စနေနေ့ မနက် ၁၀ နာရီဆိုတာ တစ်ပတ်တာ အလုပ်ပန်းသမျှတွေကို ခဏချပြီး ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေး အနားယူတတ်တဲ့ အချိန်လေးပါ။ ဒီလိုအချိန်မှာ စိတ်ကလေးက ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိနေတတ်ပါတယ်။
ဒီလို ပေါ့ပါးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိလေးကပ်ကြည့်ဖူးပါသလား?
ကော်ဖီခွက်ကို ကိုင်လိုက်တဲ့ နွေးထွေးတဲ့ အထိအတွေ့၊ သောက်လိုက်တဲ့ အရသာ၊ ပြီးတော့ “ကောင်းလိုက်တာ၊ အေးချမ်းလိုက်တာ” ဆိုပြီး သဘောကျသွားတဲ့ စိတ်ကလေး။ များသောအားဖြင့်တော့ ကျွန်တော်တို့က အဲဒီ ဖြစ်စဉ်တွေအပေါ်မှာ “ငါ သောက်နေတယ်၊ ငါ ပေါ့ပါးနေတယ်” ဆိုပြီး အလိုအလျောက် ပိုင်ရှင် ဝင်လုပ်လိုက်ကြပါတယ်။
တကယ်တမ်း ဉာဏ်နဲ့ သေချာကြည့်လိုက်ရင် အဲဒီမှာ “ငါ” ဆိုတာ ဘယ်နေရာမှာမှ မပါပါဘူး။
ကော်ဖီအရသာကို သိလိုက်တဲ့ သဘောတရား၊ သဘောကျသွားတဲ့ သဘောတရား၊ ပေါ့ပါးသွားတဲ့ သဘောတရားလေးတွေက အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး သူ့အလိုလို ပြန်ပျက်သွားတာ သက်သက်ပါပဲ။ “ကိုယ်ပိုင်” လို့ ဆုပ်ကိုင်စရာ၊ အနှစ်သာရရှာစရာ ဘာမှမရှိပါဘူး။
ဝိပဿနာဆိုတာ မျက်လုံးမှိတ်၊ ငြိမ်သက်ပြီး တရားထိုင်နေမှ ရတာမဟုတ်ပါဘူး။ ဒီလို စနေနေ့ မနက်ခင်း ကော်ဖီလေးသောက်ရင်း ပေါ်လာတဲ့ ပေါ့ပါးတဲ့စိတ်၊ ကျေနပ်တဲ့စိတ်လေးတွေကို “ဪ.. ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ ငါမှ မဟုတ်တာ” လို့ အရှိကို အရှိအတိုင်း တည့်တည့်စောင့်ကြည့်နေတာဟာလည်း အကောင်းဆုံးသော စိတ္တာနုပဿနာ လက်တွေ့အလုပ်ပါပဲ။
ဘာသာရေး အခွံအကာတွေ၊ စာအုပ်ကြီးတွေကို ခဏချထားပြီး၊ ဒီမနက်ခင်းလေးမှာ ကော်ဖီသောက်ရင်း ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါးလေး စောင့်ကြည့်ကြပါစို့။
ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အရှိတရားကို မြင်ပြီး ပေါ့ပါးလွတ်ကင်းနိုင်ကြပါစေ။


Leave a Reply