“ပရမတ္ထ အနတ္တ” – ဒီစကားလေးကတော့ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေ၊ ဆရာသမားတစ်ဦးက ဆုံးမခဲ့တဲ့ စကားပါ။ သူက ကျွန်တော့်ထက် အသက် ၂၀ နီးပါး ငယ်ပေမယ့်၊ တရားအတူ ဆွေးနွေးအားထုတ်ရင်းကနေ သူက ဆရာကောင်းနဲ့ တွေ့ပြီး ပုထုဇဉ်ဘဝကို ဖြတ်ကျော်ကာ အရိယာအနွယ်ဝင် ဖြစ်သွားခဲ့ပါတယ်။
သူ အဆင်ပြေသွားတဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အထဲမှာ ကျွန်တော့်အတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကတော့ “ရှုဉာဏ်ကိုပါ ပြန်ရှုဖို့” ဆိုတဲ့ အချက်ပါပဲ။ လူတွေဟာ လိုချင်တပ်မက်မှု (တဏှာ) အပေါ်မှာ “ငါ လိုချင်တယ်” လို့ အစွဲ (ဒိဋ္ဌိ) ကပ်တတ်သလိုပဲ၊ တရားရှုမှတ်နေတဲ့ အချိန်မှာလည်း “ငါ သိနေပြီ၊ ငါ့ဉာဏ်တွေ တက်လာပြီ” ဆိုပြီး ‘ရှုဉာဏ်’ အပေါ်မှာလည်း “ငါစွဲ” ကပ်သွားတတ်ပါတယ်။ သူ့ရဲ့ ဒီသတိပေးစကားကြောင့် ကျွန်တော့်အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒါကြောင့် သူ မသိပေမယ့် ကျွန်တော်ကတော့ သူ့ကို ဆရာတစ်ဆူအဖြစ် သတ်မှတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် အရိယာရဲ့ တပည့် (အရိယာ သာဝကော) အဖြစ် ခံယူလိုက်ပါတယ်။
ပရမတ္ထ အနတ္တ
နောက်ပိုင်းမှာ သူက အပေါ်ကပြောခဲ့တဲ့ စကားလေးကို ထပ်ပြောပါတယ်။ “အကုန်လုံးဟာ ပရမတ္ထ အနတ္တ ပါပဲ” တဲ့။ ကျွန်တော်က ကိုယ်တိုင် တစ်ခုခု နားလည်သဘောပေါက်လာရင် တခြားသူတွေကိုလည်း ပြန်လည် မျှဝေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့်လည်း ဒီစာတွေကို ရေးဖြစ်နေတာပါ။
“ပရမတ္ထ အနတ္တ” ဆိုတာ တခြားမဟုတ်ပါဘူး။ တကယ် အစစ်အမှန် ရှိနေတဲ့ ပရမတ္ထတရားတွေ ဖြစ်တဲ့ (စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်) ဆိုတာတွေ အားလုံးဟာ “အနတ္တ” (ငါ၊ သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်၊ ဘယ်သူမှ မပိုင်၊ သူ့သဘောသူ ဆောင်နေခြင်း) သက်သက်သာ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒီသဘောတရားကိုသာ ဉာဏ်နဲ့ ထိုးထွင်း သိမြင်နိုင်မယ်ဆိုရင်၊ စွဲလမ်းနေသမျှ အစွဲအလမ်း အားလုံးကို ပယ်စွန့်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် ခေါင်းစဉ်တပ်ထားတဲ့ “အရိပ်ပြပွဲ” အကြောင်း ဆက်ပြောချင်ပါတယ်။
ရှင်ပုဏ္ဏ၏ မှန်ဥပမာ နှင့် အရိပ်ပြပွဲ
အရိယာ သူတော်စင်များကလွဲရင် ဒီစာကို ဖတ်နေသူ အများစုဟာ ပုထုဇဉ်တွေပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ ကျွန်တော် ပြောချင်တဲ့ “အရိပ်ပြပွဲ” ဆိုတာ၊ ရှင်အာနန္ဒာကို သောတာပန် တည်စေခဲ့တဲ့ ရှင်ပုဏ္ဏရဲ့ “မှန်ဥပမာ” တရားနဲ့ သဘောတရားချင်း အတူတူပါပဲ။
ရှင်ပုဏ္ဏက ဘယ်လို ဟောခဲ့သလဲဆိုရင် – “ငါ” ဆိုတဲ့ အထင်မှားမှု (ဒိဋ္ဌိ) ဟာ မှန်ရှေ့သွားရပ်လိုက်လို့ ပေါ်လာတဲ့ “အရိပ်” နဲ့ တူပါတယ် တဲ့။ မှန်ထဲက အရိပ်ကို “ကိုယ့်ရဲ့ ခန္ဓာကိုယ် အစစ်” လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ကိုယ် မရှိဘဲနဲ့လည်း အရိပ်ဆိုတာ မပေါ်လာနိုင်ပါဘူး။
အဲဒီလိုပါပဲ၊ “ငါ” ဆိုတဲ့ အထင်မှားမှု (ဒိဋ္ဌိ) ဟာ ခန္ဓာငါးပါးကို မှီပြီးမှ ဖြစ်ပေါ်လာရတာပါ။ ဖောက်ပြန်တဲ့ ရုပ်ကို “ငါ” လို့ ထင်ချင်ထင်မယ်၊ ခံစားမှု (ဝေဒနာ) ကို ငါလို့ ထင်မယ်၊ သိမှု (ဝိညာဏ်) ကို ငါလို့ ထင်မယ်၊ မှတ်သားမှု (သညာ) နဲ့ ပြုလုပ်စေ့ဆော်မှု (သင်္ခါရ) တွေကို “ငါ” လို့ ထင်ချင်ထင်ပါမယ်။ ဘယ်လိုပဲထင်ထင် ခန္ဓာငါးပါးကို အမှီပြုပြီးမှ “ငါ” ဆိုတဲ့ အတွေး ပေါ်လာတာပါ။ ဒါကြောင့် တကယ့် အရှိတရားက ခန္ဓာငါးပါးသာ ဖြစ်ပြီး၊ “ငါ” ဆိုတာကတော့ အဲဒီခန္ဓာကို မှီပြီး ပေါ်လာတဲ့ “အရိပ် (ဒိဋ္ဌိ)” သက်သက်သာ ဖြစ်ပါတယ်။
အရိပ်ပြပွဲထဲက ပုထုဇဉ်များ
ပုထုဇဉ်တွေဟာ အဲဒီ “အရိပ်” ပေါ်မှာ မပြီးနိုင် မစီးနိုင် လည်ပတ် မျောပါနေကြတာပါပဲ။ တကယ်တမ်း ခွဲခြမ်း စဉ်းစားကြည့်ရင်၊ လောကကြီးမှာ အားလုံးဟာ ခန္ဓာငါးပါး ဖြစ်ပျက်နေမှု တွေချည်းပါပဲ။ ဒီလို ဖြစ်ပျက်နေတဲ့ ခန္ဓာငါးပါးကိုပဲ “ငါ၊ သူ၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ” လို့ ထင်မှတ်ပြီး၊ တကယ်မရှိတဲ့ အရိပ်တွေနောက်ကို လုံးလည်ချာလည် လိုက်နေကြတာပါ။
တကယ့် အရှိတရားဖြစ်တဲ့ ခန္ဓာငါးပါး (သင်္ခါရတရား) တွေရဲ့ အဆက်မပြတ် ဖြစ်ပျက် နှိပ်စက်နေမှု၊ ကိလေသာတွေရဲ့ ပူလောင်မှုတွေကို မမြင်နိုင်အောင် ‘မောဟ’ က ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် တဏှာ အကြိုက်တွေ့စရာလေးတွေနဲ့ ကြုံလာရင် “ငါ ချမ်းသာလိုက်တာ” ဆိုပြီး ပြုံးပြုံးနဲ့ ပျော်တောင် ပျော်နေကြပါသေးတယ်။ အရိယာ သူတော်စင်တွေရဲ့ အမြင်မှာတော့ ဒါတွေအားလုံးဟာ စက်ဆုပ်ရွံရှာဖွယ်ရာ တရားတွေချည်းပါပဲ။
လက်တွေ့ ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း
ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင် ဆိုတာတွေကို သတိလေးထားပြီး သေချာ ကြည့်လိုက်ပါ။ တကယ်တော့ အားလုံးဟာ ဖြစ်ပြီး ပျက်နေတဲ့ ခန္ဓာငါးပါး ‘ရုပ်နာမ်’ တရားတွေချည်းပဲ မဟုတ်ပါလား။
စကားပြောတယ် ဆိုတာ – ရုပ်တရား ဖြစ်ပျက်မှုသက်သက်ပါ။
လှုပ်ရှားသွားလာတယ် ဆိုတာ – ရုပ်တရား ဖြစ်ပျက်မှုသက်သက်ပါ။
စိတ်ဆိုးတဲ့အခါ မျက်လုံးတွေ ပြောင်းလဲသွားတာ – ဒါလည်း စိတ်ကြောင့်ဖြစ်တဲ့ ရုပ် ဖြစ်ပျက်မှုပါပဲ။ တကယ့် အရှိတရားက ရုပ်နာမ် ဖြစ်ပျက်မှု သက်သက်ပါ။
အတွင်းစိတ်မှာ အလုပ်လုပ်သွားပုံကို ကြည့်ရင်လည်း-
အာရုံတစ်ခုနဲ့ တိုက်မိတဲ့အခါ ခံစားမှုလေး ဖြစ်လာတယ် (ဝေဒနာက္ခန္ဓာ)။ အရင်က ကြုံဖူး၊ မြင်ဖူး၊ ကြားဖူးတာတွေကို မှတ်မိတဲ့စိတ် ပေါ်လာတယ် (သညာက္ခန္ဓာ)။ အဲဒီအပေါ်မှာ မူတည်ပြီး ကြိုက်တယ်၊ မကြိုက်ဘူး၊ လိုချင်တယ် (တဏှာ)၊ ထောင်လွှားတယ် (မာန)၊ “ငါ” ခံစားရတယ် (ဒိဋ္ဌိ) ဆိုပြီး သိမှုတွေ ဆက်တိုက် ဖြစ်လာတယ် (ဝိညာဏက္ခန္ဓာ)။ “ငါတော့ ဘယ်လို ပြောလိုက်မှ၊ လုပ်လိုက်မှ ရမယ်” ဆိုပြီး ပြင်းပြတဲ့ စွဲလမ်းမှု (ဥပါဒါန်) ပေါ်လာတယ်။ အဲဒီနောက်မှာတော့ ကိုယ်၊ နှုတ်၊ စိတ်နဲ့ အလုပ်တွေ လုပ်ဖြစ်သွားတယ် (ကာယကံ၊ ဝစီကံ၊ မနောကံ – သင်္ခါရက္ခန္ဓာ)။
ဒီဖြစ်စဉ် တစ်လျှောက်လုံးကို ကြည့်လိုက်ရင်၊ အားလုံးဟာ ခန္ဓာငါးပါး အလုပ်လုပ်သွားတာချည်းပါပဲ။ “ငါ၊ သူ၊ ယောကျ်ား၊ မိန်းမ” ဆိုတာ ဘယ်နေရာမှာမှ မပါပါဘူး။ အဲဒီ “ငါ၊ သူ” ဆိုတဲ့ အထင်ဟာ တကယ်မရှိဘဲ ပေါ်လာတဲ့ “အရိပ်” တွေ သက်သက်ပါပဲ။
ပတ်စာခွာ ဖျာသိမ်းခြင်း
ဒါကြောင့် ပုထုဇဉ်ဘဝဆိုတာ တကယ်တော့ “အရိပ်ပြပွဲကြီး” သက်သက်ပါပဲ။ တကယ်မရှိတဲ့ “ငါ၊ သူ” ဆိုတဲ့ အရိပ်တွေအပေါ် မူတည်ပြီး မဆုံးနိုင်တဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ရွံ့ရှာခြင်း၊ လေးစားခြင်း စတဲ့ သင်္ခါရတရားတွေဟာ ‘ဒိဋ္ဌိ’ ဆိုတဲ့ ကိလေသာကြောင့် အဆက်မပြတ် ဖြစ်ပေါ်နေရတာပါ။
ဒီသင်္ခါရတရား (ရုပ်နာမ်) တွေ ရှိနေသရွေ့ အို၊ နာ၊ သေ ဒုက္ခကနေ ဘယ်လိုမှ မလွတ်နိုင်ပါဘူး။ ချစ်သူနဲ့ ကွေကွင်းရခြင်း၊ မုန်းသူနဲ့ နေရခြင်း ဒုက္ခတွေလည်း ကြုံရဦးမှာပါပဲ။ ဒီဆင်းရဲဒုက္ခတွေ အားလုံးကို တဏှာက ဖန်တီးထားတာ မှန်ပေမယ့်၊ အရိပ်ပြပွဲမှာ မျောပါသွားအောင် လုပ်ထားတဲ့ ‘ဒိဋ္ဌိ’ အရင် မပြုတ်သရွေ့တော့၊ တဏှာရဲ့ အပြစ်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ ဒီသံသရာကနေ လွတ်မြောက်ချင်တယ် ဆိုရင်၊ အရိပ်ပြပွဲကနေ ထွက်ဖို့ လိုပါတယ်။ အရိပ်တွေနောက်ကို မျောမနေဖို့ လိုပါတယ်။ ဒီလို ပတ်စာခွာ ဖျာသိမ်းနိုင်ဖို့အတွက် အရာအားလုံးဟာ “ရုပ်နာမ် ပရမတ္ထ တရားတွေသာ ဖြစ်တယ်” ဆိုတာရယ်၊ အဲဒီတရား အားလုံးဟာ “အနတ္တ” (ငါ၊ သူ မဟုတ်၊ ပိုင်ဆိုင်မှုမရှိ၊ သူ့သဘောသူ ဆောင်နေခြင်းသာ ဖြစ်တယ်) ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုပါတယ်။
ဒီစာတစ်ပုဒ်တည်းနဲ့တော့ လက်တွေ့ ကျင့်စဉ် အားလုံးကို ပြည့်စုံအောင် မရေးနိုင်ပါဘူး။ အကျင့်တရားပိုင်း အတွက်တော့ ယခင်က ရေးသားခဲ့တဲ့ စာများကို ပြန်လည် ဖတ်ရှုဖို့ တိုက်တွန်းပါရစေ။ ဒီဆောင်းပါးကတော့ အရာရာဟာ “ပရမတ္ထ တရားများသာ ဖြစ်ပြီး အနတ္တ သက်သက်သာ ဖြစ်တယ်” ဆိုတာကို နားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပါတယ်။ ဖတ်ရှုသူများ အနေဖြင့် အရိပ် (ဒိဋ္ဌိ) ကို ပယ်ခွာပြီး၊ ပရမတ် အရှိတရားကို မှန်ကန်စွာ ထိုးထွင်း သိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


Leave a Reply