသုံးပါးနဲ့ တစ်တန်းတည်းထားဖို့ တီထွင်ခဲ့ကြတဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။
ဒီလို လွဲမှားတဲ့ အယူအဆကို လက်ခံထားခြင်းကြောင့် လက်တွေ့ဘဝတွေမှာ ကြီးမားတဲ့ လွဲချော်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာရပါတယ်။ ဒါကို အချက်ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။
၁။ လောကုတ္တရာ နှင့် လောကီကို ရောနှောခြင်း
လောကမှာ အမြင့်မြတ်ဆုံး၊ အစင်ကြယ်ဆုံးဖြစ်တဲ့ “ဘုရား၊ တရား၊ သံဃာ” ဆိုတဲ့ ရတနာသုံးပါးဟာ သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ တရားစစ်စစ်တွေ ဖြစ်ပါတယ်။ မိဘနဲ့ ဆရာ ဆိုတာကတော့ လောကီနယ်ပယ်က ပုထုဇဉ် သက်သက်တွေသာ ဖြစ်ပါတယ်။ ပုထုဇဉ်တွေဖြစ်တဲ့အတွက် ကောင်းတဲ့ မိဘ/ဆရာ ရှိသလို၊ အလွန်ဆိုးရွားယုတ်မာတဲ့ မိဘ/ဆရာ တွေလည်း ရှိပါတယ်။
သားသမီးအတွက် အနစ်နာခံတဲ့ မိဘရှိသလို၊ သားသမီးကို ကျွန်လို သဘောထား ခေါင်းပုံဖြတ်တဲ့ မိဘ၊ ကိုယ်ကျင့်တရားမဲ့စွာ စော်ကားတဲ့ မိဘတွေလည်း လောကမှာ အများကြီးပါ။
သံသရာမှ လွတ်ကြောင်း လမ်းမှန်ကို ပြသတဲ့ ဆရာရှိသလို၊ အကုသိုလ် ဒုစရိုက်တွေ ပြုလုပ်ဖို့ တွန်းပို့ သင်ကြားပေးတဲ့ ဆရာတွေလည်း ရှိပါတယ်။
ဒီလို လူမိုက်ရော၊ လူယုတ်မာပါ ပါဝင်နိုင်တဲ့ လောကီပုဂ္ဂိုလ်တွေကို၊ လုံးဝ အပြစ်ကင်းစင်တဲ့ လောကုတ္တရာ ရတနာသုံးပါးနဲ့ တစ်တန်းတည်း သွားထားခြင်းဟာ ရတနာသုံးပါးကို ပြင်းပြင်းထန်ထန် စော်ကားရာ ရောက်ပါတယ်။ ရတနာသုံးပါးနဲ့ တစ်တန်းတည်းဆိုတဲ့ အသိကြောင့်၊ မိဘက အလွန်ဆိုးရွား မှားယွင်းနေတာတောင် သားသမီးတွေဘက်က မလွန်ဆန်ရဲဘဲ စိတ်ဆင်းရဲစွာ ဒုက္ခခံနေရတာတွေဟာ ဒီအယူမှားရဲ့ ဆိုးကျိုးတွေပါပဲ။
၂။ ဂုဏ်တော်များမှာ အတိအကျ ရှိပြီးဖြစ်ခြင်း
“ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော…” ဆိုပြီး စတင်လိုက်တဲ့ စကားဟာ အခြေခံအားဖြင့် မှားယွင်းနေပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ အဆုံးမရှိ ရောထွေးနေတာ မဟုတ်ပါဘူး။ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာဂုဏ်တော် (၉) ပါး ဆိုပြီး ရေတွက်လို့ရအောင်၊ ပွားများလို့ရအောင် အတိအကျ သတ်မှတ် ဟောကြားထားပြီး ဖြစ်ပါတယ်။
အဲဒီလို အတိအကျ ရှိပြီးသားကို “အနန္တ (အဆုံးမရှိ)” လို့ ပြောင်းလဲသုံးနှုန်းလိုက်တာဟာ၊ နောက်ကနေ “မာတာပိတု ဂုဏော အနန္တော၊ အာစရိယ ဂုဏော အနန္တော” (မိဘနဲ့ ဆရာမှာလည်း အဆုံးမရှိတဲ့ ဂုဏ်တွေရှိတယ်) လို့ အလွန်အကျွံ တင်စား ဆွဲသွင်းချင်လို့ တမင် ဖန်တီးထားတဲ့ စကားအမှားကြီးသာ ဖြစ်ပါတယ်။
၃။ ကျေးဇူးသိတတ်မှု နှင့် ကိုးကွယ်ဆည်းကပ်မှု ကွာခြားချက်
ဒီလိုပြောလို့ မိဘနဲ့ ဆရာကို စော်ကားရမယ်၊ မလေးစားရဘူးလို့ ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ လောကဝတ်အရ ဘယ်လောက်ပဲ ဆိုးရွားတဲ့ မိဘဖြစ်ပါစေ၊ မိမိကို လူ့ဘဝရောက်အောင် မွေးဖွားပေးခဲ့တဲ့ “မွေးကျေးဇူး” ရှိပါတယ်။ အဲဒီကျေးဇူးကို သိတတ်ခြင်း၊ ပြန်လည်လုပ်ကျွေးခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။
သို့သော် ကျေးဇူးသိတတ်ခြင်း (ကတညုတ) နဲ့၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အတွက် ခိုလှုံကိုးကွယ်ခြင်း (သရဏဂုံ တည်ခြင်း) ဆိုတာ လုံးဝ မတူညီတဲ့ ကိစ္စနှစ်ခုပါ။ ရတနာသုံးပါးကိုသာလျှင် မှီခိုအားထားရာအဖြစ် ဆည်းကပ်ရမှာ ဖြစ်ပြီး၊ မိဘနဲ့ ဆရာကိုတော့ လောကဝတ်အရ ကျေးဇူးဆပ်ရုံသာ ဖြစ်ပါတယ်။
ဒီနေရာမှာ မိဘ နဲ့ သားသမီး၊ ဆရာ နဲ့ တပည့် ဘယ်လိုဆက်ဆံရေးမျိုးဖြစ်သင့်တယ်ဆိုတာကို ကျနော် ဘာမှ မပြောလိုပါဘူး။ ဒါဟာ လူမှုရေးပညာရှိများရဲ့ ကိစ္စသာဖြစ်ပြီး ကျနော့်အရာလဲ မဟုတ်ပါဘူး။ မိတ်ဆွေတို့ကျွမ်းကျင်တဲ့ လူမှုရေး (လောကီ) ကိစ္စတွေကို ကျနော်ဘာမှ မှတ်ချက်မပေးလိုပါ။ ကျနော် အဓိက ပြောချင်တာက ဒီအယူအဆသည် မြတ်စွာဘုရား ပညတ်ခဲ့သော အယူအဆမဟုတ်၊ ဒါကြောင့် ဒီအယူအဆကြောင့် ဖြစ်လာတဲ့ ပြသနာတွေသည် မြတ်စွာဘုရားနဲ့ မဆိုင် ဆိုတာပါပဲ။ မြတ်စွာဘုရားမဟောထားတာကို မြတ်စွာဘုရား ဟောသယောင်လုပ်ပြီး ယဉ်ကျေးမှုစံနှုန်းကိစ္စမှာ မြတ်စွာဘုရားကို အလွဲသုံးစားလုပ်ထားတာခြင်းကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ကြိုက်တဲ့ စံသတ်မှတ်ကြပါ။ မြတ်စွာဘုရားကိုတော့ အလွဲသုံးစားမလုပ်ပါနဲ့လို့ ပြောပါရစေ။
နိဂုံး
တရားနဲ့ ပတ်သက်လာရင် ဒီလို အယူအဆ အမှားအယွင်းတွေကို လက်ခံထားခြင်းဟာ စစ်မှန်တဲ့ ဗုဒ္ဓအဆုံးအမတွေ ပြန့်ပွားဖို့အတွက် ကြီးမားတဲ့ အနှောင့်အယှက်ကြီး ဖြစ်နေပါတယ်။ ဒါကြောင့် “အနန္တော အနန္တ ငါးပါး” ဆိုတဲ့ အယူအဆကို ဉာဏ်ပညာရှိစွာနဲ့ ဖယ်ရှားပြီး၊ ရတနာသုံးပါးကို အခြားမည်သည့် လောကီပုဂ္ဂိုလ်၊ အရာဝတ္ထုနဲ့မှ ရောနှောနှိုင်းယှဉ်ခြင်း မပြုဘဲ သန့်စင်စွာ ကြည်ညိုနိုင်ကြဖို့ လိုအပ်ပါတယ်။
မိဘ၊ ဆရာများ အနေနဲ့လည်း မိမိကိုယ်မိမိ ဘုရား၊ တရား၊ သံဃာနဲ့ တစ်တန်းတည်းထားပြီး မာန်မာနတက်ခြင်း၊ ရတနာသုံးပါးကို ပြစ်မှားမိသကဲ့သို့ ဖြစ်ခြင်းမှ ကင်းလွတ်နိုင်ကြပါစေ။ သို့မှသာလျှင် သရဏဂုံ အစစ်အမှန် တည်တံ့ပြီး မိမိတို့ အလိုရှိအပ်သော လူ၊ ရဟန်း အရိယာများ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ဆိုသည့် ဦးတည်ချက်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပါသည်။


Leave a Reply