“ဖြစ်တည်မှုပဓာနဝါဒ (Existentialism)” ဆိုတာကို တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ “လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုကသာ အဓိကပဲ၊ ဘယ်အရာကမှ လွှမ်းမိုးမထားဘူး၊ လူသားရဲ့ ဖြစ်တည်မှုကနေပဲ အမှန်တရားကို ရှာဖွေရမယ်” ဆိုပြီး ဘာသာတရားတွေကို ငြင်းပယ်လေ့ရှိတဲ့ ဝါဒပါ။ အမှန်တရားကို ဘောင်ခတ်မထားဘဲ လွတ်လွတ်လပ်လပ် ရှာဖွေချင်သူတွေအတွက်တော့ သဘောကျစရာပါပဲ။

ဒါပေမယ့် လက်တွေ့မှာ ဒီဝါဒရဲ့ အကြီးမားဆုံး အားနည်းချက်က “ဒါဆို ဘယ်အရာက တကယ့် အမှန်တရားလဲ” ဆိုတာကို တိတိကျကျ မဖြေရှင်းနိုင်ပါဘူး။ နောက်ထပ် ပိုဆိုးတာက လွတ်မြောက်ရာ အမှန်တရားကို ဟောပြနေတဲ့ ဗုဒ္ဓအဆုံးအမနဲ့ ကြုံကြိုက်နေလျက်သားနဲ့ မျက်လုံးမှိတ် ငြင်းပယ်လိုက်တဲ့အတွက် လွဲချော်နစ်နာသွားရခြင်းပါပဲ။ လောကကြီးရဲ့ အမှန်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့ အကူအညီမဲ့ ရှာဖွေနိုင်သူဆိုလို့ ဘုရားရှင် နဲ့ ပစ္စေကဗုဒ္ဓါ တွေပဲ ရှိပါတယ်။ ကျနော်တို့လို သာဝက (နားထောင်ပြီးမှ သိနိုင်သူ) တွေအတွက်တော့ အမှန်တရားဖြစ်တဲ့ သစ္စာတရားကို နာယူဖို့နဲ့ မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒါကြောင့် ဒီဖြစ်တည်မှုပဓာနဝါဒဟာ “ငါ” ဆိုတဲ့ မာနကြီးသူတွေအတွက် ခဏတာ သဘောကျစရာ ဖြစ်ပေမယ့်၊ တကယ့် အဆုံးစွန် အမှန်တရားကို ရှာဖွေရာမှာတော့ လမ်းဆုံးသွားမယ့် အယူအဆပါ။ သို့သော် မျက်ကန်းယုံကြည်မှုသက်သက်ကနေ အသိဉာဏ်ကို ဦးစားပေးတဲ့ လမ်းစဉ်ဆီ ကူးပြောင်းဖို့အတွက်တော့ တံတားတစ်စင်းလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီဝါဒကို လက်ကိုင်ထားဖူးသူ တစ်ယောက်အနေနဲ့၊ ဒီဝါဒီတွေ အသေအလဲ ဖက်တွယ်ထားတဲ့ “ဖြစ်တည်မှု” ဆိုတဲ့ စကားလုံးကြီးရဲ့ နောက်ကွယ်က အမှားကို ထောက်ပြချင်ပါတယ်။

“ငါ့ရဲ့ ဖြစ်တည်မှု” ဆိုတာ တကယ် ရှိသလား?

လူတိုင်းလိုလို “ငါ့ရဲ့ ဖြစ်တည်မှု၊ ငါ့ရဲ့ တန်ဖိုး” ဆိုတဲ့ စကားလုံးတွေကို သည်းခြေကြိုက် သုံးတတ်ကြပါတယ်။ တကယ်တော့ အဲဒီ ဖြစ်တည်မှု ဆိုတာဟာ ‘ဒိဋ္ဌိ’ (အထင်မှားမှု) ပိုးတွေ အပြည့်ကပ်နေတဲ့ စကားလုံးပါ။

ဒီဖြစ်တည်မှုဆိုတာကို အဓိက တည်ဆောက်ထားတဲ့ အချက် (၃) ချက် ရှိပါတယ်။ အဲဒါတွေကတော့…

၁။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားကြဘူး ဆိုတဲ့ အချက်၊

၂။ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ဟာ တည်မြဲတယ် ဆိုတဲ့ အချက် နဲ့

၃။ လူမှာ ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်ခွင့် (Free Will) ရှိတယ် ဆိုတဲ့ အချက်တွေပါပဲ။

ဒီသုံးချက်စလုံးကို လက်တွေ့ ခန္ဓာဉာဏ်နဲ့ ထိုးဖောက်ကြည့်လိုက်ရင် အကုန် ပြိုလဲသွားပါလိမ့်မယ်။

၁။ မတူကွဲပြားခြင်း ဆိုတာ လုံးဝ မရှိပါ

လောကမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူးလို့ ထင်ရပေမယ့်၊ အဲဒါတွေဟာ အပေါ်ယံ ပညတ်ချက် အခေါ်အဝေါ်တွေ သက်သက်သာ ဖြစ်ပါတယ်။ အရှိတရားကို တည့်တည့်ကြည့်လိုက်ရင် အားလုံးဟာ “ရုပ်” နဲ့ “နာမ်” သက်သက်သာ ဖြစ်ပါတယ်။

မြင်ရတဲ့ အကောင်အထည်တွေ၊ မမြင်ရတဲ့ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးကအစ အမြဲ ဖောက်ပြန်ပျက်စီးနေတာ မှန်သမျှဟာ “ရုပ်” တွေချည်းပါပဲ။ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး အကောင်အထည် လုံးဝမရှိတဲ့ ခံစားမှု၊ မှတ်သားမှု၊ စေ့ဆော်မှု၊ သိမှု တွေကတော့ “နာမ်” ပါပဲ။

ဒီ ရုပ်နာမ်တွေရဲ့ အလုပ်လုပ်ပုံဟာ လူတင်မကပါဘူး၊ မြင်ရသမျှ သတ္တဝါတွေ အားလုံးမှာ အတူတူပါပဲ။ အားလုံးဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ ရုပ်နာမ် ယန္တရားတွေချည်း ဖြစ်တဲ့အတွက်၊ “ငါ့ရဲ့ သီးခြား ဖြစ်တည်မှု၊ သူ့ရဲ့ သီးခြား ဖြစ်တည်မှု” ဆိုတာ အဓိပ္ပာယ် မရှိတော့ပါဘူး။

၂။ တည်မြဲမှု ဆိုတာ လုံးဝ မရှိပါ

ဒီရုပ်နာမ်တရားတွေဟာ တစ်စက္ကန့်လေးတောင် ရပ်တန့်မနေဘဲ အဆက်မပြတ် ဖြစ်လိုက် ပျက်လိုက် ဖြစ်နေပါတယ်။ ရုပ်ခန္ဓာမှာရှိတဲ့ ဆဲလ်တွေဟာ စက္ကန့်မလပ် သေဆုံးပြီး အသစ် ပြန်ဖြစ်နေသလို၊ နာမ် (စိတ်) ဆိုတာကလည်း အလွန်မြန်တဲ့ နှုန်းနဲ့ ဖြစ်ပေါ်ပြီး ပျက်စီးနေတာပါ။ ဒီလို အမြဲ ပြောင်းလဲ ပျက်စီးနေတဲ့ အရာတွေပေါ်မှာ “ဒါက ငါပဲ၊ ငါ့ရဲ့ ဖြစ်တည်မှုပဲ” လို့ တည်မြဲတဲ့ သဘောမျိုး သွားယူဆတာဟာ လုံးဝ မှားယွင်းပါတယ်။

၃။ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် (Free Will) ဆိုတာ လုံးဝ မရှိပါ

“ငါက လွတ်လွတ်လပ်လပ် စဉ်းစား ဆုံးဖြတ်နိုင်တယ်” ဆိုတာဟာ အကြီးမားဆုံး အထင်မှားမှုကြီးပါ။ လက်တွေ့မှာ ခံစားမှု၊ မှတ်သားမှု၊ စေ့ဆော်မှု၊ သိမှု ဆိုတဲ့ နာမ်တရား လေးပါးဟာ အမြဲတမ်း တပေါင်းတည်းဖြစ်၊ တပေါင်းတည်း ပျက်ကြပါတယ်။ ဒီလို ဖြစ်စဉ်ကြီးကို မသိတဲ့ ‘မောဟ’ က ဖုံးလွှမ်းထားတဲ့အခါ၊ လိုချင်တဲ့ ‘လောဘ’၊ မကျေနပ်တဲ့ ‘ဒေါသ’ နဲ့ “ငါ” လို့ ထင်တဲ့ ‘မာန/ဒိဋ္ဌိ’ တွေက သူတို့သဘော သူတို့ဆောင်ပြီး အလုပ်လုပ်ကြတော့တာပါပဲ။

ဥပမာ- အမှိုက်ကောက်တဲ့သူက ရေဘူးခွံလေး လိုချင်တာနဲ့၊ အီလွန်မတ်စ်က အင်္ဂါဂြိုဟ်ကို သွားချင်တာဟာ အပြင်ပန်း ပုံစံကွာပေမယ့်၊ အတွင်းက အလုပ်လုပ်သွားတဲ့ “လိုချင်မှု (တဏှာ)” သဘောတရားကတော့ အတူတူပါပဲ။ ကိုယ့်ရဲ့ အတိတ်က အတွေ့အကြုံ (သညာ) နဲ့ အာရုံတိုက်မိမှုအပေါ် မူတည်ပြီး၊ လိုချင်မှုတရားက သူ့သဘောသူဆောင်ပြီး ပေါ်လာတာပါ။ အဲဒီအပေါ်မှာ ‘ဒိဋ္ဌိ’ ဝင်လာပြီး “ငါ လိုချင်တာ၊ ငါ ဆုံးဖြတ်တာ” လို့ နာမည်တပ်လိုက်တာပါ။

တကယ်တမ်းမှာ “ငါ” လည်း မရှိသလို၊ “ငါ ဆုံးဖြတ်တာ” လည်း မဟုတ်ပါဘူး။ အရာအားလုံးဟာ “အကြောင်းကြောင့် အကျိုးဖြစ်ပျက်နေတာ” သက်သက်သာ ဖြစ်ပါတယ်။ အထူး သတိပြုရမှာက “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့၊ ငါ မပိုင်လို့ ဘာမှလုပ်လို့မရဘူး၊ အားလုံး ပြီးသွားပြီ” ဆိုတဲ့ လက်မြှောက်အရှုံးပေးရမယ့် အဆိုးမြင်ဝါဒ မဟုတ်ပါဘူး။ အမှားကို အမှားမှန်းသိပြီး၊ မလိုအပ်တဲ့ အစွဲအလမ်း အပူမီးတွေကို စွန့်လွှတ်နိုင်ဖို့ အရှိကို အရှိအတိုင်း မြင်အောင် ကြည့်ခြင်းသာ ဖြစ်ပါတယ်။

နိဂုံး (သုညတ ဓမ္မ သို့တည်းမဟုတ် အေးငြိမ်းရာ)

“ငါ” ဆိုတဲ့ ဖြစ်တည်မှုကြီးကို ဘေးဖယ်ထားပြီး၊ လက်ရှိ ပစ္စုပ္ပန်တည့်တည့်ကို သတိလေးကပ်ပြီး ကြည့်လိုက်ပါ။ ပစ္စုပ္ပန်မှာ ပေါ်လာသမျှဟာ “ငါ” မဟုတ်တဲ့၊ “သူ” မဟုတ်တဲ့ ရုပ်နဲ့ နာမ် ဓမ္မလေးတွေ ဖြစ်ပြီး ပျက်သွားတာပဲ ရှိပါတယ်။

အဲဒီလို ဖြစ်ပြီး ပျက်သွားတဲ့ နောက်ကွယ်ကို အမြင်မှန် လေးနဲ့ ကြည့်လိုက်ရင် “ငါ” ဆိုတာလည်း မရှိဘူး၊ “ငါ လုပ်ခဲ့တယ်” ဆိုတာလည်း မရှိဘူး၊ “ပုဂ္ဂိုလ် သတ္တဝါ” ဆိုတာလည်း မရှိပါဘူး။ အရာအားလုံး ဆိတ်သုဉ်းပြီး လွတ်ဟာနေတဲ့၊ ဒါပေမယ့် အလွန် ငြိမ်းချမ်းတဲ့ “သုညတ ဓမ္မ” လို့ခေါ်တဲ့ အေးငြိမ်းရာ သဘောတရားလေးသာ ရှိပါတယ်။

လူတိုင်း လူတိုင်းရဲ့ ခန္ဓာမှာ ဒီအမှန်တရားလေးဟာ ထပ်တူညီစွာ တည်ရှိနေပါတယ်။ အဲဒီအဆင့် ရောက်သွားပြီဆိုရင် ဘယ်သူ့ကိုမှ “ငါ” နဲ့ “သူ” လို့ ခွဲခြားစရာ မရှိတော့ပါဘူး။ အားလုံးဟာ သူ့သဘောသူ ဆောင်နေတဲ့ ‘အနတ္တ’ ဓမ္မတွေချည်းပါပဲ။ “ငါ” ဆိုတဲ့ ဖြစ်တည်မှုဟာ အစကတည်းကလည်း မရှိခဲ့သလို၊ အခုလည်း မရှိ၊ နောင်လည်း ဘယ်တော့မှ ရှိလာမယ့်အရာ မဟုတ်ပါဘူး လို့ ရဲရဲဝံ့ဝံ့ သိမြင်သွားခြင်းဖြင့်၊ လူ၊ ရဟန်း အရိယာ သူတော်စင်တွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *