အပိုင်း (၁) မှာတုန်းက ကျနော် လူသားပဓာနဝါဒ (Humanism) ကို ဘယ်လို စွဲကိုင်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ “လောကကြီးမှာ လူသားရဲ့ စွမ်းအားကသာ အဓိကဖြစ်ပြီး၊ ဖန်ဆင်းရှင်ကို မယုံကြည်ဘဲ လူ့ဆင်ခြင်တုံတရားနဲ့သာ အမှန်တရားကို ရှာဖွေရမယ်၊ ဘာသာတရားဆိုတာ လူသားတွေရဲ့ တွေးခေါ်မှု အသီးအပွင့်သက်သက်သာ ဖြစ်တယ်” ဆိုတဲ့ အယူအဆတွေကို အခိုင်အမာ ယုံကြည်ခဲ့သူပါ။ ဒီအပိုင်း (၂) မှာတော့ အဲဒီလို အစွန်းရောက် လစ်ဘရယ်ဝါဒီ၊ လူသားပဓာနဝါဒီ တစ်ယောက်ရဲ့ ဘဝ ဘယ်လို ပြိုလဲခဲ့ရပြီး၊ အနတ္တဝါဒဆီကို ဘယ်လို မျက်စိပွင့်သွားခဲ့သလဲ ဆိုတာကို ဆက်ပြောပြပါမယ်။
စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာပြီး စီးပွားရေး စလုပ်တဲ့အခါ ကျနော့်ဘဝရဲ့ အချိုးအကွေ့ စတင်ပါတော့တယ်။ အလုပ်လုပ်ခဲ့တဲ့ ၅ နှစ်မှာ ပထမ ၃ နှစ်ကျော်က အတော်လေး အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ပမာဏတစ်ခုအပေါ်မှာ “ဒီလောက်ဆို အောင်မြင်တယ်၊ ဒီလောက်ဆို ကျရှုံးတယ်” ဆိုတဲ့ ကိုယ်ပိုင် စံသတ်မှတ်ချက်တွေနဲ့အတူ “အမှန်တရားဆိုတာ တကယ်တမ်း ဘာလဲ” ဆိုတဲ့ မေးခွန်းကြီးက ခေါင်းထဲ ဝင်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျနော့်ဘဝဟာ မူးယစ်ဆေးဝါးနဲ့ လူမှုရေး ပြဿနာတွေကြားထဲ အကြီးအကျယ် နစ်မွန်းသွားခဲ့ပါတယ်။ မူးယစ်ဆေးကြောင့် စိတ်အတက်အကျမြန် ရောဂါ (Bipolar) ကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ရူးနေသူဟာ သူရူးနေမှန်း မသိဘူးဆိုတဲ့အတိုင်းပါပဲ၊ နားထဲမှာ အသံတွေ ကြားနေရတာကိုတောင် ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့ လက်မခံဘဲ “ဒါဟာ အဖြေတစ်ခုခု ရှိရမယ်” ဆိုပြီး ထင်ရာဇာတ်လမ်းတွေ ဆင်ကာ အဖြေရှာနေခဲ့မိပါတယ်။
ဒီလိုနဲ့ ပထမအိမ်ထောင်နဲ့ ကွဲ၊ ဒုတိယအိမ်ထောင်နဲ့ တစ်နှစ်လောက်ပေါင်းပြီး ထပ်ကွဲ၊ အချုပ်ထဲရောက်၊ အချုပ်ကထွက်လာတော့ ကြိုးဆွဲချ သတ်သေဖို့ ကြိုးစား (ကြိုးပြတ်ကျလို့ မသေ)၊ အလုပ်ပြန်လုပ်လိုက်၊ အရက်သောက်လိုက်၊ ရပ်ကွက်ထဲ ထင်ရာတွေ လျှောက်လုပ်ပြီး တစ်ယောက်တည်း စကားတွေပြောလိုက်နဲ့ နောက်ဆုံး ရဲစခန်းရောက်ပြီး ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအထိ ရောက်သွားခဲ့ရပါတယ်။
ရွာသာကြီးကနေ ဆင်းလာပြီး ပုံမှန်အခြေအနေ ပြန်ရောက်ချိန်မှာတော့ ကျနော် အလေးအနက် စဉ်းစားမိပါတော့တယ်။ “တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ” ဆိုတာကိုပါ။ ကျနော် အသေအလဲ ယုံကြည်ခဲ့တဲ့ လစ်ဘရယ်ဝါဒ၊ ဖြစ်တည်မှုပဓာနဝါဒ (Existentialism) တွေအရ ဆိုရင် မူးယစ်ဆေး သုံးတာဟာ ပြဿနာ မဟုတ်ပါဘူး။ “ကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ်ကြိုက်တာ ထည့်ခွင့်ရှိတယ်” ဆိုတဲ့ လွတ်လပ်ခွင့် ရှိနေလို့ပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်စံနှုန်းနဲ့ကိုယ် လုပ်ခဲ့သမျှဟာ ဘဝကို အောက်ဆုံးအထိ ဆွဲချသွားတဲ့ မကောင်းကျိုးတွေကိုပဲ ဖြစ်စေခဲ့ပါတယ်။ ဒီတော့ ကျနော် ကိုးကွယ်ခဲ့တဲ့ ဝါဒတွေဟာ အမှားအမှန်နဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ မပေးနိုင်ဘူးဆိုတာ ရှင်းလင်းစွာ ပေါ်ထွက်လာပါတော့တယ်။
ဒီအချက်ကနေတဆင့် “ကုသိုလ်၊ အကုသိုလ် ဆိုတာ တကယ်ရှိတယ်” ဆိုတာကို ကျနော် စတင် မြင်ယောင်လာပါတယ်။ အကြောင်းတရား (အကုသိုလ်) ကြောင့် အကျိုးတရား (ဆင်းရဲခြင်း) ဖြစ်ရတယ်ဆိုတဲ့ ကံ၊ ကံ၏ အကျိုးကို စတင် လက်ခံလာပါတယ်။ အဲဒီကနေ ရှေ့ဘဝ၊ နောက်ဘဝ ဆိုတာရော တကယ်ရှိသလား ဆိုတဲ့ မေးခွန်း ဆက်ဖြစ်လာပြီး၊ အနောက်တိုင်းက သုတေသန စာတမ်းတစ်ခုကို လေ့လာမိတဲ့အခါ တကယ့်ကို ပြင်းပြင်းထန်ထန် သံဝေဂ ရသွားပါတော့တယ်။ “ငါ ဒီလောက် အမှန်တရား ရှာနေပါတယ် ဆိုတာတောင် ဒီဘဝမှာ ဒီလောက် အမှားတွေလုပ်ပြီး ဒုက္ခရောက်ခဲ့ရတာ၊ ဒီအတိုင်းသာ သေသွားရင် နောင်သံသရာမှာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ” ဆိုတဲ့ အသိနဲ့ လွတ်မြောက်ရာလမ်းကို အသည်းအသန် ရှာဖွေပါတော့တယ်။
ပထမတော့ မဟာစည်ဆရာတော်ကြီးနဲ့ ပါမောက္ခချုပ် ဆရာတော်ကြီးတို့ရဲ့ တရားတွေကို စတင် နာယူခဲ့ပါတယ်။ ပြီးတော့မှ တဆင့်ချင်း စနစ်တကျ သွားဖို့ လိုအပ်တယ်လို့ ခံယူပြီး မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတော်တွေကို YouTube ကနေ အသေအချာ နာယူရင်း လက်တွေ့ အားထုတ်ဖြစ်ခဲ့ပါတယ်။ တရားအားထုတ်တဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ ဒီနေရာမှာ မချဲ့ထွင်တော့ပါဘူး။ ဖတ်ခဲ့ဖူးသမျှ အယူဝါဒတွေရဲ့ ပြဿနာ အစစ်အမှန်နဲ့ အနတ္တဝါဒကို ဘယ်လို လက်ခံသွားသလဲ ဆိုတာကိုပဲ အဓိက ရှင်းပြချင်ပါတယ်။
လောကမှာရှိတဲ့ ကွန်မြူနစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ ဖြစ်တည်မှုပဓာနဝါဒ ကနေစလို့ အခြားသော ဘာသာတရားပေါင်းစုံဟာ အခေါ်အဝေါ်တွေသာ ကွဲပြားနေပေမယ့် အားလုံးရဲ့ တူညီတဲ့ အခြေခံ အမှားကြီး တစ်ခု ရှိပါတယ်။ အဲဒါကတော့ “လူသား”၊ “သတ္တဝါ”၊ “ငါ” ဆိုတဲ့ ‘အတ္တ’ အပေါ်မှာ အခြေခံ တွေးခေါ်ထားကြခြင်းပါပဲ။ အနတ္တဝါဒ ကလွဲလို့ ကျန်တဲ့ ဝါဒအားလုံးဟာ “ပုဂ္ဂိုလ် သတ္တဝါ ရှိတယ်” လို့ မှားယွင်းစွာ ယူဆထားကြပါတယ်။ အစကတည်းက အခြေခံ အုတ်မြစ် မှားယွင်းနေတဲ့အတွက် အဲဒီဝါဒတွေဟာ အစစ်အမှန် လွတ်မြောက်ရာဆီကို ဘယ်တော့မှ ရောက်မလာနိုင်ကြတာ ဖြစ်ပါတယ်။
တကယ့် လက်တွေ့မှာတော့ ဗုဒ္ဓရဲ့ အဆုံးအမဟာ ဘာသာတရား တစ်ခုဆိုတာထက် သတ္တလောကကြီး တစ်ခုလုံးရဲ့ အလုပ်လုပ်ပုံကို ရှင်းပြထားတဲ့ “Theory of Everything” ပါပဲ။ သိပ္ပံပညာရှင်တွေက ရုပ်ဝတ္ထု (ဒြပ်) တွေပေါ်မှာပဲ အမှန်တရားကို ရှာနေကြပေမယ့် အနတ္တဝါဒနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ အဲဒါဟာ မပြည့်စုံဘူး ဆိုတာ ပေါ်လွင်ပါတယ်။ ဗုဒ္ဓဘာသာကတော့ ရှေ့ဘဝ၊ နောက်ဘဝ၊ သံသရာ၊ လောက နဲ့ လောကမှ လွတ်မြောက်ရာ အထိကို “အကြောင်းနဲ့ အကျိုး” ဆိုတဲ့ သဘောတရားလေးနဲ့ ရှင်းလင်းပြတ်သားစွာ ဖြေရှင်းပြထားပါတယ်။
သတ္တဝါ ဆိုတာ တကယ်တော့ မရှိပါဘူး။ အထည်ကိုယ်ရှိပြီး သိတတ်တဲ့သဘော မရှိတဲ့ “ရုပ်တရား” အစုအဝေးနဲ့၊ အထည်ကိုယ် လုံးဝမရှိဘဲ ခံစားမှု၊ မှတ်သားမှု၊ စေ့ဆော်မှု၊ သိမှု ဆိုတဲ့ “နာမ်တရား (ခန္ဓာ ၄ ပါး)” အစုအဝေးတို့ ပေါင်းစပ်နေခြင်းမျှသာ ဖြစ်ပါတယ်။ ရုပ်ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကြောင့် အမြဲတမ်း ပြောင်းလဲဖြစ်ပျက်နေပြီး၊ နာမ်ဟာလည်း အာရုံနဲ့ ဒွါရ တိုက်မိမှုအပေါ် မူတည်ပြီး ဖြစ်ပေါ်နေတာပါ။
အတ္တဆိုတာ အစကတည်းက မရှိဘဲ၊ “ငါ”၊ “သူ” ဆိုတဲ့ အတ္တဟာ စိတ်က ဖန်တီးထားတဲ့ ပညတ်ချက် သက်သက်သာ ဖြစ်ပါတယ်။ အခု လက်ရှိ ကိုယ့်ခန္ဓာကိုယ်ကိုပဲ သေချာ ပြန်စစ်ဆေးကြည့်ပါ။ ရုပ်ကြီးကိုလည်း “ငါ” လို့ ခေါ်လို့မရသလို၊ နာမ်တရားတွေကိုလည်း “ငါ” လို့ သတ်မှတ်လို့ မရတာကို ကိုယ်တွေ့ ဉာဏ်တွေ့ သိလာပါလိမ့်မယ်။
ဒါကြောင့်မို့လို့ ရုပ်နာမ်တို့ရဲ့ လက္ခဏာကို အောက်ပါအတိုင်း အတိအကျ ရှင်းပြထားပါတယ်-
သဗ္ဗေ သင်္ခါရာ အနိစ္စာ (အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ သင်္ခါရတရား မှန်သမျှဟာ အမြဲမပြတ် ပျက်စီးနေတယ်)
သဗ္ဗေ သင်္ခါရာ ဒုက္ခ (အမြဲဖြစ်ပျက်နေတဲ့ သင်္ခါရတရား မှန်သမျှဟာ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဖြစ်တယ်)
သဗ္ဗေ ဓမ္မာ အနတ္တာ (သင်္ခါရတရားတွေရော၊ လွတ်မြောက်ရာ နိဗ္ဗာန်တရားပါ အလုံးစုံသော တရားတို့ဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ အတ္တ လုံးဝ မဟုတ်ပါ)
ဒီအမှန်တရားကို အရှိကို အရှိအတိုင်း မှန်ကန်စွာ သိမြင်ပြီး၊ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို လက်တွေ့ ကျင့်ကြံအားထုတ်ခြင်းဟာသာလျှင် လောကမှ လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်ရေးသားတဲ့ စာတွေရဲ့ ရည်ရွယ်ချက်ကလည်း ဒီအမှန်တရားကို ကိုယ်တိုင် နားလည်သဘောပေါက်ပြီး လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းနိုင်တဲ့ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာစေဖို့သာ ဖြစ်ပါကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။


Leave a Reply