ပုထုဇဉ်တွေ သိထားကြတဲ့ သီလဆိုတာ “ငါ” ဆိုတဲ့ အကောင်အထည်ကြီးကို အခြေခံပြီး စောင့်ထိန်းရတဲ့ လောကီသီလမျိုးပါ။ “ငါ ဒါကို မလုပ်ဘူး၊ ငါ ဒါကို ရှောင်မယ်” ဆိုပြီး ပညတ်ချက်တွေအပေါ်မှာ အားစိုက်ပြီး ထိန်းချုပ်ရတာမျိုး ဖြစ်ပါတယ်။
ကျနော့်အနေနဲ့ အမှန်တရားကို မျက်မှောက်ပြုပြီးတဲ့ နောက်ပိုင်းမှာ သီလမဂ္ဂင်သုံးပါး ပြည့်ပြီး နောက်ပိုင်းမှာ ၊ စိတ်ရဲ့ သဘောသဘာဝတွေကို ဆက်လက် လေ့လာတဲ့ အနေနဲ့ လောကီသီလ ဖောက်ဖျက်ရင် စိတ်မှာ ဘာတွေဖြစ်လာလဲ ဆိုတာကို သိချင်လို့ အရက်သောက်ကြည့်တာ၊ ဆေးခြောက် သုံးကြည့်တာမျိုး၊ WY သုံးကြည့်တာတွေ အထိ လက်တွေ့ စမ်းသပ်လေ့လာခဲ့ဖူးပါတယ်။ အခု လက်ရှိမှာတော့ လောကီသီလကို လုံးဝ လုံခြုံအောင် နေကြည့်ရင်ကော စိတ်ရဲ့ အခြေအနေ ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့် စမ်းသပ်နေပါတယ်။ အဲဒါက ကျနော့်ဝါသနာပါ။
ဒီလိုပြောတဲ့အခါ တချို့က လောကီပေတံနဲ့ တိုင်းပြီး ဝေဖန်ကြတာတွေ ရှိပါတယ်။ တကယ်တော့ လောကုတ္တရာသီလ ဆိုတာ အံကြိတ်ပြီး စောင့်ထိန်းနေရတဲ့ အရာ မဟုတ်ပါဘူး။ မဂ်အခိုက်၊ ဖိုလ်အခိုက်ကနေ စပြီး သန္တာန်မှာ “ငါ” ဆိုတဲ့ အတ္တဒိဋ္ဌိ လုံးဝ ပြုတ်ကျသွားတဲ့အတွက် အလိုလို သန့်စင်သွားတဲ့ သဘောတရားပါ။ စောင့်ထိန်းမှု လုံးဝမပါပဲ၊ မလိုအပ်ပဲ လုံသွားတဲ့ သီလဖြစ်ပါတယ်။ အဲဒီ လောကုတ္တရာသီလကတော့ မဂ်ကျတဲ့အခိုက်ကနေစပြီး ဒီနေ့အထိ လုံးဝကို မပျက်ပါဘူး။ ဒါဟာ ကျနော်က တော်လွန်းလို့၊ ကျနော်က အတင်း စောင့်ထိန်းထားနိုင်လွန်းလို့ မဟုတ်ပါဘူး။ မဂ္ဂင်ရှစ်ပါးရဲ့ သဘောတရားအရ ဒိဋ္ဌိကင်းစင်သွားတဲ့အတွက် အလိုလို လုံခြုံနေတာ သက်သက်ပါ။
ဒါကြောင့် အရိယာတစ်ယောက်ကို ဝေဖန်တဲ့အခါ ပုထုဇဉ်တွေ နားလည်ထားတဲ့ အပြင်ပန်း လောကီသီလ ပေတံနဲ့ သွားတိုင်းလို့ မရပါဘူး။ အပြုအမူကို ကြည့်ပြီး တိုင်းတာတာဟာ ပညတ်ကို ကြည့်တာပါ။ တကယ် ဝေဖန်ချင်ရင် ပညာနဲ့ စိတ်ဓာတ်ပေါ်ကနေပဲ ဝေဖန်ရမှာပါ။
သောတာပန်လို့ပြောရင် ဒီလူ့သန္တာန်မှာ “ငါ” ဆိုတဲ့ အတ္တဒိဋ္ဌိ ရှိသေးလား၊ ဣဿာ (မနာလိုခြင်း) နဲ့ မစ္ဆရိယ (ဝန်တိုခြင်း) တွေ ကင်းစင်သွားပြီလား ဆိုတာမျိုးနဲ့ ဝေဖန်တာကသာ အမှန်ကန်ဆုံး ဖြစ်ပါတယ်။
အနာဂါမ်လို့ပြောရင် ဒေါသရှိသေးသလား၊ ရဟန္တာလို့ပြောရင် လောဘရှိသေးသလား ဆိုတာမျိုးနဲ့ ဝေဖန်ရပါတယ်။
ဝေဖန်တာက မြတ်စွာဘုရား နှစ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်တဲ့သူက အခြေခံအချက်တွေလောက်တော့ သိထားသင့်ပါတယ်။
လွတ်မြောက်မှု (လွတ်လပ်မှု) ဆိုတာ စည်းကမ်းတွေကို ကြောက်ရွံ့ခြင်းမှာ မရှိဘဲ၊ အမှန်တရားကို ထိုးထွင်း သိမြင်ခြင်းမှာသာ ရှိပါတယ်။ ဒါကြောင့်လဲ သောတာပန်ဖြစ်ရင် ကြိုက်တာလုပ်၊ ကြိုက်သလိုသာ လုပ်လို့ ဆရာတော်ကြီးများ ဆုံးမလေ့ရှိတာ ဖြစ်ပါတယ်။ မြတ်စွာဘုရားကလဲ လူအရိယာ ဘာမလုပ်ရဘူးလို့ ပြောထားတာ ပိဋကတ်သုံးပုံမှာ တနေရာမှ မရှိပါဘူး။ သောတာပန်ဘဝ ဆိုတာ အင်မတန်လွတ်လပ်တဲ့ ဘဝပဲ ဖြစ်ပါတယ်။
လောကုတ္တရာသီလကို နားမလည်ပဲ သောတာပန်ကို ဟိုသီလပေါက်တယ် ဒီသီလပေါက်တယ်ဆိုတဲ့ သူတွေကိုလဲ ရယ်ပြ ယုံမှ တပါးပြောစရာမရှိတဲ့ အကြောင်းပါ။


Leave a Reply