ဗုဒ္ဓဘာသာဝင် အများစု၊ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူ မိတ်ဆွေများအနေဖြင့် မိမိတို့ တစ်သက်လုံး ကြည်ညိုလေးစားလာခဲ့ရသော ရှေးဆရာတော်ကြီးများ၏ ဟောကြားချက်များနှင့် ကွဲလွဲနေသည့် တရားစကားများကို ကြားရသည့်အခါ စိတ်ထဲတွင် ခုခံချင်စိတ်၊ လက်မခံချင်စိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ “ဆရာတော်ကြီးတွေ ပြောခဲ့တာပဲ မှန်မှာပေါ့၊ သူတို့က ဘုန်းတန်ခိုးကြီးတယ်၊ ဉာဏ်ပညာကြီးတယ်” ဟု အလိုအလျောက် သဘောထားလိုက်မိတတ်ကြပါသည်။
ဤဆောင်းပါးသည် မည်သည့် ဆရာတော်၊ သံဃာတော်ကိုမျှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်လိုသည့် ရည်ရွယ်ချက် မရှိပါ။ သို့သော် မြတ်စွာဘုရားရှင်၏ တရားတော်များ အဓွန့်ရှည် တည်တံ့ သန့်စင်ရေးနှင့်၊ ကျွန်ုပ်တို့ အားလုံး၏ အမြင့်ဆုံး ပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေစေရေးအတွက် အလွန်အရေးကြီးသော အမှန်တရားတစ်ခုကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။
၁။ အားလုံးသည် အရိယာ သာဝက (တပည့်) များသာ ဖြစ်သည်
ပထမဆုံး အခိုင်အမာ နားလည်ထားရမည့် အချက်မှာ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်နေသော ကာလသည် မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးနောက်ပိုင်း သာသနာ့ကာလ ဖြစ်ပါသည်။ ဤကာလတွင် မည်မျှပင် ဘုန်းတန်ခိုးကြီးမားသည် ပြောပြော၊ မည်မျှပင် မိုးပျံအောင် ဉာဏ်ပညာ ကြီးမားသည်ဟု ညွှန်းဆိုကြပါစေ၊ မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်ပိုင်ဉာဏ်ဖြင့် တရားထူးကို ထိုးထွင်းသိမြင်သော “ပါရမီရှင်” များ မဟုတ်ကြတော့ပါ။
သာသနာတော်လာ ဉာဏ် (၇၃) မျိုးကို လေ့လာကြည့်မည်ဆိုလျှင်၊ သဗ္ဗညုတဉာဏ်တော် အပါအဝင် အချို့သော အမြင့်ဆုံး ဉာဏ်တော်များသည် မြတ်စွာဘုရားရှင်နှင့်သာ သက်ဆိုင်ပြီး၊ သာဝကများနှင့် မသက်ဆိုင်ကြောင်း တွေ့ရပါမည်။ ထို့ကြောင့် ယနေ့ခေတ်တွင် အဂ္ဂသာဝက၊ မဟာသာဝက ဆိုသည်များ မဖြစ်နိုင်တော့ဘဲ၊ အားလုံးသည် ဘုရားရှင်၏ တရားတော်များကို နာယူမှတ်သားပြီး ကျင့်ကြံကြရပြီး အရိယာ၏ အဆုံးအမကို နာခံရင်း အရိယာဖြစ်လာကြသည့် “အရိယာ တပည့် (သာဝက)” များသာ ဖြစ်ကြပါသည်။ သောတာပန် ပုဂ္ဂိုလ်ဆိုလျှင် “ကျင့်ဆဲ” အဆင့်တွင် ရှိပြီး၊ ရဟန္တာဖြစ်သွားလျှင် “ကျင့်ပြီး” အဆင့်သို့ ရောက်ရှိသွားခြင်းသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အားလုံးသည် တရားတော်ကို မှီခိုနေရသူများချည်းသာ ဖြစ်ပါသည်။
၂။ ဆရာတော်ကြီးများတွင်လည်း “ဆရာ” ရှိပါသည်။ ထိုဆရာကား “တရားတော်” ပင်တည်း။
ကျွန်ုပ်တို့ အလွန်ကြည်ညိုလေးစားရပါသော ရှေးအစဉ်အဆက် ဆရာတော်ကြီးများသည် သာသနာတော်နှင့် ယှဉ်လာလျှင် ဘုရားရှင်၏ တပည့်များသာ ဖြစ်ကြောင်း သဘောပေါက်ရန် လိုအပ်ပါသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုခါနီးတွင် “ငါဘုရား မရှိသည့်နောက် ဓမ္မနှင့် ဝိနယ (တရားတော်နှင့် စည်းကမ်း) သည်သာ သင်တို့၏ ဆရာဖြစ်သည်” ဟု အတိအလင်း မှာကြားခဲ့ပါသည်။
ထို့ကြောင့် ဆရာတော်ကြီးများတွင်လည်း ဦးထိပ်ထားရမည့် “ဆရာ” ရှိပါသည်။ ထိုဆရာမှာ အခြားမဟုတ်၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော “ပိဋကတ်တော် (ဓမ္မနှင့် ဝိနယ)” ပင် ဖြစ်ပါသည်။ ပိဋကတ်တော်များသည် သာသနာတော်၏ အဓိက အနှစ်သာရ၊ ပင်မ ရေသောက်မြစ် ဖြစ်ပါသည်။
မည်သည့် ဆရာတော်၊ မည်သည့် ပုဂ္ဂိုလ်က မည်သို့ပင် ဟောကြားစေကာမူ၊ ထိုဟောကြားချက်များသည် ပင်မ ပိဋကတ်တော်နှင့် ကွဲလွဲနေလျှင်၊ ဆန့်ကျင်နေလျှင် လက်မခံရဘူး ဆိုသည့် အခြေခံသဘောတရားကို ရဟန်းတော်များ အားလုံး နားလည်သိရှိထားကြပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ “ဆရာတော်ကြီး ပြောလို့ မှန်သည်” ဟု ပုဂ္ဂိုလ်ကို ရှေ့တန်းတင်မည့်အစား၊ “တရားတော် (ပိဋကတ်တော်) နှင့် ညီညွတ်သဖြင့် မှန်ကန်သည်” ဟူသော ဓမ္မာဓိဋ္ဌာန်ကျကျ စဉ်းစားမှုမျိုးကို ပြောင်းလဲကျင့်သုံးကြရပါမည်။
၃။ ကလျာဏမိတ္တ (မိတ်ဆွေကောင်း) ဖြစ်သော မြတ်စွာဘုရားနှင့် သဗ္ဗညုတဉာဏ်တော်၏ တန်ဖိုး
ကျွန်တော်သည် မြတ်စွာဘုရားရှင်အပေါ် အလွန်တရာမှ ကြည်ညိုလေးစားမှု ရှိပါသည်။ ဘုရားရှင်က ကိုယ်တော်တိုင်ကို “မိတ်ဆွေကောင်း (ကလျာဏမိတ္တ) အဖြစ် သဘောထားပါ” ဟု မိန့်ဆိုခဲ့သည်ကို အင်မတန် သဘောကျ နှစ်ခြိုက်မိပါသည်။ တခါတရံတွင်လည်း မြတ်စွာဘုရားကို မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ပါသည်။ မြတ်စွာဘုရားသည် တန်ဖိုးမဖြတ်နိုင်သော ဘုရား ရတနာ ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် သဗ္ဗညုတဉာဏ်တော် ဆိုသည်မှာ အလွန်တရာ ရှည်လျား မှောင်မိုက်လှသော သံသရာကြီးထဲတွင် ဖျတ်ခနဲ လင်းလက်သွားသည့် တစ်ခုတည်းသော “သံသရာထွက်လမ်း ” ဖြစ်သောကြောင့်တည်း။
ထိုသဗ္ဗညုတဉာဏ်တော်၏ နှုတ်ထွက်စကားများဖြစ်သော ပိဋကတ်တော်တည်းဟူသော “လမ်းပြမြေပုံ” သည် အင်မတန်မှ တန်ဖိုးကြီးမားလှပါသည်။ ဤလမ်းပြမြေပုံအတိုင်း တိတိကျကျ လျှောက်လှမ်းမှသာလျှင်၊ အင်မတန် အေးချမ်းပြီး မည်သည့်အခါမျှ ဖောက်ပြန်ပျက်စီးခြင်း မရှိတော့သည့်၊ အေးချမ်းကြောင်းကိုပင် ပြန်လည်သုံးသပ်စရာ မလိုတော့လောက်အောင် အေးငြိမ်းလှသော “နိဗ္ဗာန်” ဟူသည့် အသင်္ခတဓမ္မသဘောတရားထံသို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပါသည်။
အကယ်၍ နောင်လာနောက်သားများ၊ ဆရာတော်ကြီးများက မိမိတို့၏ ကိုယ်ပိုင်အယူအဆများဖြင့် ထိုလမ်းပြမြေပုံကို အနည်းငယ်စီ ပြင်ဆွဲလိုက်မည် ဆိုပါက၊ နောင်တွင် လိုက်ပါကျင့်ကြံကြမည့် ဥပါသကာ၊ ဥပါသိကာ၊ ဘိက္ခု များအနေဖြင့် လမ်းမှားသို့ ရောက်ရှိသွားနိုင်ပါသည်။ ထို့ကြောင့် ဤလမ်းပြမြေပုံ မပျောက်ပျက်လေအောင်၊ မူလအတိုင်း သန့်စင်နေအောင် ထိန်းသိမ်းခြင်းသည် ဘုရားရှင်၏ အလိုဆန္ဒတော်နှင့် လုံးဝ မဆန့်ကျင်ကြောင်း ရဲဝံ့စွာ ယုံကြည်ပါသည်။
၄။ ရည်မှန်းချက်- လူ၊ ရဟန်း အရိယာများ ပေါ်ထွန်းလာရေး
ကျွန်ုပ်တို့၏ အဓိက စေတနာနှင့် ရည်မှန်းချက်မှာ သံသရာ၏ ဆင်းရဲဒုက္ခများမှ လွတ်မြောက်ပြီး၊ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် အရိယာများ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ပင် ဖြစ်ပါသည်။
ထိုသို့ အရိယာများ အမြန်ဆုံး ပေါ်ထွန်းလာစေရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ “မြတ်စွာဘုရား၏ သာသနာတော် သန့်စင်ရေး” ကို ကြိုးပမ်းခြင်းပင် ဖြစ်ပါသည်။ မှန်ကန်သော တရားတော်များ ထွန်းကားနေမှသာလျှင် မှန်ကန်သော ကျင့်ကြံမှုများ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ဤနေရာတွင် ရှေးဆရာတော်ကြီးများ၏ ဟောကြားချက်အချို့နှင့် အတိုက်အခံ ဖြစ်ကောင်း ဖြစ်ရပါလိမ့်မည်။ လူဝတ်ကြောင် တစ်ယောက်အနေဖြင့် ရဟန်းသံဃာများကို ထောက်ပြဝေဖန်ရသည်မှာ ကြည့်ကောင်းလှသည် မဟုတ်သလို၊ ရဟန်းတော်များ အနေဖြင့်လည်း မိမိတို့ထက် ဝါရင့်သော ဆရာတော်ကြီးများကို ထောက်ပြရသည်ကိုကြည့်နေရသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။
လူကြိုက်များမည့် ကိစ္စမဟုတ်သည်မှာ သေချာသော်လည်း၊ ဘုရားရှင်၏ သာသနာတော်သည် ရှေးဆရာတော်ကြီးများထက်ရော၊ ယခုလက်ရှိ လူသားများထက်ပါ အဆပေါင်းများစွာ ပို၍ အရေးကြီးပါသည်။
နိဂုံးချုပ်
အချုပ်အားဖြင့် ဆိုရသော် ဆရာတော်ကြီးများ အနေဖြင့်လည်း မိမိတို့၏ အမြင့်ဆုံး “ဆရာ” ဖြစ်သော တရားတော်များ၏ ဆုံးမမှုကို နာခံရမည် ဆိုသည်ကို အားလုံးက သဘောပေါက် နားလည်ထားရန် လိုအပ်ပါသည်။ သာသနာတော်အတွင်းရှိ ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ အားလုံးက တရားတော် (ဓမ္မ) ကိုသာ ဗဟိုပြု၍၊ အမှားအယွင်းများကို ပိဋကတ်တော်နှင့်အညီ ထောက်ပြ ပြင်ဆင်ကြမည် ဆိုပါက အားလုံးအတွက် အကျိုးများစေမည်သာ ဖြစ်ပါသည်။
အောင်မြင်မှု၊ လွတ်မြောက်မှု ဟူသမျှသည် ပြင်ပပုဂ္ဂိုလ်တစ်ဦးဦး၏ ဖန်တီးပေးမှုကြောင့် ရရှိလာခြင်း မဟုတ်ပါ။ မိမိသန္တာန်၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဟူသော အဓိပတိတရားလေးပါး နှင့် ပြည့်စုံပါက မိမိလိုလားအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ဧကန်မုချ ရရှိနိုင်မည် ဖြစ်ပါသည်။ သာသနာ သန့်စင်ရေးကို ဆောင်ရွက်ကြရာတွင်လည်း ထိုအဓိပတိတရားများကို ငါမဟုတ်၊ အတ္တမဟုတ်မှန်း သိလျက်နှင့်ပင် စနစ်တကျ အသုံးချ၍၊ အားလုံး၏ တူညီသော ဆရာဖြစ်သည့် “တရားတော်” ကိုသာ ဦးထိပ်ပန်ဆင်ကာ သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ဆီသို့ အရောက်လှမ်းနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *