မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ စနေနေ့ မနက်ခင်း အားလပ်ချိန်လေးမှာ သံသရာလွတ်ကြောင်း ခရီးအတွက် အရေးကြီးတဲ့ သဘောတရားတစ်ခုကို ဆွေးနွေးချင်ပါတယ်။
ကျနော်တို့တွေ တရားဓမ္မကို လေ့လာလိုက်တဲ့အခါ ခန္ဓာငါးပါးဟာ “ငါ” မဟုတ်ဘူး၊ ပိုင်စိုးပိုင်နင်း လုပ်လို့မရတဲ့ အနတ္တ သဘောတရားတွေပဲလို့ သိလာကြပါတယ်။ ဒီလို သိလာတဲ့အခါ တချို့က အစွန်းတစ်ဖက်ကို ရောက်သွားတတ်ပါတယ်။ “ငါ မှ မဟုတ်တာ၊ ငါမှ မပိုင်တာ၊ ဘာမှ လုပ်လို့မရဘူး” ဆိုပြီး အရာရာကို လက်လျှော့လိုက်ချင်တဲ့ အဆိုးမြင်ဝါဒ (Pessimism) ထဲ ကျွံဝင်သွားတတ်ပါတယ်။
ဒါဟာ အလွန်သတိထားရမယ့် အချက်ပါ။ အနတ္တဆိုတာ လက်လျှော့လိုက်ဖို့၊ ဘာမှမလုပ်ဘဲ နေလိုက်ဖို့ ပြောတာ လုံးဝ မဟုတ်ပါဘူး။ ပညတ်အမြင်ကို ဖယ်ခွာပြီး အမှန်တရားကို အမှန်အတိုင်း သိမြင်ဖို့ သက်သက်သာ ဖြစ်ပါတယ်။
ဒါဆို “ငါ” မဟုတ်ရင် ဘယ်လိုရှေ့ဆက်မလဲ။ ဒီနေရာမှာ အောင်မြင်မှုကို တည်ဆောက်တဲ့အခါ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးကို မဖြစ်မနေ အသုံးချရမှာ ဖြစ်ပါတယ်။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့ အမှန်တရားကို လက်ကိုင်ထားရပါမယ်။ ဒီ ဆန္ဒ (ပြင်းပြတဲ့ လိုလားမှု)၊ စိတ္တ (ခိုင်မာတဲ့ စိတ်ဓာတ်)၊ ဝီရိယ (မဆုတ်မနစ် ကြိုးစားမှု)၊ ဝီမံသာ (စူးစမ်းဆင်ခြင်မှု) ဆိုတဲ့ တရားတွေကို အတ္တမဟုတ်မှန်း သိလျက်နဲ့ပဲ ထိရောက်အောင် အသုံးချပြီး ပန်းတိုင်ရောက်တဲ့အထိ ရုန်းကန်ကြရမှာပါ။ အကြောင်းတရားကို ပြည့်စုံအောင် လုပ်ရင် အကျိုးတရားဆိုတာ သူ့သဘောသူဆောင်ပြီး ဖြစ်လာမှာပါပဲ။
ဒီလို အဓိပတိတရားတွေနဲ့ အားထုတ်တဲ့အခါမှာလည်း၊ စာဖတ်ရုံ၊ တွေးတောဆင်ခြင်ရုံ သညာသိလောက်နဲ့တော့ နိဗ္ဗာန်ရောက်တယ်လို့ လွယ်လွယ်မဆိုနိုင်ပါဘူး။ နိဗ္ဗာန်ဆိုတာ သာမန်အချိန် သဘောတရားလေးကို အမှန်မြင်ရုံမျှနဲ့ ရတာမဟုတ်ဘဲ၊ ဝိပဿနာဉာဏ်တွေ ရင့်သန်လာပြီး မဂ်အခိုက်၊ ဖိုလ်အခိုက်မှာမှသာ တကယ့်ကို မျက်မှောက်ပြု ရရှိနိုင်တာ ဖြစ်ပါတယ်။
လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဆိုတဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ရာမှာ ရဟန်းဖြစ်စေ၊ လူဖြစ်စေ အားလုံးရဲ့ တစ်ခုတည်းသော အဓိကတာဝန်ဟာ ကိုယ်တိုင် သံသရာကနေ လွတ်မြောက်အောင် အားထုတ်ရေး၊ အနည်းဆုံး သောတာပန် အရိယာဖြစ်ရေးသာ ဖြစ်ပါတယ်။ အထူးသဖြင့် ရဟန်းတွေအနေနဲ့ အခြားသူတွေကို ကယ်တင်ဖို့ဆိုတာထက် မိမိကိုယ်တိုင် သောတာပန်ဖြစ်ဖို့ အားထုတ်ရမယ့် ဒီတစ်ခုတည်းသော တာဝန်ကိုသာ အာရုံစိုက်ပြီး ဦးစားပေး လုပ်ဆောင်ကြရမှာပါ။
ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ “ငါ မဟုတ်လို့ ဘာမှလုပ်မရဘူး” ဆိုတဲ့ အဆိုးမြင်စိတ်ကို ဖယ်ရှားလိုက်ပါ။ “ငါ” ဆိုတဲ့ ပညတ်ကို ပယ်ခွာပြီး ပရမတ်ကို သိမြင်တဲ့ ဉာဏ်နဲ့အတူ၊ အဓိပတိတရားလေးပါးကို စွမ်းအားအပြည့် အသုံးချလို့ မဂ်ဖိုလ်နိဗ္ဗာန်ဆီသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြပါစေ။
ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *