မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။
လောကီနယ်ပယ်မှာ မိဘက သားသမီးကို စောင့်ရှောက်တာ၊ သားသမီးက မိဘကို ပြန်လည်လုပ်ကျွေးတာ၊ ဇနီးခင်ပွန်း အပြန်အလှန် သစ္စာရှိတာတွေဟာ တကယ့်ကို ကောင်းမွန်တဲ့ ကုသိုလ်ကိစ္စတွေပါ။ ဒါပေမယ့် ကြုံခဲလှတဲ့ သာသနာတွင်းကာလကြီးမှာ ဒီလို လောကီဝတ္တရားတွေ၊ သံယောဇဉ်တွေရဲ့ နောက်ကွယ်မှာ အဝိဇ္ဇာနဲ့ တဏှာ (ဒိဋ္ဌာသဝ၊ ကာမာသဝ) က ခွစီးထားတယ်ဆိုတာကိုတော့ သတိပေးချင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အဖိုးမဖြတ်နိုင်တဲ့ စိန်တွေ ခင်းထားတဲ့ မြေမှာ ကြေးနီတူးပြီး နိုင်သလောက် သယ်သွားသလိုပါပဲ ။ တသက်တာ အေးချမ်းမယ့် အခွင့်အရေးရှိလျက်နဲ့ ခဏတာ ပြည့်စုံမှုကို ရွေးသလို ဖြစ်နေပါတယ် ။
လောကီကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ သံယောဇဉ်တွေ ဘယ်လောက်ပဲ ကြီးကြီး၊ ပုထုဇဉ်ဘဝကနေ မလွတ်သေးသရွေ့ သေခါနီးမှာ “ဝိနိပါတိကဘေး” ဆိုတာကို မလွဲမသွေ ကြုံကြရမှာပါ ။ ဝိနိပါတိကဘေးဆိုတာ လေတိုက်လို့ ကြွေကျရတဲ့ သစ်ရွက်လိုပဲ ကျချင်ရာကျတတ်တဲ့ ဘေးမျိုးပါ ။ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာ ဆိုတဲ့ အစွဲတွေကြီးပြီး သေရင် ပြိတ္တာဖြစ်တတ်ပါတယ် ။ တွေတွေဝေဝေ သေသွားရရင် တိရိစ္ဆာန် ဖြစ်တတ်ပါတယ် ။ ဝေဒနာကို အကြောင်းပြုပြီး ဒေါသထွက်ရင် ငရဲကျတတ်ပါတယ် ။ ဒါဟာ ပုထုဇဉ်မှန်သမျှ ကြုံရမယ့် အန္တရာယ် အကြီးဆုံးဘေးကြီးပါပဲ ။
စာပေတွေ မိုးပျံအောင် တတ်နေတဲ့၊ ဝိနည်းတွေ တသက်လုံး မကျိုးမပေါက်အောင် စောင့်ထိန်းထားတဲ့ ရဟန်းဖြစ်ပါစေဦး၊ ပုထုဇဉ်ဘဝနဲ့ဆိုရင်တော့ ဗရမ်းပတာ ကျမှာပါပဲ ။ အနှစ်နှစ်သောင်း ဝိနည်းလုံခြုံခဲ့တဲ့ ရဟန်းဟာ သေခါနီး ပိန်းရွက်လေး ဆွဲမိတာကို သတိရတဲ့ ကုက္ကုစ္စကြောင့် နဂါးဖြစ်ခဲ့ရသလို၊ အလှူကြီးပေးခဲ့တဲ့ မလ္လိကာ မိဖုရားကြီးလည်း အပါယ်ကျခဲ့ရတာ သာဓကတွေ ရှိပါတယ် ။ ဒါတွေဟာ ဒါန၊ သီလ သက်သက်နဲ့ အပါယ်ကို မတားနိုင်ဘူးဆိုတဲ့ သက်သေတွေပါပဲ ။
ဒီဘေးကနေ လွတ်ဖို့ရာမှာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ ရုပ်နာမ် ခန္ဓာငါးပါးကို အတ္တမဟုတ်မှန်း၊ ပိုင်စိုးပိုင်နင်း လုပ်လို့မရတဲ့ အနတ္တမှန်း သိလျက်နဲ့ပဲ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးကို ထိရောက်အောင် အသုံးချပြီး ကျင့်ကြံရမှာပါ။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း သံသရာလွတ်ကြောင်းကို ကြိုးစားရပါမယ်။ တရားအားထုတ်တဲ့နေရာမှာလည်း စာဖတ်ရုံ၊ တွေးတောဆင်ခြင်ရုံ သညာသိလောက်နဲ့ နိဗ္ဗာန်ရောက်တယ်လို့ မဆိုနိုင်ပါဘူး။ နိဗ္ဗာန်ဆိုတာ သာမန်အချိန် အမှန်မြင်ရုံနဲ့ ရတာမဟုတ်ဘဲ ဝိပဿနာဉာဏ်တွေ ရင့်သန်လာပြီး မဂ်အခိုက်၊ ဖိုလ်အခိုက်မှာမှသာ ကိုယ်တိုင် မျက်မှောက်ပြု ရရှိနိုင်တာ ဖြစ်ပါတယ်။
လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဟာ အရေးအကြီးဆုံးပါ။ ဒါကြောင့် လူဖြစ်စေ၊ ရဟန်းဖြစ်စေ အားလုံးရဲ့ တစ်ခုတည်းသော အဓိကတာဝန်ဟာ ကိုယ်တိုင် သံသရာကနေ လွတ်မြောက်အောင် အားထုတ်ရေး၊ အနည်းဆုံး သောတာပန် အရိယာဖြစ်ရေးသာ ဖြစ်ပါတယ် ။ မိသားစုတွေအနေနဲ့လည်း ခြင်းထဲက ကြက်တွေလို တယောက်နဲ့ တယောက် အပြန်အလှန် ဆွဲချမနေဘဲ၊ သံသရာက လွတ်ကြောင်း ဝိပဿနာ အားထုတ်ဖို့ အားပေးတိုက်တွန်းကြပါ ။ သံယောဇဉ်တွေကို ဉာဏ်နဲ့ ခွာပြီး အရိယာဖြစ်ရေးကိုသာ ပထမဦးစားပေး လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ထက်အောင်


Leave a Reply