တကယ်တော့ မြတ်စွာဘုရားရဲ့ သာသနာဟာ သံသရာက လွတ်အောင် ကျင့်ကြံအားထုတ်လိုသူတွေအတွက်၊ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော် အစွမ်းနဲ့ စား၊ ဝတ်၊ နေရေး မပူရလေအောင် ဘိက္ခုဆိုတဲ့ အဖွဲ့အစည်းကို စီမံပေးထားတာပါ။ ဒီကမှတစ်ဆင့် သံသရာကလွတ်အောင် ကြိုးစားနေတဲ့ အစုအဖွဲ့ဖြစ်တဲ့အတွက် အရိယာပုဂ္ဂိုလ်တွေ အဆက်မပြတ် ပေါ်ထွက်နေမှာဖြစ်ပြီး၊ ထိုသို့ ထွက်ပေါ်လာသော သံဃာရတနာ (အရိယာသံဃာ) များကို ဥပါသကာ၊ ဥပါသိကာများအနေနဲ့ ကိုးကွယ်ဆည်းကပ်ခြင်းအားဖြင့် လွတ်မြောက်ခြင်းအကျိုး၊ သုဂတိအကျိုးတို့ကို ရစေမယ့် သဘောမျိုး စီမံထားတာ ဖြစ်ပါတယ်။

ဒီတော့ ဘိက္ခုအစုအဖွဲ့ထဲမှာ သက်တောင့်သက်သာနဲ့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် အချိန်ကုန်အောင် စောင့်နေသူတွေဆိုတာ လုံးဝ မရှိသင့်ပါဘူး။ အားလုံးဟာ “သံသရာက လွတ်အောင် လုပ်မယ်” ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ သင်္ကန်းလဲလာပြီး၊ လက်တွေ့ တရားအားထုတ်သူတွေသာ ဖြစ်ရပါမယ်။

တရားအားထုတ်တယ်ဆိုရာမှာလည်း အပြင်ဘက်ကို ရှာနေတာမျိုး မဟုတ်ဘဲ၊ မိမိရဲ့ စိတ်အစဉ်မှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို အရှိကိုအရှိတိုင်း စောင့်ကြည့်သိမြင်တဲ့ စိတ္တာနုပဿနာအလုပ်ကို စိုက်လိုက်မတ်တတ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စိတ်ညစ်စရာ၊ ပူလောင်စရာတွေ ကြုံလာတဲ့အခါ “ငါ တွေးနေတယ်၊ ငါ ခံစားနေရတယ်” ဆိုတဲ့ အစွဲကို ဖြိုခွင်းပြီး၊ အလုပ်လုပ်သွားတာဟာ ခံစားတတ်တဲ့ နာမ်တရားသက်သက်သာ ဖြစ်တယ်ဆိုတာကို မျက်မှောက်ပြုရမှာပါ။

ဒါပေမယ့် အခုခေတ်မှာတော့ သံသရာလွတ်ကြောင်းက မဖြစ်နိုင်တော့ဘူးဆိုပြီး အချောင်ခို ဆင်ခြေပေးလာကြပါတယ်။ တချို့က “အနတ္တ” ဆိုတာကို “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒ (Pessimism) ဘက်ကို လှည့်တွေးပြီး တရားအားမထုတ်ဘဲ နေတတ်ကြတယ်။ တကယ်တော့ အနတ္တဆိုတာ အဲဒီလို လက်မြှောက်အရှုံးပေးရမယ့် သဘောတရား မဟုတ်ပါဘူး။ တရားတွေရဲ့ အကြောင်းအကျိုးဖြစ်ပျက်မှု ဖြစ်စဉ်ကို တိတိကျကျ သိတဲ့အခါ၊ အဲဒီဖြစ်စဉ်ပေါ်မှာ ဉာဏ်နဲ့ သုံးသပ်ပြီး မိမိတို့ အလိုရှိအပ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင် ပညာရှိရှိ စီမံနိုင်တယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အလုပ်ဖြစ်ပါတယ်။

ဒီလို လက်တွေ့အလုပ်ကို မလုပ်ဘဲ၊ တချို့ရဟန်းတွေဟာ ပါရမီရှင်တွေမှ ရနိုင်မယ်ဆိုတဲ့ အထင်နဲ့ ထိုင်ပြီး ဆုတောင်းနေကြပါတယ်။ တကယ်တော့ ဆုတောင်းခြင်း၊ ကတိသစ္စာပြုခြင်းဆိုတာ ဘုရားအလောင်းတော်တွေ၊ အဂ္ဂသာဝက၊ မဟာသာဝကတွေလို ကြီးမားတဲ့ ရုပ်နာမ်သဘာဝတွေအတွက်သာ လိုအပ်တာပါ။ သာမန် ပကတိသာဝကတွေအနေနဲ့ ဆုတောင်းနေဖို့ မလိုဘဲ၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးကိုသာ လက်ကိုင်ပြုပြီး ကြိုးစားအားထုတ်မယ်ဆိုရင် မိမိလိုတာ မလွဲမသွေ ပြည့်ဝမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဟောထားတဲ့အတိုင်း မှန်ကန်စွာ အားထုတ်မယ်ဆိုရင် ၇ ရက်၊ ၇ လ၊ ၇ နှစ်အတွင်း အရိယာများ ဖြစ်လာနိုင်ပါတယ်။ အသက် ၂၀ မှာ သာသနာဘောင်ဝင်ပြီး တရားအားထုတ်သူဟာ အသက် ၃၀ မှာ မဂ်ဖိုလ်ရပြီး ဖြစ်နေပြီ ဖြစ်ပါတယ်။ အဲဒီတော့မှသာ တရားဟောတာ၊ တရားတော်များကို သင်ယူတာ စတာတွေကို မိမိဆန္ဒအလျောက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားကတော့ သာသနာဘောင်တွင်းက ဘိက္ခုများကို ရဟန္တာဖြစ်တဲ့အထိ အားထုတ်ဖို့ အကြိမ်ကြိမ် လမ်းညွှန်ခဲ့ပါတယ်။

အခုတော့ အဲဒီလို မဖြစ်နိုင်တော့အောင် အကျိုးပေးနေတဲ့ စာပေတွေကိုပဲ ကျက်တော့မယ်ဆိုပြီး၊ မြတ်စွာဘုရား မပညတ်ထားတဲ့ နည်းလမ်းတွေ ပညတ်ကာ ထင်သလို ကျဲနေကြပါတယ်။ စာပေသင်တယ်ဆိုတာဟာ လောကီကိစ္စသက်သက်ပါ။ ဘာမှ ထူးခြားလှတဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီအပြင် တရားအားမထုတ်တဲ့အတွက် တစ်သက်လုံး အရိယာ မဖြစ်နိုင်တော့တာကို စာတတ်တယ်ဆိုတဲ့ ဂုဏ်တွေနဲ့ ဖုံးပြီး၊ ကိုယ့်ဟာကိုယ် ဘဝမြင့်၊ ဘဝမေ့နေကြတာဟာ လက်ရှိ ဘုန်းကြီးအသိုင်းအဝိုင်းရဲ့ ရင်လေးဖွယ် အဖြစ်အပျက်ပါပဲ။

မြတ်စွာဘုရားရဲ့ ဖွဲ့စည်းပုံမှာ အစဉ်အလိုက် မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ဆိုပြီး ရှိနေတာကို ကိုယ့်ဟာကိုယ် ပကတိသာဝက စာရင်းတောင် မဝင်တာကို သဘောမပေါက်ဘဲ၊ ဘုရားနဲ့ နှိုင်းချင်ကြတဲ့ ဂုဏ်ရူးဘုန်းကြီးတွေ ကြီးစိုးနေတာကတော့ လက်ရှိ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။

ကျနော်တို့ ရေးသားနေရခြင်းရဲ့ အဓိက ရည်မှန်းချက်က လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတရား အားမထုတ်ကြသော ဘုန်းကြီးများအနေနဲ့ အချောင်နေ အချောင်စား ဘုရားထူးခံပြီး ငရဲစုနေကြမယ့်အစား၊ မြတ်စွာဘုရားဆီက လိမ်ညာစားသောက်နေမယ့်အစား၊ အရှက်မရှိသော (အလဇ္ဇီ) ဘဝမှာ နေမယ့်အစား လူထွက်ပြီး ကိုယ်သန်ရာ လောကီအလုပ်ကို လုပ်ကြဖို့ပဲ ပြောချင်ပါတယ်။ မြတ်စွာဘုရားရဲ့ ဖြူစင်တဲ့ အဖွဲ့အစည်းကြီးကို အဖတ်ဆယ်လို့ မရလောက်အောင် ထိပ်ဆုံးမှာထိုင်ပြီး မဖျက်ဆီးစေလိုတဲ့အတွက် ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *