မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ ကုသိုလ်လုပ်ရတာကို အင်မတန် ဝါသနာပါကြပါတယ်။ လှူကြတန်းကြတယ်၊ သီလဆောက်တည်ကြတယ်၊ ဘုရားဖူးသွားကြတယ်။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ အလေ့အထပါ။ ဒါပေမဲ့ ကျနော် အလေးအနက် ထောက်ပြချင်တာတစ်ခုကတော့… ခင်ဗျားတို့ ကျနော်တို့ ကုသိုလ်လုပ်နေတဲ့ အချိန်မှာ “ကုသိုလ်” ရနေတာထက် “အတ္တ (ငါ)” ကို အစာကျွေးမိနေတာက ပိုများနေသလား ဆိုတာပါပဲ။
၁။ ဒါန ထဲက “ငါ”
ခင်ဗျားတို့ လှူဒါန်းတဲ့အခါ စိတ်ထဲမှာ ဘာကို အဓိကထားသလဲ။ “ငါ လှူတာ၊ ငါ့နာမည်နဲ့ လှူတာ၊ ငါ့မှာ အလှူဒါယကာ ဆိုတဲ့ ဂုဏ်ပုဒ်ရှိတယ်” ဆိုတဲ့ စိတ်တွေ ဝင်မလာဘူးလား။ အလှူစာရင်းမှာ ကိုယ့်နာမည် ကျန်ခဲ့ရင် စိတ်တိုတတ်ကြတယ်။ ဒါဟာ ကုသိုလ်လုပ်နေတာလား၊ “ငါ” ဆိုတဲ့ မာနကို အစာကျွေးနေတာလား။
နောက်ပြီး လှူပြီးတာနဲ့ ဆုတောင်းကြတာကို ကြည့်ပါ။ “စီးပွားတက်ပါစေ၊ နတ်ဖြစ်ပါစေ၊ လူချမ်းသာဖြစ်ပါစေ”။ ဒါဟာ ကုသိုလ်ကို အရင်းအနှီးလုပ်ပြီး “ငါ” အတွက် အမြတ်ပြန်တောင်းနေတဲ့ စီးပွားရေးဆန်ဆန် အပေးအယူ အလုပ်ကြီး ဖြစ်နေပါတယ်။ ကုသိုလ်ဆိုတာ စွန့်လွှတ်ခြင်း (Cāga) ကနေ လာရမှာပါ။ “ငါ့ဟာ” ဆိုတဲ့ အစွဲကို ဖြုတ်ဖို့ လှူရမှာပါ။ အခုတော့ “ငါ့အတွက် ပိုရပါစေ” ဆိုတဲ့ လောဘကို ကုသိုလ်နဲ့ ထပ်ပြီး အစာကျွေးနေကြပါတယ်။
၂။ သီလ ထဲက “ငါ”
ဥပုသ်စောင့်တယ်၊ သီလယူတယ် ဆိုတာဟာလည်း “ငါ သီလရှိတယ်၊ ငါက သူတို့ထက် မြင့်မြတ်တယ်” ဆိုတဲ့ မာနကို မွေးမြူဖို့ မဟုတ်ပါဘူး။ “ငါ” ဆိုတဲ့ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိဘဲ ရုပ်နာမ်တွေရဲ့ ဖောက်ပြန်မှုကို သတိနဲ့ ထိန်းကျောင်းဖို့ ဖြစ်ပါတယ်။ ပါးစပ်က ပါဠိရွတ်နေရုံ၊ ညစာ မစားဘဲ နေလိုက်ရုံနဲ့ ကုသိုလ်ရပြီလို့ ထင်နေရင် ခင်ဗျားတို့ “အတ္တ” ရဲ့ လှည့်စားမှုကို ခံနေရတာပါ။
၃။ အနတ္တသည် လက်လျှော့ခြင်း မဟုတ်ပါ
“ငါ” မရှိဘူး၊ “အတ္တ” မရှိဘူးလို့ ပြောလိုက်ရင် တချို့က “ငါ မှ မဟုတ်တာ၊ ဘာမှ လုပ်မရဘူး” ဆိုပြီး လက်လျှော့လိုက်ချင်ကြတယ်။ ဒါဟာ အဆိုးမြင်ဝါဒပါ။ အနတ္တကို သိမြင်ခြင်းဟာ လက်လျှော့ဖို့ မဟုတ်ဘဲ၊ ပိုပြီး ထိရောက်တဲ့ လမ်းကြောင်းပေါ်ကို တက်လှမ်းဖို့ ဖြစ်ပါတယ်။
ကျနော်တို့ ကုသိုလ်လုပ်တဲ့အခါမှာ “ငါ လုပ်တယ်” ဆိုတဲ့ အစွဲကို ဖယ်လိုက်ပါ။ “စေတနာ ဆိုတဲ့ နာမ်တရားက အလုပ်လုပ်နေတာ၊ လှူဒါန်းမှု ဆိုတဲ့ ရုပ်နာမ် ဖြစ်စဉ်တွေ ဖြစ်ပျက်နေတာ” လို့ မြင်အောင် ကြည့်ပါ။ အဲဒီလို “ငါ” ကို ဖယ်ပြီးမှ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါး ကို အသုံးချရမှာပါ။ အဓိပတိတရားလေးပါး နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း၊ သံသရာလွတ်ကြောင်း အရိယာဖြစ်ရေးအတွက် ဒီတရားတွေကို ထိရောက်အောင် အသုံးချရပါမယ်။
၄။ ပန်းတိုင်အစစ်ကို မျက်မှောက်ပြုခြင်း
ကျနော်တို့ရဲ့ ကုသိုလ်တွေဟာ သံသရာမှာ ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ သံသရာက ထွက်မြောက်ဖို့ (ဝိဝဋ္ဋနိဿိတ) ဖြစ်ရပါမယ်။ နိဗ္ဗာန်ဆိုတာ သညာသိလောက်နဲ့ “နိဗ္ဗာန်၊ နိဗ္ဗာန်” လို့ ရွတ်နေရုံနဲ့ ရတာ မဟုတ်ပါဘူး။ ဝိပဿနာဉာဏ်တွေ ရင့်သန်လို့ မဂ်အခိုက်၊ ဖိုလ်အခိုက်မှာမှ ကိုယ်တိုင် မျက်မှောက်ပြုရမယ့် ငြိမ်းချမ်းမှု ဖြစ်ပါတယ်။
လူ၊ ရဟန်း အရိယာတွေ များများ ပေါ်ထွန်းလာရေး မဟာဗျူဟာမှာ ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော တာဝန်က ကိုယ်တိုင် သောတာပန်ဖြစ်ဖို့ အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်လုပ်တိုင်း “ငါ” ကို အစာမကျွေးမိပါစေနဲ့။ “ငါ” ပိန်သွားအောင်၊ “ငါ” ပါးသွားအောင် ကုသိုလ်ကို အသုံးချတတ်ကြပါစေ။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။
ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *