ဗုဒ္ဓဘာသာဝင် အများစု၏ ကြားတွင် ဘုရားလောင်း (သို့မဟုတ်) ဘုရားအလောင်းများကို အထင်ကြီး လေးစားခြင်း၊ ကြည်ညိုကိုးကွယ်ခြင်းနှင့် မိမိကိုယ်တိုင်လည်း ဘုရားဆုပန်ကာ ဘုရားလောင်းအဖြစ် အတုယူ ကျင့်ကြံလိုသော ဆန္ဒများ ရှိတတ်ကြပါသည်။ သို့သော်လည်း တကယ့် ဓမ္မသဘောတရားနှင့် ခန္ဓာဉာဏ်ရောက် ဝိပဿနာအမြင်အရ သုံးသပ်ကြည့်မည်ဆိုပါက “ဘုရားလောင်း မကိုးကွယ်ရ အတုမယူရ” ဆိုသည့် အချက်မှာ အလွန်ပင် ထင်ရှားလှပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်နှင့် ဘုရားလောင်းတို့၏ အခြေအနေမှာ လုံးဝ ကွာခြားလွန်းလှသောကြောင့် ဖြစ်ပါသည်။
ပထမဆုံး နားလည်ထားရမည့် အချက်မှာ မြတ်စွာဘုရားရှင်သည် ကိလေသာ ဆယ်ပါးစလုံး ကင်းစင်ပြီး မောဟ လုံးဝ ကင်းစင်ကာ မာန်မာန မရှိတော့သော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် ဘုရားအလောင်းများဆိုသည်မှာ ဘုရားမဖြစ်သေးမီ အချိန်ကာလ တစ်လျှောက်လုံးတွင် ပုထုဇဉ်များသာ ဖြစ်နေဆဲ ဖြစ်ပါသည်။ ပုထုဇဉ်ဖြစ်သည့် အားလျော်စွာ ဘုရားအလောင်းများတွင် လောဘ၊ ဒေါသ နှင့် မောဟ ကိလေသာများ အပြည့်အဝ ရှိနေသေးသည်။ အထူးသဖြင့် ဘုရားအလောင်းများသည် မောဟ အလွန်အားကြီးကြပြီး၊ မြဲတယ်၊ သုခရှိတယ်၊ ငါရမှာ ဆိုသည့် အတ္တအယူ အပြည့်အဝ ရှိနေကြသည်။ ဤသည်မှာ တကယ်တော့ မောဟပင် ဖြစ်ပြီး ဘုရားအလောင်းများတွင် မာန်မာနများလည်း ရှိနေသေးသည်ကို သတိပြုရမည် ဖြစ်သည်။ ထိုသို့ မောဟနှင့် မာနများ ရှိနေသေးသော ပုထုဇဉ်များ ဖြစ်သည့်အတွက် ဘုရားအလောင်းများသည်လည်း သံသရာတစ်လျှောက်တွင် အမှားများစွာ ကျူးလွန်ခဲ့ကြရပြီး ငရဲသို့ အကြိမ်ကြိမ် ကျခဲ့ရဖူးပါသည်။
သံသရာဆိုသည်မှာ အလွန်ကြောက်စရာကောင်းသော အရာဖြစ်ကြောင်းကို ဂေါတမမြတ်စွာဘုရားအလောင်းနှင့် စိဉ္စမာဏဝိကာ (စိဏမာန) တို့၏ အတိတ်ဘဝ ဇာတ်လမ်းက သက်သေပြနေပါသည်။ အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းသည် အရက်သမား ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က စိဏမာနမှာ ရသေ့မ သို့မဟုတ် သူတော်စင်မ အဖြစ် ကျင့်ကြံနေထိုင်နေချိန် ဖြစ်သည်။ သို့သော် ဘုရားအလောင်းသည် သူငယ်ချင်းများနှင့် အရက်သောက်ရင်း ထိုသူတော်စင် ရသေ့မကို သေရည်အိုး ရွက်ခိုင်းပြီး သူ၏နောက်သို့ လိုက်လာအောင် လုပ်ပြမည်ဟု အလောင်းအစား လုပ်ခဲ့ပါသည်။ ထို့နောက် ထိုအမျိုးသမီးကို ဖျက်ဆီးပြီး သေရည်အိုးထမ်းခိုင်းကာ သူငယ်ချင်းများကို ပြသခဲ့ရာ၊ စိဏမာန သိသွားသောအခါ အလွန်မကျေမနပ် ဖြစ်ပြီး ရန်ငြိုးဖွဲ့မှုများ ဖြစ်ကုန်ရပါသည်။ ဤဇာတ်လမ်းကို ကြည့်ခြင်းအားဖြင့် သံသရာသည် မည်မျှ ကြောက်စရာကောင်းကြောင်းနှင့် နှလုံးသွင်း တစ်ချက် မှားလိုက်သည်နှင့် ဒုက္ခများစွာ ရောက်ရကြောင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ပုထုဇဉ် ဘဝတွင် ကောင်းသည်ဟု ထင်ရသော အရာများကို လုပ်ရင်းဖြင့်ပင် အပါယ်သို့ ကျရောက်သွားတတ်သည်။
ထို့ကြောင့် ဘုရားအလောင်းပင်လျှင် အကုသိုလ် ဒုစရိုက်များကို မရှောင်လွှဲနိုင်ဘဲ ငရဲကျသေးသည်ဖြစ်ရာ၊ ထိုကဲ့သို့သော ပုထုဇဉ်ဘဝမျိုးကို အထင်ကြီး အားကျနေရန် လုံးဝ မသင့်လျော်ပေ။
ထို့ပြင် လူအများစုသည် သံသရာမှ ချက်ချင်း လွတ်မြောက်အောင် မကြိုးစားဘဲ “ဘုရားဆုပန်ခြင်း” ကို အမြင့်မြတ်ဆုံးဟု ထင်မှတ်နေတတ်ကြပါသည်။ တကယ်တမ်း ဓမ္မသဘောအရ ကြည့်လျှင် သာသနာ၌ ဘုရားအလောင်းဆိုသည်မှာ အကောင်းချည်း ပြော၍ မရပါ။ ဘုရားအလောင်းများ ဘုရားဆုပန်သည် ဆိုသည်မှာ သင်္ခါရတရားပင် ဖြစ်ပြီး၊ မကောင်းသော သံသရာခရီးကို ရှည်လျားစေသည့် မာနတရားက တောင်းခိုင်းလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဘုရားအလောင်းကဲ့သို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခြင်းဆိုသည်မှာ ပုထုဇဉ်တို့အဖို့ အချိန်အများစုကို တိရစ္ဆာန်ဘုံနှင့် ငရဲဘုံများ၌သာ အချိန်ကုန်ရမည့် ခရီးကြမ်းကြီး ဖြစ်နေပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကမူ မိမိ၏ တပည့်သာဝကများကို ယခု ပစ္စုပ္ပန်ဘဝတွင်ပင် သံသရာမှ လွတ်အောင် လုပ်သွားသည်ကိုသာ ပို၍ သဘောကျ နှစ်သက်တော်မူပြီး၊ အမြန်ဆုံး လွတ်မြောက်အောင် လုပ်ကြရန် အမြဲတမ်း ဆုံးမ ဟောကြားခဲ့ပါသည်။ သံသရာ သစ်ငုတ် ဆိုတာမျိုးက လုံးဝ ကောင်းတာ မဟုတ်ကြောင်းကိုလည်း သတိပေးထားပါသည်။
သံသရာသည် ရှည်လျားလွန်းလှပြီး မြတ်စွာဘုရားရှင်ပင်လျှင် အစကို မပြောနိုင်အောင် ဖြစ်ရပါသည်။ ဤမျှ ကြောက်စရာကောင်းသော၊ အပါယ်လေးပါးသို့ အချိန်မရွေး ပြန်ကျနိုင်သော သံသရာကြီးထဲတွင် ဘုရားဆုပန်ခြင်း သို့မဟုတ် ဘုရားလောင်းကို အတုယူခြင်း ဆိုသည့် အလုပ်များသည် မိမိကိုယ်ကို အန္တရာယ်တွင်းသို့ ပြန်လည် တွန်းပို့နေခြင်းနှင့် တူနေပါသည်။ မြတ်စွာဘုရားရှင်က သတ္တဝါများကို သနားလွန်းသဖြင့် မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲခံကာ သံသရာမှ ထွက်မြောက်ရာလမ်း (နိဗ္ဗာန်) ကို ရှာဖွေပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ရမည့် အလုပ်မှာ ဘုရားလောင်းကို အတုယူနေရန် မဟုတ်ဘဲ၊ မြတ်စွာဘုရားရှင် ပြသခဲ့သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို ယခုဘဝတွင်ပင် ကြိုးစားအားထုတ်ရန်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားက လူ့ဘဝ ရခဲတယ် ဆိုတဲ့ အကြောင်းကို အကြိမ်ရေ သောင်းနဲ့ချီ ဟောကြားခဲ့ပြီး၊ ဆရာကောင်း ရှာဖို့နှင့် ဝိပဿနာ အားထုတ်ဖို့ အတွက်ကိုမူ အကြိမ်ရေ ထောင်နဲ့ချီ၍ ဟောကြားခဲ့ပါသည်။ သူဖြတ်သန်းခဲ့သော ဘုရားလောင်းဘဝများ အပါအဝင် ဘုရားဘဝ ကိုလဲ ဘဝ ဆိုလျှင် လက်တဖျစ်မှ ငါမချီးမွမ်းဟု အတိအကျပင် ပြောထားပါသည်။
အရိယာတယောက်အနေနှင့် ဘုရားအလောင်းပေါ်တွင် မေတ္တာ၊ ဂရုဏာ အပြည့်ရှိသော်လည်း သာမာန်ပုထုဇဉ်များအနေနှင့် ဘုရားအလောင်းကို အားကျပြီး ဘုရားအလောင်းဆုံးမမှုကို ဘုရားဆုံးမမှုထက် ပိုအလေးထားလိုက်နာပါက။ ဘုရားလောင်းလို ဘုရားလဲ မဖြစ် (သံသရာကမလွတ်)၊ ပုထုဇဉ်အနေနဲ့ ကုသိုလ်တရားလေးတိုးပွားပြီး ကုသိုလ် အရှိန်ကုန်သွားသောအခါ အပါယ်သို့ ပြန်ကျပြီး လက်ရှိရခဲလှသော ဘုရားသာသနာနှင့် ဝေးရမည် စိုးရိမ်သဖြင့် ရေးရခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် “ဘုရားလောင်း မကိုးကွယ်ရ အတုမယူရ” ဆိုခြင်းမှာ ဘုရားအလောင်းများအပေါ် ပြစ်မှားလို၍ မဟုတ်ဘဲ၊ ပုထုဇဉ်ဘဝ၏ အန္တရာယ်ကြီးမားပုံနှင့် မောဟ၊ မာနတို့၏ လှည့်စားမှုကို သတိပြုမိစေရန် ဖြစ်ပါသည်။ ဘုရားအလောင်းများသည် ပုထုဇဉ်များဖြစ်ပြီး အမှားများစွာ ကျူးလွန်နိုင်ကာ ငရဲသို့ပင် ကျရောက်နိုင်သေးသည်ကို နားလည်ထားရမည် ဖြစ်သည်။ ရုပ်နာမ် ခန္ဓာငါးပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို မှန်ကန်စွာ သိမြင်ပြီး သက္ကာယဒိဋ္ဌိကို ပယ်သတ်ကာ အနည်းဆုံး သောတာပန် အရိယာအဖြစ်သို့ ရောက်ရှိအောင် အားထုတ်ခြင်းသာလျှင် မြတ်စွာဘုရားရှင်၏ အလိုကျ အမှန်ကန်ဆုံးသော လမ်းစဉ် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။


Leave a Reply