“သဗ္ဗေ သင်္ခါရာ ဒုက္ခာ” (အလုံးစုံသော သင်္ခါရတရားတို့သည် စက်ဆုပ်ဖွယ်ရာ ဆင်းရဲဒုက္ခ သက်သက်သာ ဖြစ်သည်) ဆိုတဲ့ စကားရပ်ကို ကြားဖူးကြပါလိမ့်မယ်။
လက်တွေ့ တရားအားထုတ်တဲ့အခါ လက္ခဏာရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ထဲမှာ “အနိစ္စ” (မမြဲခြင်း၊ ဖြစ်ပြီးပျက်ခြင်း) ကနေ စတင် ရှုမှတ်တာက ပိုပြီး ခရီးတွင်ပါတယ်။ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်နေမှုကို အဆက်မပြတ် ဖြိုင်ဖြိုင်ကြီး မြင်လာတဲ့အခါ၊ “သြော်… ဒါတွေဟာ ငါလည်း မဟုတ်၊ သူလည်း မဟုတ်၊ ပိုင်ဆိုင်သူလည်း မရှိဘဲ သူ့သဘောသူဆောင်နေတာပါလား” ဆိုတဲ့ “အနတ္တ” သဘောကို ဆက်လက် မြင်လာပါတယ်။
(ဒီနေရာမှာ အထူး သတိပြုစေချင်တာက “အနတ္တ” ဆိုတာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ လက်မြှောက်အရှုံးပေးရမယ့် အဆိုးမြင်ဝါဒ လုံးဝ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန်သိပြီး၊ တွယ်တာစွဲလမ်းနေတဲ့ အပူမီးတွေကို ငြိမ်းသတ်နိုင်ဖို့သက်သက်သာ ဖြစ်ပါတယ်။)
အဲဒီလို အနိစ္စနဲ့ အနတ္တကို ကောင်းကောင်းကြီး ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားတဲ့ အချိန်ကျမှသာ “ဒုက္ခ” ဆိုတဲ့ သဘောတရား အစစ်အမှန်က ဉာဏ်ထဲမှာ ထင်ရှားလာတာပါ။ ဒုက္ခကို မြင်ပြီဆိုရင်တော့ ခရီးတစ်ဝက်ကျော် ရောက်ပြီလို့ ဆိုနိုင်ပါတယ်။
သင်္ခါရ ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒုက္ခ လို့ခေါ်တာလဲ
သင်္ခါရဆိုတာ အကြောင်းတရားတွေ ပြုပြင်ပေးလို့ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပါ။ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ တကယ်တမ်း မရှိဘဲ၊ ပဋိသန္ဓေစိတ်၊ ကံ၊ ဥတု၊ အာဟာရ စတဲ့ အကြောင်းတွေက ပြုပြင်ပေးလို့ ဖြစ်လာတဲ့ “ရုပ်” တွေနဲ့၊ အာရုံနဲ့ ဒွါရ တိုက်မိလို့ ဖြစ်လာတဲ့ “နာမ်” တွေ သက်သက်သာ ရှိပါတယ်။ ဒီရုပ်နာမ်တွေ အားလုံးဟာ “သင်္ခါရတရား” တွေချည်းပါပဲ။
ဝိပဿနာဉာဏ်နဲ့ ထိုးထွင်းကြည့်လိုက်တဲ့အခါ-
ရုပ်ကို ရှုတဲ့သူကလည်း ရုပ်တွေ အဆက်မပြတ် ဖောက်ပြန်ပျက်စီးနေတာကို တွေ့ရမယ်။
နာမ်ကို ရှုတဲ့သူကလည်း စိတ်တွေ၊ ဝေဒနာတွေ တစ်စက္ကန့်လေးတောင် မငြိမ်ဘဲ ဖြစ်ပြီး ပျက်နေတာကို တွေ့ရပါမယ်။
ဒီလို အမြဲတမ်း ပျက်စီးနေတဲ့ သဘောတရားတွေမို့၊ ဘယ်အရာကိုမှ ကိုယ်ပိုင်အဖြစ် အသုံးချလို့ မရပါဘူး။ ဇာတိ (ပဋိသန္ဓေနေရခြင်း)၊ ဇရာ (အိုရခြင်း)၊ မရဏ (သေရခြင်း)၊ ချစ်သူနဲ့ ကွေကွင်းရခြင်း၊ မုန်းသူနဲ့ အတူနေရခြင်း စတဲ့ ဖြစ်စဉ်တွေ အဆက်မပြတ် လည်ပတ်နေပါတယ်။ ကိုယ့်အလိုလည်း မလိုက်၊ အမြဲလည်း ဖောက်ပြန်ပျက်စီးနေတဲ့အတွက် ဒီရုပ်နာမ်ယန္တရားကြီးဟာ “ဘာအနှစ်သာရမှ မရှိတဲ့၊ စက်ဆုပ်စရာ အသုံးမကျမှုကြီး သက်သက်” ပဲလို့ ပြတ်ပြတ်သားသား မြင်လာပါတယ်။ အဲဒါကို “ဒုက္ခ” လို့ ခေါ်တာပါ။
လွတ်မြောက်လိုစိတ် နှင့် သင်္ခါရုပေက္ခာဉာဏ်
ရှေ့ပိုင်းက အနိစ္စနဲ့ အနတ္တ အမြင် သန်စွမ်းလာလေလေ၊ ဒုက္ခကို ထိုးထွင်းသိမြင်မှု ပိုနက်နဲလာလေလေပါပဲ။ ဒီအဆင့်ရောက်ရင် ကိုယ် အလွန် ခင်တွယ်ခဲ့တဲ့ အရာတွေ၊ ခံစားမှုတွေ အားလုံးဟာ တကယ့်တော့ ချမ်းသာ (သုခ) တစ်ကွက်မှ မပါတဲ့ ဒုက္ခအတုံးအခဲကြီး သက်သက်ပဲလို့ မြင်လာပါတော့တယ်။
ဒီလို ဒုက္ခကြီးမှန်း တကယ် သိလာတဲ့အခါ၊ ခေါင်းမီးလောင်နေသူတစ်ယောက် ရေကိုတောင့်တသလို၊ ဒီခန္ဓာကြီးကနေ အမြန်ဆုံး လွတ်မြောက်ချင်စိတ်တွေ ပြင်းပြလာပါတယ်။ တစ်သက်လုံး လည်ပင်းခွစီးလာတဲ့ ‘တဏှာ (လိုချင်တပ်မက်မှု)’ တရားတွေ နောက်ဆုတ်သွားပါပြီ။ နေရာတကာ ဒုက္ခကြီးပဲ မြင်နေရလို့ တရားထိုင်တဲ့နေရာကနေတောင် ထွက်ပြေးချင်စိတ် ပေါက်လာတတ်ပါတယ်။
ဒါပေမယ့် ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်မှန်း သိလာတဲ့အခါ၊ ရှေ့က ဖြတ်သန်းခဲ့တဲ့ ဉာဏ်စဉ်တွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပါတယ်။ ဒီအချိန်မှာ အနတ္တအမြင် ရင့်ကျက်နေသူတွေဟာ ဒီခန္ဓာကြီးအပေါ် သူစိမ်းတစ်ယောက်လို သဘောထားပြီး၊ ချစ်ခြင်း မုန်းခြင်းမရှိဘဲ အညီအမျှ လျစ်လျူရှု စောင့်ကြည့်နိုင်တဲ့ “သင်္ခါရုပေက္ခာဉာဏ်” ဆီကို တက်လှမ်းသွားကြပါတော့တယ်။ (အမြင် မသန်သေးသူတွေကတော့ အနိစ္စ၊ အနတ္တကို အမြင်ရှင်းသထက် ရှင်းအောင် ပြန်လည် ကြိုးစား ရှုမှတ်ကြရပါတယ်။)
နိဂုံး
ဒီအဆင့်ကို ရောက်လာပြီဆိုရင် အရာရာကို “သုခ” (ချမ်းသာတယ်) လို့ ထင်မှတ်မှားနေတဲ့ အမြင်တွေ ကင်းစင်သွားပါပြီ။ ပူလောင်စေတတ်တဲ့ ဒိဋ္ဌိနဲ့ တဏှာ ကိလေသာတရားတွေ သိသိသာသာ ပါးလျသွားတဲ့အတွက်၊ အတွင်းစိတ်မှာ အေးချမ်းမှု အရသာကို တစိတ်တဒေသ စတင် ခံစားလာရပြီ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ လူ၊ ရဟန်း အရိယာ သူတော်စင်များ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးအတွက်၊ ဤသင်္ခါရဒုက္ခကို ဉာဏ်နဲ့ ထိုးထွင်းသိမြင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *