ဗုဒ္ဓအဆုံးအမဆိုတာ အင်မတန် လက်တွေ့ကျပါတယ်။ မျက်စိမှိတ် ယုံကြည်ရတဲ့၊ မမြင်ရတာတွေကို ခန့်မှန်းကြည်ညိုနေရတဲ့ အလကားပေး ယုံကြည်မှုမျိုး မဟုတ်ပါဘူး။ အရာရာကို အကြောင်းအကျိုးနဲ့ မေးခွန်းထုတ်ခွင့်၊ စမ်းသပ်ခွင့် ရှိပါတယ်။ မြတ်စွာဘုရားဟာ “တခွန်းတည်းနှင့် အမြဲမှန်သော စကားကိုသာ ဆိုလေ့ရှိတယ်” ဆိုတဲ့ ဂုဏ်တော်နဲ့အညီ၊ သဗ္ဗညုတဉာဏ်တော်အစွမ်းနဲ့ သတ္တဝါတွေ သံသရာက လွတ်မြောက်ရေးကိုသာ အဓိကထား လမ်းညွှန်ခဲ့တာပါ။

ဒီနေရာမှာ အမြစ်တွယ်နေတဲ့ အယူအမှားတချို့ကို အရင်ရှင်းလင်းဖို့ လိုပါတယ်။ သာသနာ ၂၅၀၀ ပါ၊ ၅၀၀၀ ပါ ဆိုတဲ့ သက်တမ်းသတ်မှတ်ချက်တွေဟာ ဘုရားဟော လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ “ဆုတ်ကပ်” ဆိုတဲ့ စကားလုံးဟာလည်း ပါဠိတော်မှာ မရှိပါဘူး။ ဖြစ်ကပ် နဲ့ ပျက်ကပ်သာ ရှိပါတယ်။ ပျက်ကပ်ဖြစ်နေရင် ဖြစ်ကပ်ဖြစ်အောင် အဓိပတိတရားတွေနဲ့ ပြောင်းလဲလို့ရပါတယ်။ “အခုခေတ် လူတွေ လောဘ၊ ဒေါသ ကြီးလို့ တရားထူးမရနိုင်တော့ဘူး၊ ဝိမုတ္တိယုဂ် ခေတ်ကုန်သွားပြီ” လို့ ပြောနေတာတွေဟာ ဘုရားရှင်ရဲ့ မူလအာဘော်နဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက “တရားတော်များကို သေသေချာချာ ကျင့်သုံးသူ ရှိနေသရွေ့ လောကမှာ ရဟန္တာတွေ မဆိတ်သုဉ်းဘူး” လို့ အတိအလင်း ဟောထားလို့ပါပဲ။ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့သာ ပြည့်စုံအောင် လက်တွေ့ကျင့်ကြံမယ်ဆိုရင် မိမိလိုရာ လွတ်မြောက်မှု ပန်းတိုင်ကို မလွဲမသွေ ရောက်ကိုရောက်နိုင်ပါတယ်။

သာသနာမှာ အရေးအကြီးဆုံး စည်းမျဉ်းတစ်ခုကတော့ “ဘုရားရှင် မပညတ်တာကို မပညတ်ဖို့နဲ့၊ ပညတ်ထားတာကို မပယ်ဖျက်ဖို့” ပါပဲ။ တချို့က ဒါဟာ ဝိနည်းနဲ့ပဲ ဆိုင်တယ်လို့ ဆင်ခြေပေးတတ်ကြပါတယ်။ ဒါပေမယ့် ဘုရားရှင်ဟာ စကားတစ်ဝက်တစ်ပျက် ပြောလေ့မရှိပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြောတဲ့စကားအတိုင်း အတိအကျ လိုက်နာဖို့သာ ဖြစ်ပါတယ်။ အထူးသဖြင့် “မပညတ်တာကို အသစ်မပညတ်ဖို့” ဆိုတဲ့ အချက်ကို အလေးအနက်ထားမှသာ သာသနာ သန့်စင်မှာ ဖြစ်ပါတယ်။

ဒီတော့ ရှေ့ဆက်မသွားခင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကိုယ်ဟာ ဘုရား၊ တရား၊ အရိယာသံဃာကို တကယ် ယုံသလား၊ ဒါမှမဟုတ် ပုထုဇဉ် ဘုန်းကြီးတွေ ဟောတာကိုပဲ ယုံနေသလား ဆိုတာပါ။ အနည်းဆုံး သောတာပန် (သေက္ခ) အဆင့် မရောက်သေးသရွေ့ သရဏဂုံ အပြည့်အဝ မတည်တံ့နိုင်တာ သဘာဝပါ။ ဒါပေမယ့် လုံလောက်တဲ့ သဒ္ဓါတရားရှိရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နိုင်ပါတယ်။ ဒီရတနာသုံးပါးကို မယုံကြည်ဘူး၊ ပုထုဇဉ်တွေ ပြောတာကိုပဲ ယုံမယ်ဆိုရင်တော့ ဒီစာကို ဆက်ဖတ်စရာ မလိုတော့ပါဘူး။

ရဟန်းတွေအနေနဲ့လည်း စဉ်းစားပါ။ ဒီရတနာသုံးပါးအပေါ် တကယ်မယုံကြည်ဘူးဆိုရင် အခုပဲ သင်္ကန်းချွတ်ပြီး လူထွက်လိုက်ပါတော့။ ဘိက္ခုတစ်ပါးအတွက် သဒ္ဓါတရားဟာ အသက်ပါပဲ။ ကိုယ်တိုင် မယုံကြည်ဘဲ သင်္ကန်းရုံပြီး အပူဇော်ခံနေတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ သာသနာကို အမှန်တကယ် ယုံကြည်သူတွေကိုသာ လေးစားသင့်ပါတယ်။

သာသနာတော်ဟာ ဉာဏ်နည်းသူတွေ လက်ထဲ ရောက်နေတာ ကြာပြီဖြစ်လို့ ပြင်စရာတွေ အများကြီး ရှိနေပါပြီ။ ပြင်စရာတွေရဲ့ အချုပ်ကတော့ ဘုရားစကားကို တိတိကျကျ နားထောင်ဖို့ပါပဲ။ အပြောနဲ့ အလုပ် ညီဖို့ လိုပါတယ်။ ဥပမာ – ရှင်ပြု၊ ရဟန်းခံတဲ့အခါ “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်” ဆိုပြီး သင်္ကန်းတောင်းခဲ့ကြပါတယ်။ အဲဒီကတိအတိုင်း တရားအားထုတ်ရပါမယ်။ တရားမအားထုတ်ဘူးဆိုရင် အဲဒီသင်္ကန်းတောင်း စကားကို မဆိုပါနဲ့။ တိဟိတ်ပဋိသန္ဓေဖြစ်မယ်၊ ပဉ္စာနန္တရိယကံ မရှိဘူးဆိုရင် ကြိုးစားသလောက် တရားက ရကိုရပါလိမ့်မယ်။ “ဧဟိပဿိကော” (လာလှည့်၊ ကျင့်လှည့်၊ ရှုလှည့်) ဆိုတဲ့ တရားဂုဏ်တော်ကို အမှန်တကယ် ယုံကြည်ရင် ကျနော်ပြောတာ အပိုမဟုတ်ဘူးဆိုတာ ရဟန်းတွေ သဘောပေါက်ပါလိမ့်မယ်။

လူပုဂ္ဂိုလ်တွေကို ပြောချင်တာကတော့၊ သာသနာသာ တကယ်သန့်စင်သွားမယ်ဆိုရင် ပုထုဇဉ် ဘုန်းကြီးတွေ တရားဟောဖို့တောင် လိုတော့မှာ မဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ “ကုသိုလ် သာသနာ” သက်သက် မဟုတ်ပါဘူး၊ “ပညာ သာသနာ” ဖြစ်ပါတယ်။ ဒါန၊ သီလ ဆိုတဲ့ ကုသိုလ်လောက်နဲ့ ရပ်မနေဘဲ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ အကျိုးပေးမယ့် “ပညာ” ကို ဦးစားပေး ရွေးချယ်စေချင်ပါတယ်။ လူရော ရဟန်းပါ အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဟာ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါ။

ပုထုဇဉ် ဘုန်းကြီးကို ဆရာတင် မှားရင် သံသရာမှာ နစ်မွန်းတတ်ပါတယ်။ သံသရာမှ လွတ်မြောက်သွားတဲ့ အရိယာတွေက လမ်းပြပေးဖို့ ကြိုးပမ်းနေကြပါတယ်။ မိတ်ဆွေတို့ရဲ့ တစ်ခုတည်းသော တာဝန်ကတော့ လမ်းမှန်အတိုင်း မိမိကိုယ်တိုင် မဂ်ဖိုလ်အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားဖို့ပဲ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *