တချို့က ဗုဒ္ဓအဆုံးအမကို လူသားကိုးကွယ်တဲ့ဝါဒ၊ ရုပ်တုဆင်းတုကိုးကွယ်တဲ့ဝါဒ၊ အုတ်ပုံကိုးကွယ်တဲ့ဝါဒလို့ အမျိုးမျိုး သမုတ်တတ်ကြ၊ အသားယူ ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် သေချာနက်နက်နဲနဲ လေ့လာကြည့်ရင် ဒီအဆုံးအမဟာ “ဘာသာတရား (Religion)” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖို့ မသင့်တော်လောက်အောင် ကွဲထွက်နေတာကို တွေ့ရပါမယ်။ တကယ်တမ်း ကျွန်တော်တို့ ခိုလှုံရာ၊ လဲလျောင်းရာ၊ ကိုးကွယ်ရာအစစ်ဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး။ သံသရာမှ လွတ်မြောက်ကြောင်း “ပညာ” သက်သက်ကိုသာ ကိုးကွယ်ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓသာသနာလို့ အမည်တွင်နေတဲ့ ဒီအဆုံးအမမှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတာ တကယ်တမ်း မရှိတဲ့အတွက်၊ ကိုးကွယ်စရာ သတ္တဝါဆိုတာ လုံးဝ မရှိပါဘူး။ ပညာကိန်းတဲ့ ရုပ်နာမ်ဖြစ်စဉ်ကိုသာ ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ သရဏဂုံသုံးပါးကို ကြည့်ပါ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ ဆိုတဲ့အခါ အကြီးကျယ် အမြင့်မြတ်ဆုံးသော အနန္တဂုဏ်ထိုက်တဲ့ သဗ္ဗညုတဉာဏ်တော်ဆိုတဲ့ “ပညာ” ကို ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆိုတာက အဲဒီပညာကနေ ထွက်ပေါ်လာတဲ့ လမ်းညွှန်ချက် စကားတော်တွေကို ခိုလှုံခြင်းပါ။ “သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတဲ့နေရာမှာလည်း အရိယာသံဃာတွေရဲ့ ပညာကို လေးစားဆည်းကပ်ခြင်းပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုပဲ မိမိကိုယ်တိုင်လည်း သံသရာက လွတ်မြောက်ချင်လို့ပါပဲ။ ဒါကြောင့် ရတနာသုံးပါးစလုံးဟာ “ပညာ” တွေချည်းသာ ဖြစ်ပါတယ်။
အင်္ဂလိပ်လို Religion ဆိုတဲ့ စကားလုံးဟာ ဖန်ဆင်းရှင်ကို အခြေခံတဲ့ ဝါဒတွေကနေ ဆင်းသက်လာတာပါ။ သမိုင်းမှာ ကြည့်ရင် ဖန်ဆင်းရှင်က ခိုင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သောက်သောက်လဲ သတ်ဖြတ်ခဲ့ကြတဲ့ အရိပ်ဆိုးကြီးတွေ ရှိခဲ့ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမက အဲဒီလို အမိန့်ပေးစေခိုင်းတဲ့ စနစ်မျိုး လုံးဝ မဟုတ်ပါဘူး။ ဒါကြောင့် “ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားလုံးထဲကနေတောင် ဆွဲထုတ်ပြီး “ဗုဒ္ဓသာသနာ” သို့မဟုတ် “ပညာသာသနာ” လို့သာ သုံးနှုန်းစေချင်ပါတယ်။ သာသနာဝင် ဆိုတဲ့ နေရာမှာလည်း ရဟန်းတွေသာမက ဥပါသကာ၊ ဥပါသိကာ ဆိုတဲ့ လူပုဂ္ဂိုလ်တွေအထိ အားလုံး ပါဝင်ပါတယ်။
ဒီသာသနာဟာ သတ္တဝါဆိုတာ မရှိ၊ ရုပ်နဲ့နာမ် အကြောင်းအကျိုး ဆက်စပ်ဖြစ်ပျက်နေခြင်းသာ ရှိတယ်ဆိုတဲ့ “အနတ္တ” ဝါဒဖြစ်ပါတယ်။ ဒီနေရာမှာ “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒ (Pessimism) ကို လုံးဝ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်နာမ်ရဲ့ အလုပ်လုပ်ပုံကို မှန်ကန်စွာ သိမြင်ပြီး၊ မိမိရောက်လိုတဲ့ လွတ်မြောက်မှုဆီကို ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးနဲ့ ပြည့်စုံအောင် လက်တွေ့ကျကျ ဉာဏ်နဲ့ စီမံရမယ့် အလုပ်ဖြစ်ပါတယ်။
မြတ်စွာဘုရားက သာသနာပြန့်ပွားရေးကို နံပါတ်တစ် အနေနဲ့ မဟောခဲ့ပါဘူး။ မိမိကိုယ်တိုင် သံသရာက လွတ်မြောက်အောင် အရင်လုပ်ခြင်းဟာ လူသားတစ်ဦးချင်းစီရဲ့ တန်ဖိုးကို အမြင့်မားဆုံး ပေးထားတာပါ။ ကိုယ်တိုင် သိမြင်လွတ်မြောက်သွားတဲ့ အခါမှာလည်း ဘာဆက်လုပ်ပါ၊ ညာလုပ်ပါလို့ ဘာတစ်ခုမှ မတောင်းဆိုပါဘူး။ သာသနာဖြန့်ဝေဖို့တောင် အတင်းအကျပ် မတောင်းဆိုပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်ခွင့်ရှိတဲ့ အဆုံးစွန်သော လွတ်လပ်မှု (Ultimate Freedom) ကြီး ဖြစ်ပါတယ်။
ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပညာသာသနာကို ဘယ်ဘာသာတရားနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ သိပ္ပံပညာဆိုတာလည်း ဗုဒ္ဓရဲ့ ဉာဏ်တော်ကို ခြေဖျားတောင် မမီပါဘူး။ ယှဉ်ပြိုင်ရမယ့် အဆင့်တောင် မဟုတ်ပါဘူး။ သိပ္ပံပညာရှင်ကြီးတွေကိုယ်တိုင် ခန္ဓာဉာဏ်ရောက် အားထုတ်လို့ အရိယာတွေ ဖြစ်သွားပြီးမှ၊ သူတို့ရဲ့ အယူဝါဒပေါင်းစုံ၊ တွေးခေါ်မှုပေါင်းစုံနဲ့ ဒီသာသနာကို အပြစ်ရှာ စမ်းသပ်ကြည့်စေချင်ပါတယ်။ အဲဒီလို စမ်းသပ်လေလေ၊ ဗုဒ္ဓရဲ့ အဆုံးအမက ဘယ်လောက် ခိုင်မာမှန်ကန်ကြောင်း ကမ္ဘာက ပိုသိလာလေလေ ဖြစ်မှာပါ။
ကျွန်တော်တို့အနေနဲ့ ဒီလို အပြစ်ဆိုဖွယ်ရာ မရှိတဲ့၊ လွတ်လပ်မှု အပြည့်အဝရှိတဲ့၊ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ဗုဒ္ဓ(သိသူ) ရဲ့ အဆုံးအမ (သာသနာ) ကို ကမ္ဘာကြီးဆီ တင်ပို့ဖြန့်ဝေဖို့ အချိန်ရောက်လာမှာပါ။ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးအတွက် ဒီစစ်မှန်တဲ့ “ပညာသာသနာ” အကြောင်းကို ကမ္ဘာက သိအောင် ရဲရဲဝင့်ဝင့် မျှဝေကြရမှာ ဖြစ်ပါတယ်။


Leave a Reply