စနေ၊ တနင်္ဂနွေ ပိတ်ရက် မနက် ၁၀ နာရီလောက်ဆိုတာ အလုပ်ပူပင်သောကတွေကနေ ခဏကင်းကွာပြီး အိမ်မှာ သက်တောင့်သက်သာလေး နားနေရတဲ့ အချိန်ပါ။ ကော်ဖီလေး တစ်ခွက်သောက်၊ ကိုယ်ဝါသနာပါတာလေး လုပ်ရင်း စိတ်ထဲမှာ ပေါ့ပါးပြီး အေးချမ်းနေတတ်ပါတယ်။

အဲဒီလို အေးချမ်းပြီး ပျော်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိလေးကပ်ပြီး ပြန်ကြည့်ဖူးပါသလား။ ကျွန်တော်တို့ အများစုက အဲဒီခံစားချက်ကို “ငါ ပျော်နေတယ်၊ ငါ အေးချမ်းနေတယ်” ဆိုပြီး အလိုအလျောက် ပိုင်ရှင် ဝင်လုပ်လိုက်ကြပါတယ်။

ဒီ “ငါ ပျော်တယ်” ဆိုတဲ့ အတွေးလေး ဝင်လာတာနဲ့ ပြဿနာက စပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ “ငါ ပျော်တယ်” လို့ ထင်လိုက်တဲ့အတွက် အဲဒီပျော်ရွှင်မှုကို အမြဲတမ်း ပိုင်ဆိုင်ထားချင်တဲ့ လောဘ (တဏှာ) ကပ်ပါလာလို့ပါပဲ။ ပိတ်ရက်ကုန်လို့ တနင်္လာနေ့ အလုပ်ပြန်သွားရတော့မယ် ဆိုတာနဲ့ အဲဒီ “ငါ့ရဲ့ ပျော်ရွှင်မှု” ကြီး ပျောက်ဆုံးသွားမှာကို တွေးပြီး ကြိုတင် ပူလောင်နေတတ်ကြပါတယ်။

စိတ္တာနုပဿနာ (အရှိကို အရှိအတိုင်း ကြည့်ခြင်း)

ဝိပဿနာအမြင် (စိတ္တာနုပဿနာ ရှုထောင့်) ကနေ ကြည့်မယ်ဆိုရင်တော့ အဲဒီလို မဟုတ်တော့ပါဘူး။

ပိတ်ရက်မှာ အနားရလို့၊ အကြိုက်ဆုံး ကော်ဖီလေး သောက်ရလို့၊ ရာသီဥတုလေး ကောင်းနေလို့ ဆိုတဲ့ အကြောင်းတိုက်ဆိုင်မှုတွေကြောင့် “ပျော်တဲ့ စိတ်ကလေး (သို့မဟုတ်) ပေါ့ပါးတဲ့ နာမ်တရားလေး” တစ်ခု ဖြစ်ပေါ်လာတာ သက်သက်ပါပဲ။ အဲဒီ ပျော်တဲ့စိတ်ကလေးဟာ ဖြစ်ပေါ်လာပြီးရင် သူ့သဘာဝအတိုင်း ပြန်ပျက်သွားမှာပါပဲ။

အဲဒီမှာ “ငါ” ဆိုတာ ဘယ်နေရာမှ မပါပါဘူး။ “ငါ” ပျော်တာ မဟုတ်ပါဘူး။ “ပျော်တဲ့စိတ်ကလေး” အလုပ်လုပ်သွားတာပါ။

“ငါ ပျော်တယ်” လို့ စွဲလမ်းလိုက်ရင် အဲဒီပျော်ရွှင်မှု ပျောက်သွားတဲ့အခါ ဆင်းရဲဒုက္ခ ရောက်ရပါတယ်။ ဒါပေမဲ့ “ဪ.. ပျော်တဲ့စိတ်ကလေး ဖြစ်လာပါလား” လို့ အရှိကို အရှိအတိုင်း တည့်တည့်ကြည့်တတ်သွားရင်တော့၊ အဲဒီစိတ်ကလေး ပျက်သွားတဲ့အခါမှာလည်း “သဘာဝတရားတစ်ခု ဖြစ်ပြီး ပျက်သွားတာပဲ” လို့ နားလည်သွားတဲ့အတွက် ဘာပူလောင်မှုမှ မကျန်ခဲ့တော့ပါဘူး။

လွတ်မြောက်မှုဆိုတာ လက်တွေ့ပါ

ဝိပဿနာအားထုတ်တယ်၊ စိတ်ကို စောင့်ကြည့်တယ် ဆိုတာ ပူလောင်တဲ့စိတ်၊ ဒေါသထွက်တဲ့စိတ်တွေ ပေါ်လာမှချည်း လုပ်ရတာ မဟုတ်ပါဘူး။ ဒီကနေ့ ပိတ်ရက် မနက်ခင်းလေးမှာ ဖြစ်ပေါ်နေတဲ့ ပေါ့ပါးတဲ့စိတ်၊ သက်တောင့်သက်သာဖြစ်တဲ့ စိတ်ကလေးတွေကိုလည်း “ငါ” လို့ မစွဲဘဲ၊ “သဘောတရားလေးတစ်ခု အလုပ်လုပ်နေတာပါလား” လို့ ပေါ့ပေါ့ပါးပါးလေး စောင့်ကြည့်ရုံပါပဲ။

ဒီလို အရှိကို အရှိအတိုင်း မြင်အောင် ကြည့်တဲ့အလုပ်ကို နေ့စဉ်ဘဝမှာ လက်တွေ့ ကျင့်သုံးသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ ဘာသာရေး အခွံအကာတွေကို ခွာချပြီး၊ အမှန်တရားကို ကိုယ်တိုင် ဉာဏ်နဲ့မြင်တဲ့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အစွဲအလမ်းကင်းကင်းနဲ့ ပိတ်ရက် မနက်ခင်းလေးကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *