ဝိပဿနာ အားထုတ်နေကြသူများ ခင်ဗျာ…
ဒီနေ့တော့ သံသရာလည်ရခြင်းရဲ့ သဘောတရားကို လောဂျစ်ကျကျလေး စဉ်းစားကြည့်ကြရအောင်ပါ။ လူအများစုဟာ ကိုယ်သေရင် အပါယ်ကျဖို့ပဲ များတယ်ဆိုတာကို ယုံလေ့မရှိကြပါဘူး။ ဒီလိုမယုံတာဟာ အပြစ်ပြောစရာတော့ မဟုတ်ပါဘူး။ အကြောင်းရင်းက မျက်စိနဲ့ တိုက်ရိုက် မမြင်ရတာက တစ်ကြောင်း၊ ဘုန်းကြီးတွေရဲ့ ဟောပြောချက်တွေကြောင့်က တစ်ကြောင်း ဖြစ်ပါတယ်။
“ဒီအလှူလုပ်ရင် အပါယ်တံခါးပိတ်တယ်၊ ဒီသီလလေး စောင့်လိုက်ရင် ဘယ်နှစ်ဘဝတော့ အပါယ်လွတ်တယ်၊ နတ်ပြည်တက်မယ်” စသဖြင့် အလွယ်တကူ သက်သာရာရစေမယ့် စကားတွေကို ဟောလေ့ရှိကြပါတယ်။ ဒါ့အပြင် သေတဲ့အခါ ယမမင်းဆီရောက်ရင် ယမမင်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို သတိပေးပြီး နတ်ပြည်ပို့ပေးမယ် ဆိုတာမျိုးတွေ၊ အလောင်းကောင်ဖြစ်သွားရင်တောင် ဘုန်းကြီးက သရဏဂုံတင်ပေးလိုက်ရင် အဲဒီအကျိုးကြောင့် သုဂတိရောက်မယ် ဆိုတာမျိုးတွေကို ယုံကြည်နေကြလို့ပါ။
တကယ်တော့ ဘုရားရှင်ဟောခဲ့တဲ့ “သေပြီးနောက် အပါယ်ကျသူ အရေအတွက်ဟာ မြေကြီးပေါ်က မြေမှုန့်တွေလောက်များပြီး သုဂတိရောက်သူက လက်သည်းခွံပေါ်က မြေမှုန့်လောက်သာ ရှိတယ်” ဆိုတာကို လူတွေ မယုံကြတာဟာ သူတို့အပြစ် မဟုတ်ပါဘူး။ ဘုရားဟောကို ကိုယ်တိုင် မကြားခဲ့ရသလို၊ ကိုယ့်အနီးအနားမှာ ရှိနေတဲ့ ဘုန်းကြီးတွေ ဟောတာကို ပိုယုံချင်ကြတာ လူ့သဘာဝပါ။ လူပုဂ္ဂိုလ်တွေအနေနဲ့ ဘုရားဟောကို မယုံဘဲ နေချင် နေခွင့်ရှိပါတယ်။ ဘုရားဟောကို ယုံကြည်ရမယ်၊ တိတိကျကျ လိုက်နာထိန်းသိမ်းရမယ်ဆိုတဲ့ တာဝန်က ဘုန်းကြီးတွေဆီမှာပဲ အဓိက ရှိတာပါ။
ဒါပေမယ့် အရှေ့တိုင်းမှာရော၊ အနောက်တိုင်းမှာပါ ယေဘုယျအားဖြင့် လက်ခံထားကြတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ “လူတစ်ယောက် သေပြီးရင် နောက်ထပ် ဘဝတစ်ခု ပြန်စတယ် (လူဝင်စားတယ်)” ဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး အနောက်တိုင်း တက္ကသိုလ်တစ်ခုကနေ နှစ်ပေါင်း ၅၀ ကြာ သုတေသနပြုလုပ်ပြီး သေပြီးနောက် ပြန်လည်မွေးဖွားခြင်း ရှိကြောင်း အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ဖော်ထုတ်ထားတာတွေလည်း ရှိပါတယ်။
ဒီတော့ အပါယ်ဘုံကို ခဏဖယ်ထားပြီး၊ သေပြီးတဲ့နောက် သုဂတိဖြစ်တဲ့ လူ့ပြည်၊ နတ်ပြည်ကိုပဲ ရောက်တယ်လို့ တွက်ကြည့်ရအောင်ပါ။ ဘယ်ဘုံရောက်ရောက် ရှောင်လွှဲလို့မရတဲ့ ဒုက္ခသစ္စာ (၅) ချက် ကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။
၁။ မွေးဖွားရခြင်း ဒုက္ခ – လူဖြစ်စေ၊ နတ်ဖြစ်စေ မွေးဖွားလာတာနဲ့ မိသားစု ဆွေမျိုးဆိုတာတွေ ရှိလာပါပြီ။ လူဆိုရင် မိခင်ဝမ်းဗိုက် သားအိမ်ကျဉ်းကျဉ်းလေးထဲမှာ ကိုးလတိတိ ကွေးကွေးလေး နေခဲ့ရတဲ့ ဒုက္ခကနေ စတင်ရပါတယ်။ ကြီးလာတဲ့အခါ မေ့သွားပေမယ့်၊ လောဂျစ်အရ စဉ်းစားကြည့်ရင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ ဒုက္ခပါ။
၂။ အိုမင်းရခြင်း ဒုက္ခ – အချိန်တန်ရင် လူရော၊ နတ်ပါ အိုမင်းခြင်းကို ရင်ဆိုင်ရပါတယ်။ အရင်လို သွက်လက်မှု မရှိတော့ဘူး၊ အရင်လို နေလို့မကောင်းတော့ဘူး၊ လုပ်နိုင်စွမ်းတွေ ကျဆင်းလာတယ်ဆိုတဲ့ အိုမင်းရခြင်း ဒုက္ခကို ခံစားကြရပါတယ်။
၃။ သေဆုံးရခြင်း ဒုက္ခ – ဘယ်သူမှ မသေချင်ကြပါဘူး။ ဒါပေမယ့် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့အခါ အင်မတန် ကြီးမားပြင်းထန်တဲ့ ဒုက္ခကြီးတစ်ခု ဖြစ်ပါတယ်။
၄။ ချစ်ခင်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း ဒုက္ခ – ကိုယ်ကပဲ အရင်သေသေ၊ သူတို့ကပဲ အရင်သေသေ တစ်နေ့မှာ အဖိုးအဖွား၊ မိဘ၊ ဇနီးမယား၊ သားသမီး စတဲ့ ကိုယ်ချစ်ရသူတွေနဲ့ အပြီးတိုင် ခွဲခွာရမှာပါ။ ဒါဟာ မလွှဲသာမရှောင်သာ ခံစားရမယ့် ဒုက္ခပါပဲ။
၅။ မချစ်မနှစ်သက်သူများနှင့် အတူနေရခြင်း ဒုက္ခ – မိသားစုထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ ကိုယ်မနှစ်မြို့တဲ့သူတွေ၊ အဆင်မပြေတဲ့သူတွေနဲ့ အတူတူ နေထိုင်ဆက်ဆံရခြင်းဟာလည်း နေ့စဉ်ကြုံတွေ့နေရမယ့် ဒုက္ခတစ်မျိုး ဖြစ်ပါတယ်။
ဒီဒုက္ခတွေဟာ လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန် ဘယ်ဘုံဘဝရောက်ရောက် ခန္ဓာရသူတိုင်း ကြုံတွေ့ရမယ့် အမှန်တရားဖြစ်လို့ သစ္စာထိုက်သော “ဒုက္ခသစ္စာ” ကြီးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘုန်းကြီးကျောင်းသွားလို့ ဘုန်းကြီးက “နောက်ဘဝ လူ့ဘဝ၊ နတ်ဘဝ ရပါစေ” လို့ ဆုပေး လမ်းညွှန်တဲ့အခါ၊ “ငါ့ကို ဒုက္ခသစ္စာကနေ နောက်ထပ် ဒုက္ခသစ္စာသစ်တွေ ထပ်ရဖို့ ဦးတည်ပေးနေတာပဲ” လို့ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆုံးဖြတ်ပါ။ ဒုက္ခကနေ ဒုက္ခဆီကိုပဲ တွန်းပို့ပေးနေတဲ့ အဲဒီလို လမ်းညွှန်မှုမျိုးဟာ အားကိုးထိုက်ပါသလား။ လက်ရှိ ဒုက္ခသစ္စာထဲကနေ အပြီးတိုင် လွတ်မြောက်အောင် လမ်းညွှန်ပြသပေးနိုင်တဲ့ သူမျိုး (ရဟန်းမျိုး) ကသာ တကယ် အားကိုးထိုက်တယ်လို့ နှလုံးသွင်းပါ။ ဒုက္ခသစ္စာကနေ ဒုက္ခသစ္စာထဲကို ပြန်တွန်းချသူတွေကို ရှောင်ကြပါ။ တခုခုလုပ်လို့ ဘာအကျိုးခံစားရမယ် ဆိုတာမျိုးပြောလာရင် အဲဒီအကျိုးဆိုတာ ဒုက္ခသစ္စာပဲဖြစ်နေမလားဆိုတာကို စဉ်းစားပါ။
ဝိပဿနာ အားထုတ်သူများအနေနဲ့ ဒီဒုက္ခသစ္စာတရားတွေအပေါ်မှာ သံဝေဂယူပါ။ လောဂျစ်ကို အားကိုးပြီး ဘဝနဲ့ သံသရာကို စနစ်တကျ တွက်ချက်ကြည့်ပါ။ ပေါ့ပေါ့တန်တန် နေထိုင်ပြီး၊ ကုသိုလ်လေး နည်းနည်းလုပ်၊ သီလလေးစောင့်ရုံနဲ့ နောက်ထပ် ဒုက္ခသစ္စာဆီ သွားမယ့်လမ်းကို ဆက်မလျှောက်ကြပါနဲ့တော့။ သံသရာကနေ အပြီးတိုင် လွတ်မြောက်ကြောင်းဖြစ်တဲ့ မဂ္ဂသစ္စာ (ဝိပဿနာ) အလုပ်ကိုသာ ပြတ်ပြတ်သားသား အားထုတ်ကြပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်။


Leave a Reply