သာသနာ ဆိုတာဟာ တကယ်တော့ သံသရာက လွတ်ကြောင်းကို အားထုတ်ဖို့ ဆုံးမထားတာ ဖြစ်တဲ့အတွက် သာသနာမှာ ပါဝင်တဲ့ ဘိက္ခု (ရဟန်း)၊ ဥပါသကာ၊ ဥပါသိကာ တို့ကို မိတ်ဆွေတို့ မြင်ဖူးနေတဲ့ တရားအားထုတ် တဲ့ ရိပ်သာ သဘောမျိုး မြင်ကြည့်လို့ရပါတယ်။

တရားရိပ်သာ တခုမှာ ဝေယျာဝစ္စ လုပ်ကြတဲ့ လူတွေ ရှိပါတယ်။ အလှူရှင်တွေ ရှိပါတယ်။ တရားလာအားထုတ် ကြတဲ့ ယောဂီတွေ ရှိပါတယ်။ တရားပြဆရာတွေ ရှိပါတယ်။ အဲဒီတော့ ဒါကို သာသနာနဲ့ နှိုင်းယှဉ်ကြည့် လိုက်မယ် ဆိုရင်၊ သာသနာမှာ ဘိက္ခု(ရဟန်း) ဆိုတာဟာ တရားအားထုတ်မယ်ဆိုပြီး ရိပ်သာ ဝင်လာတဲ့ ယောဂီ ပါ။ ဝိနည်းဆိုတာက ယောဂီ စည်းကမ်းပါ။ တရားပြဆရာဆိုတာကတော့ အရိယာ သံဃာတွေပါ။ အလှူရှင်တွေ ဝေယျာ ဝစ္စ လုပ်သူတွေကတော့ ဥပါသကာ၊ ဥပါသိကာ (တနည်း) ဒကာ၊ ဒကာမ တွေပါ။ အဲဒီတော့ ဒကာ၊ ဒကာမ တွေက တရားအားထုတ်မယ် ဆိုရင် အကုန်ထောက်ပံ့မယ် ဆိုပြီး သဒ္ဓါတရားတွေ ထက်သန်ကြပါတယ်။

သံသရာကိုလဲ သိပြီး၊ သံသရာကိုလဲ ကြောက်ပြီး မြတ်စွာဘုရားရဲ့ သာသနာနဲ့ တွေ့တုန်းအခိုက်မှာ အကောင်းဆုံး ကို လုပ်မယ် ဆိုတဲ့ ယောက်ျားကောင်းတွေကလဲ ဘိက္ခု ဆိုတဲ့အနေနဲ့ (တနည်း) ယောဂီများအနေနဲ့ က လိုက်နာစရာ ယောဂီ စည်းကမ်းများဖြစ်တဲ့ ဝိနည်းတွေကိုလဲ လိုက်နာပြီး မဂ်ဖိုလ်အတွက် အားသွန်ခွန်စိုက် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ အဲဒီကမှာ မိမိတို့ အသီးသီးရဲ့ အလိုရှိအပ် တောင့်တအပ်တဲ့ မဂ်ဖိုလ်များ ရပြီး တဲ့အခါမှာတော့ သာသနာမှာ အရိယာ သံဃာများ အဖြစ် လူအရိယာများနဲ့ အတူတူ သာသနာအတွက် ဝိုင်းဝန်း လုပ်ဆောင်သွားကြတာဟာ မြတ်စွာဘုရားရဲ့ သာသနာပါပဲ။

လူအရိယာများနဲ့ မတူတဲ့အချက်က ရဟန်းများဟာ တရားအားထုတ်မှုကို အသက်မွေးဝမ်းကြောင်း အဖြစ်လုပ်ကြောင်း၊ မဂ်ဖိုလ် အတွက် အလုပ်လုပ်နေသော သေက္ခ ပုဂ္ဂိုလ်ဖြစ်ကြောင်း အထိန်းအမှတ်အနေနဲ့ ရဟန္တာ၏ အသွင်ဖြစ်သော သင်္ကန်းကို ဝတ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ပညတ်ချက်ဖြစ်တဲ့ သင်္ကန်းဆိုတာကတော့ အရိယာများ အနေနဲ့ အထူးအလေး အမြတ်ထားပါတယ်။ ဒီ သာသနာမှာတော့ ကြည်ညိုသူ အကုန်လုံးအတွက် နိဗ္ဗာန် သုဂတိ အကျိုးကို ပေးကြမှာ ဖြစ်ပါတယ်။

အဲဒီတော့ အခုဖြစ်နေတဲ့ ပြသနာက ရိပ်သာထဲမှာ တရားအားထုတ်မယ် ပြောပြီး ဝင်တဲ့ ယောဂီတွေဟာ ယောဂီ စည်းကမ်း ဖြစ်တဲ့ ငွေမကိုင်ရ စတဲ့ ဝိနည်းတွေကို မလိုက်နာတော့ပါဘူး။ တရားလဲ အားမထုတ်တော့ပါဘူး။ သူတို့ဟာသူတို့ စာပေကို စောင့်ရှောက်တာဟာ အင်မတန် ကြီးမြတ်တဲ့အလုပ် (မြတ်စွာဘုရားနဲ့ နှိုင်းယှဉ်အပ် သော) သုတဗုဒ္ဓ ဆိုတာကို မရှက်မကြောက် တံဆိပ်ကပ် ပြီး ဘွဲ့တံဆိပ် အမျိုးမျိုးကို တီထွင်ပြီး ရိပ်သာကို မိမိတို့ သဘောကျ စီမံ ပြုလုပ်နေကြပါတယ်။ တချို့ကတော့ ယောဂီစည်းကမ်း (ဝိနည်း) ကို လိုက်နာပေမယ့် တရား အားထုတ်တာကိုတော့ ပီပီပြင်ပြင် မလုပ်တော့ပါဘူး။ အားလုံးဟာ ဂတိတွေ မကင်းကြတော့ပဲ ယောဂီ အချင်းချင်းကိုပဲ ဖေးမပြီး အားလုံးရဲ့အကျိုးတွေကို လျစ်လျူရှုထားပါတော့တယ်။ ရိပ်သာမှာ တရားပြဆရာ (အရိယာ သံဃာ ) ကလဲ မရှိသလောက် ရှားနေပြီး တန်ဖိုးထားရကောင်းမှန်းလဲ မသိကြတော့ပါဘူး။ ဆရာခါး ဆက်ပြတ်နေခဲ့တာ အတော်ကြာပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ရိပ်သာရဲ့ မူလ ရည်ရွယ်ချက်တွေ အကုန်လုံး ပျောက်ပြီး ယောဂီများသတ်မှတ်သမျှကို ဘုရားထူးပြီး မော်ဖူးနေကြရတဲ့ ဘဝကို အားလုံး ရောက်နေကြပါတော့တယ်။ ယောဂီတွေကလဲ သူတို့ဟာ သီလစောင့်တဲ့အတွက် သူတို့ကို မပြစ်မှားဖို့ပဲ အကြိမ် ကြိမ် သတိပေးနေကြပါတယ်။ သူတို့ကိုယ်တိုင်ကတော့ ဘဝမြင့် တဲ့ အရသာ နဲ့ လိင် အရသာ လဲလှယ်လိုက်ပြီး ဘဝင်မြင့်တဲ့ အရသာနဲ့ပဲ အသက်ဆက် နေထိုင်သွားကြပါတော့တယ်။ အရက်သောက်သူ၊ ခိုးသူ၊ သတ်သူ၊ မိန်းမ လိုက်စားသူ၊ ဖဲရိုက်သူ၊ လိမ်ညာ ပြောဆိုသူ၊ သရုပ်ဆောင်သူ စတဲ့ သူတွေ အကုန်လုံးကလဲ သူတို့ရဲ့ နဂိုအကျင့်တွေကို မစွန့်ပဲ ဒီရိပ်သာကြီးထဲမှာ ယောဂီ အဖြစ်ရောက်နေပြန်ပါတယ်။

ဒါကို ဘယ်သူမှလဲ ဘာမှ မပြောရဲ အောင် ယောဂီတွေကပဲ ဘုရားမဟောခဲ့တဲ့ တရားအသစ်တွေ ထွင်ပါတယ်။ သူ့အပြစ်နဲ့ သူသွားလိမ့်မယ် မပြောနဲ့ ဆိုတာမျိုး။ သူ့အပြစ်က ကိုယ့်အပြစ် မဖြစ်စေနဲ့ ဆိုတာမျိုး၊ အတ္တ ကြီးသော ပါတ်ဝန်းကျင်ကို ဖျက်စီးသော အတွေးအခေါ်များကို သူတို့ နေရာ မပျောက်စေရေးအတွက် ဝါဒမှိုင်း တိုက်ကြပါတော့တယ်။

အဲလို လုပ်နေသမျှဟာ တရားပြဆရာများ ဖြစ်သော အရိယာ သံဃာ ဖြစ်တဲ့ ဒကာ၊ ဒကာမ များလဲ ကြည်ညိုရသော ရဟန္တာ၏ အသွင်ကို ယူပြီး လုပ်နေသည်မှာ အင်မတန်ကိုပဲ ရင်နာ စရာ ကောင်းလှ ပါတယ်။

အဲဒီတော့ အရိယာ သံဃာ များအနေနဲ့ ယောဂီဆိုးများကို ပြတ်ပြတ်သားသား ဆုံးမဖို့ နှင်လွှတ်ဖို့ အချိန်တော့ သင့်ပြီလို့ ထင်ပါတယ်။ နိုမို့ဆိုရင် ရိပ်သာ နှင့် ကျနော်ဥပမာ ပေးခဲ့သည့်အတိုင်း မြတ်စွာဘုရား သာသနာကြီး ပျက်ပါလိမ့်မည် ဖြစ်တဲ့ အကြောင်းပါ။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *