ကျနော်တို့ ပတ်ဝန်းကျင်မှာ တရားစခန်းဝင်ပြီး ပြန်လာတဲ့သူတွေ၊ တရားရိပ်သာကို မကြာခဏ သွားနေတဲ့သူတွေကို လေ့လာကြည့်ဖူးလား။ တချို့က တရားအားထုတ်လေလေ၊ သူတို့ရဲ့ စိတ်ထဲမှာ “ငါ” ဆိုတဲ့ အတ္တ (Ego) က ပိုပိုပြီး ကြီးထွားလာလေလေ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။
“ငါက တစ်နေ့ကို နှစ်နာရီ ထိုင်နိုင်တယ်”
“ငါ့စိတ်တွေက အခုဆို အရမ်းငြိမ်နေပြီ”
“ငါက တရားကျင့်နေတဲ့ ယောဂီ၊ ဟိုလူတွေက တရားမသိတဲ့ လူမိုက်တွေ”
ဒီလို အတွေးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး၊ တရားမအားထုတ်နိုင်သေးတဲ့ လူဝတ်ကြောင်တွေကို အထင်သေးတဲ့ အကြည့်မျိုးနဲ့ ကြည့်တတ်လာကြတယ်။ ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ “တရားအစွဲ” (Spiritual Ego) ပါပဲ။ တရားအားထုတ်တယ် ဆိုတာ “ငါ” ကို ပယ်သတ်ဖို့ လုပ်တာပါ။ ဒါပေမဲ့ နည်းလမ်းလွဲသွားတဲ့အခါ၊ အရှိကို အရှိအတိုင်း မမြင်တဲ့အခါ တရားအားထုတ်ခြင်းဟာ “ငါ” ဆိုတဲ့ ပညတ်ကြီးကို ပိုပြီး ဆူဖြိုးလာအောင် အစာကျွေးနေသလို ဖြစ်သွားတတ်ပါတယ်။
ဒီဆောင်းပါးမှာ ဥပါသကာ၊ ဥပါသိကာတွေအနေနဲ့ ဒီထောင်ချောက်ထဲကို မကျရောက်စေဖို့၊ တရားအားထုတ်ခြင်းရဲ့ အနှစ်သာရ အစစ်အမှန်ဖြစ်တဲ့ စိတ္တာနုပဿနာ လမ်းကြောင်းပေါ်ကို ဘယ်လို တည့်တည့်လျှောက်ရမလဲ ဆိုတာကို ရှင်းထုတ်ပြချင်ပါတယ်။
သမထ ထောင်ချောက် နှင့် “ငြိမ်သက်သော ငါ”
ယောဂီတော်တော်များများဟာ တရားအားထုတ်တယ် ဆိုတာကို “စိတ်ကို ငြိမ်အောင်လုပ်ခြင်း” လို့ပဲ ပုံသေကားကျ မှတ်ထားကြတယ်။ ဒါကြောင့် တရားထိုင်တဲ့အခါ စိတ်ကို အတင်းဖိနှိပ်တယ်၊ အတွေးမဝင်အောင် အတင်းပိတ်ဆို့တယ်။ အဲဒီလို လုပ်ရင်းနဲ့ တစ်ခါတလေ စိတ်ကလေးက တကယ်ပဲ ငြိမ်ကျသွားတယ်။ ချမ်းသာသွားတယ်။
အဲဒီအချိန်မှာ ဘာဝင်လာသလဲ ဆိုတော့ “ငါ့စိတ်ကလေး ငြိမ်နေပြီ၊ သိပ်ကောင်းတာပဲ” ဆိုတဲ့ “လောဘ” ဝင်လာပါတယ်။ အဲဒီ ငြိမ်သက်မှုကို တွယ်တာသွားတာပါ။ အဲဒီ ငြိမ်သက်မှုလေး ပျက်သွားမှာကို ကြောက်နေပြီး၊ ပတ်ဝန်းကျင်က အသံလေး နည်းနည်းကြားတာနဲ့ “ငါ့ တရားအနှောင့်အယှက် ဖြစ်တယ်” ဆိုပြီး ဒေါသတွေ ထွက်တော့တာပါပဲ။
ဒီနေရာမှာ သေချာကြည့်ပါ။
“ငါ့စိတ် ငြိမ်နေပြီ” ဆိုတာ “သက္ကာယဒိဋ္ဌိ” (ငါ ဆိုတဲ့ အစွဲ) ပါ။
“ငြိမ်သက်မှုကို တွယ်တာတာ” ဟာ “လောဘ” ပါ။
“အနှောင့်အယှက်ကို မုန်းတာ” ဟာ “ဒေါသ” ပါ။
တရားထိုင်နေရင်းနဲ့ ဒိဋ္ဌိ၊ လောဘ၊ ဒေါသ တွေ တန်းစီပြီး ဖြစ်နေတာကို ကိုယ်တိုင် မသိလိုက်ဘူး။ ဘာကြောင့်လဲ? “ငါ” က ဝင်ပြီး ခြယ်လှယ်နေလို့ပါ။ တရားအားထုတ်တယ် ဆိုတာ စိတ်ကို ကောင်းအောင် ပြင်တာ မဟုတ်ဘူး၊ “ငြိမ်သက်တဲ့ ငါ” တစ်ကောင်ကို ဖန်တီးယူတာ မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။
စိတ္တာနုပဿနာ – “ငါ” မပါသော စောင့်ကြည့်ခြင်း
ကျနော်တို့ သွားရမယ့်လမ်းက အဲဒီ “ငါ” ကို ဖြုတ်ချမယ့်လမ်းပါ။ ခန္ဓာကိုယ်ထဲမှာ၊ စိတ်ထဲမှာ ခိုင်မြဲတဲ့ “ငါ” ဆိုတာ မရှိဘူး၊ “ရုပ်နာမ် ဖြစ်စဉ်တွေရဲ့ အလုပ်လုပ်နေမှု သက်သက်ပဲ ရှိတယ်” ဆိုတဲ့ အရှိတရားကို ဉာဏ်နဲ့ တည့်တည့်မြင်အောင် ကြည့်ရပါမယ်။ အဲဒါကို စိတ္တာနုပဿနာ လို့ ခေါ်ပါတယ်။
စိတ္တာနုပဿနာ အားထုတ်တဲ့အခါ “ငါ တရားထိုင်နေတယ်” ဆိုတဲ့ အသိကို အရင်ဆုံး ဖြုတ်ချရပါမယ်။
တရားထိုင်နေရင်း စိတ်က ထွက်ပြေးသွားတယ် ဆိုပါစို့။ “ငါ့စိတ် ထွက်ပြေးသွားပြီ၊ ငါက တရားမရနိုင်ဘူး ထင်တယ်” လို့ မတွေးပါနဲ့။
“ဪ… ပျံ့လွင့်တဲ့စိတ် ပေါ်လာပါလား” လို့ အရှိကို အရှိအတိုင်းပဲ ‘သိ’ လိုက်ပါ။
ဒေါသထွက်စရာ တွေးမိပြီး ဒေါသဖြစ်လာရင်လည်း “ငါ ဒေါသဖြစ်နေပြီ” လို့ ဝင်မခံစားပါနဲ့။
“ဪ… အကြောင်းတိုက်ဆိုင်လို့ ဒေါသဆိုတဲ့ နာမ်တရားလေး ပေါ်လာပါလား” လို့ ‘သိ’ လိုက်ပါ။
အဲဒီလို ‘သိ’ လိုက်တဲ့ အခိုက်အတန့်မှာ၊ “ဒေါသ” က ပြကွက်တစ်ခု (Object) ဖြစ်သွားပြီး၊ “သိနေတဲ့ သတိ” က ပွဲကြည့်ပရိသတ် (Subject) ဖြစ်သွားပါတယ်။ အဲဒီဖြစ်စဉ် နှစ်ခုကြားမှာ “ငါ” ဆိုတာ လုံးဝ မပါတော့ပါဘူး။
“သိတဲ့စိတ်” ကိုလည်း “ငါ” လို့ မထင်ပါနဲ့
ဒီနေရာမှာ နောက်ထပ် သတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ အရှုခံ အာရုံတွေကို “ငါ” မဟုတ်ဘူးလို့ သိလာပေမယ့်၊ နောက်ကနေ လိုက်သိနေတဲ့၊ သတိကပ်နေတဲ့ “သိစိတ်” ကြီးကိုတော့ “ဒါဟာ ငါပဲ” လို့ ထပ်ပြီး စွဲတတ်ကြပြန်ပါတယ်။ “ငါက သိနေတယ်၊ ငါ့ဉာဏ်က ထက်မြက်တယ်” ဆိုပြီး အတ္တက နောက်တစ်ဖန် အသွင်ပြောင်းပြီး ဝင်လာတတ်ပါတယ်။
အဲဒါကိုလည်း ခွဲခြမ်းစိတ်ဖြာရပါမယ်။ သိနေတဲ့ သတိဆိုတာလည်း အမြဲတမ်း မရှိပါဘူး။ သတိထားမိတဲ့ အချိန်မှ ပေါ်လာတာပါ။ သူလည်း ဖြစ်ပြီးရင် ပျက်သွားတာပါပဲ။ ဒါကြောင့် “သိစိတ်” ဟာလည်း ရုပ်နာမ် ဖြစ်စဉ် သက်သက်ပါပဲ။ ဘယ်နေရာမှာမှ ဆုပ်ကိုင်စရာ “ငါ” ဆိုတာ မရှိပါဘူး။
အဓိပတိတရား လေးပါးဖြင့် ကိုယ်တိုင် လုပ်ယူရမည်
“ဒီလိုဆိုရင် အရာရာက ငါမဟုတ်ဘူး၊ ရုပ်နာမ် ဖြစ်စဉ်တွေ သက်သက်ပဲဆိုရင် ဘာမှ ဆက်လုပ်စရာ မလိုတော့ဘူးလား” လို့ မေးစရာ ရှိလာပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျနော် ထပ်တလဲလဲ ပြောခဲ့သလိုပါပဲ။ “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။
အနတ္တ ဆိုတာ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ အစိုးမရတာကို ပြောတာပါ။ ဒါပေမဲ့ “အကြောင်းအကျိုး ဆက်စပ်မှု” ကတော့ တိတိကျကျ အလုပ်လုပ်နေပါတယ်။ ကိုယ့်စိတ်ရဲ့ အကြောင်းအကျိုး ဖြစ်ပျက်မှုကို မြင်အောင် ကြည့်နိုင်ရင်၊ အဲဒီ ဉာဏ်ပေါ်မှာ အခြေခံပြီး ကိုယ်လိုချင်တဲ့ လွတ်မြောက်မှုအတွက် “အကြောင်းတရား” ကို အတိအကျ ဖန်တီးနိုင်ပါတယ်။
ဒီလို ဖန်တီးဖို့အတွက် ကံတရားကို ထိုင်စောင့်နေစရာ မလိုပါဘူး။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း…
၁။ ဒုက္ခမှ လွတ်မြောက်လိုသော ပြင်းပြတဲ့ ဆန္ဒ
၂။ စိတ်ရဲ့ ဖြစ်ပျက်အပေါ် မျက်ခြည်မပြတ် စောင့်ကြည့်တဲ့ စိတ္တ
၃။ အရှိတရားကို သိမြင်ဖို့ အဆက်မပြတ် ကြိုးစားတဲ့ ဝီရိယ
၄။ အကြောင်းအကျိုးကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဝီမံသ (ပညာဉာဏ်)
ဒီ အဓိပတိတရား လေးပါးကို အသုံးပြုပြီး ကိုယ့်စိတ်ကို ကိုယ်တိုင် စောင့်ကြည့်ရပါမယ်။ ကိုယ့်လမ်း ကိုယ်ဖောက်ရပါမယ်။
လူ၊ ရဟန်း အရိယာများ ပေါ်ထွန်းရေး
ကျနော်ရေးတဲ့ စာတွေ၊ ဆွေးနွေးတဲ့ အကြောင်းအရာတွေ အားလုံးရဲ့ အန္တိမ ရည်မှန်းချက်က တစ်ခုတည်းပါ။ အဲဒါကတော့ လူဝတ်ကြောင်ပဲ ဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ်၊ အခွံသက်သက်တွေကနေ ရုန်းထွက်ပြီး အရိယာပုဂ္ဂိုလ်တွေ (သောတာပန်၊ သကဒါဂါမ် စသည်) တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။
ဘာသာရေး အခမ်းအနားတွေ၊ ယတြာတွေ၊ ရိုးရာ အယူအဆတွေနောက်ကို အကန်းလိုက်နေမယ့် အစား… ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်မှာ တကယ် ဘာတွေ ဖြစ်နေလဲ ဆိုတာကို အရှိကို အရှိအတိုင်း ကြည့်နိုင်တဲ့ လူတွေ များလာဖို့ လိုပါတယ်။
တရားအားထုတ်တယ် ဆိုတာ လူရှေ့သူရှေ့မှာ မျက်လွှာချပြဖို့ မဟုတ်ပါဘူး။ “ငါ” ကို ကြီးထွားအောင် လုပ်ဖို့ မဟုတ်ပါဘူး။ ကိုယ့်အထဲမှာ ရှိနေတဲ့ အမှိုက် (ကိလေသာ) ကို မြင်အောင်ကြည့်ပြီး၊ အဲဒီအမှိုက်တွေဟာ “ငါ မဟုတ်ဘူး၊ ငါ့ဟာ မဟုတ်ဘူး” လို့ ဉာဏ်နဲ့ ခွာချပစ်ဖို့ သက်သက်သာ ဖြစ်ပါတယ်။
နိဂုံး
မိတ်ဆွေတို့…
တရားထိုင်တဲ့အခါ “ငါ အခု တရားထိုင်နေတယ်” ဆိုတဲ့ ခံစားချက်ကြီးကို အရင်ဆုံး လွှင့်ပစ်လိုက်ပါ။ “ငါ ဘယ်လောက်ကြာကြာ ထိုင်နိုင်တယ်၊ ငါ့စိတ် ဘယ်လောက် ငြိမ်တယ်” ဆိုတဲ့ မာနတွေကိုလည်း ဖြုတ်ချလိုက်ပါ။
ခင်ဗျား လုပ်ရမှာက ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာသမျှ သဘာဝတရား အားလုံးကို ဝင်မစွက်ဖက်ဘဲ ဘေးကနေ ထိုင်ကြည့်နေဖို့ပါပဲ။ ကောင်းတာ ပေါ်လာလည်း ‘သိ’ လိုက်ပါ၊ ဆိုးတာ ပေါ်လာလည်း ‘သိ’ လိုက်ပါ။ အဲဒီ ‘သိ’ နေတဲ့ အလုပ်ဟာ “ငါ” ကို သတ်နေတဲ့ အလုပ်ပါပဲ။
“ငါ” ဆိုတဲ့ အစွဲပြုတ်သွားတဲ့ နေ့ဟာ… ခင်ဗျား သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်တဲ့ နေ့ပါပဲ။
နားလည်ချင်ရင် ကိုယ်တိုင်ကြည့်ဖို့ လိုပါတယ်။
ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *