မြန်မာဗုဒ္ဓဘာသာ လောကမှာ အမြစ်တွယ်နေတဲ့ အယူအဆတစ်ခုက “အရိယာကို ပြစ်မှားမိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် အပြီးတိုင် ပိတ်သွားပြီ” ဆိုတဲ့ အချက်ပါ။ ဒီအယူအဆကြောင့် လူတွေဟာ အရိယာလို့ သတ်မှတ်ထားသူတွေကို ဝေဖန်ဖို့၊ ထောက်ပြဖို့ ကြောက်ရွံ့နေကြပါတယ်။
ဒါပေမဲ့ ဒီအချက်ဟာ ပိဋကတ်တော်လာ ပုဂ္ဂလပညတ်ကျမ်း နဲ့ နှိုင်းယှဉ်ကြည့်ရင် လွဲမှားနေတာကို တွေ့ရပါလိမ့်မယ်။
၁။ ပိဋကတ်တော်က သတ်မှတ်ထားတဲ့ “လမ်းပိတ်သူ” များ
အဘိဓမ္မာ ပုဂ္ဂလပညတ် ပါဠိတော် မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်တဲ့ “အဘဗ္ဗာဂမန ပုဂ္ဂိုလ်”တွေရဲ့ အကြောင်းကို တိတိကျကျ ပြဆိုထားပါတယ်။ မဂ်တား ဖိုလ်တား ဖြစ်စေတဲ့ “ကံ” အနေနဲ့ –
မိခင်ကို သတ်ခြင်း (မာတုဃာတက)
ဖခင်ကို သတ်ခြင်း (ပိတုဃာတက)
ရဟန္တာကို သတ်ခြင်း (အရဟန္တဃာတက)
ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်ခြင်း (လောဟိတုပ္ပါဒက)
သံဃာသင်းခွဲခြင်း (သံဃဘေဒက)
ဒီ “ပဉ္စနန္တရိယကံ (၅) ပါး” သာလျှင် မဂ်တား ဖိုလ်တား (ကမ္မာဝရဏ) ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ “အရိယာကို ဆဲခြင်း၊ စော်ကားခြင်း၊ စနောက်ခြင်း” ဆိုတာ လုံးဝ မပါဝင်ပါဘူး။
၂။ စော်ကားခြင်းသည် ဝစီကံ၊ မနောကံ သာဖြစ်သည်
အရိယာတစ်ပါးကို တုတ်နဲ့ရိုက်တာပဲဖြစ်ဖြစ်၊ ဆဲတာပဲဖြစ်ဖြစ် ဒါဟာ ကာယကံ၊ ဝစီကံ သာဖြစ်ပါတယ်။ အဲ့ဒီကံဟာ “ရဟန္တာသတ်ခြင်း” ဆိုတဲ့ ပဉ္စနန္တရိယကံ အဆင့်ထိ မရောက်ဘူးဆိုရင် အဲ့ဒီကံဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားဆီးနိုင်စွမ်း မရှိပါဘူး။
၃။ တောင်းပန်စရာ မလိုဘူးလား?
အစဉ်အလာ ဝိသုဒ္ဓိမဂ်လာ ဇာတ်လမ်းတွေမှာ “တောင်းပန်ရမယ်” လို့ ဆိုထားတာဟာ လူမှုကျင့်ဝတ်အရ သတ်မှတ်ချက်သာ ဖြစ်ပါတယ်။ တရားသဘောအရ ကြည့်ရင် –
ပဉ္စနန္တရိယကံ (၅) ပါး ကျူးလွန်မိရင် တောင်းပန်သော်လည်း မဂ်ဖိုလ် မရနိုင်တော့ပါ။ (ကံက တားထားပြီးသား)။
ကျန်တဲ့ အကုသိုလ်ကံ (အရိယာကို စော်ကားခြင်း အပါအဝင်) ကျူးလွန်မိရင် အကုသိုလ် အကျိုးတော့ ခံစားရနိုင်ပါတယ်၊ ဒါပေမဲ့ မဂ်ဖိုလ်ကိုတော့ မတားနိုင်ပါဘူး။ ဒါကြောင့် တောင်းပန်စရာမလိုပါဘူး။
ဒါကြောင့် ပိဋကတ်တော်ရဲ့ မူရင်းအာဘော်အရ “တောင်းပန်မှ လမ်းပွင့်မယ်” ဆိုတာမျိုး မရှိပါဘူး။ မဂ်တား ဖိုလ်တား ဖြစ်စေတဲ့ ကံကို မကျူးလွန်သရွေ့ မဂ်ဖိုလ်လမ်းဟာ အမြဲ ပွင့်နေပါတယ်။
၄။ အယူအဆ လွဲမှားမှုရဲ့ အရင်းအမြစ်
လူတွေ ဘာလို့ အရမ်းကြောက်နေကြတာလဲဆိုတော့ – ၁။ ဝိသုဒ္ဓိမဂ်လာ ဇာတ်လမ်း (ကိုရင်လေးက လေနာထလို့ လမ်းမှာ ယာဂုဘုန်းပေးနေတဲ့ ရဟန္တာကို ပြစ်မှားမိတာကို ရဟန္တာက မဂ်တားဖိုလ်တားဖြစ်တယ်လို့ ပြောထားလို့၊ အဲဒီလိုပြောတာဟာ ရဟန္တာဖြစ်စေဦးတော့ ပညာအားနည်း ပိဋကတ်အားနည်းပြီး အမှားကို အမှန်ထင်နေတဲ့ ရဟန္တာသာ ဖြစ်ပါလိမ့်မယ်။ သူလဲ အရိယာသာဝကသာဖြစ်လို့ မှားပြောတာပါ။ ဒီစကားနဲ့ တခွန်းတည်းနဲ့ အမြဲမှန်တဲ့ မြတ်စွာဘုရားရဲ့ စကားကို ကန့်လန့်မတိုက်သင့်ပါဘူး။) – ဒါဟာ အဋ္ဌကထာ ဆရာတွေရဲ့ အမြင်ဖြစ်ပြီး ပိဋကတ်တော် (အရင်းအမြစ်) ရဲ့ အထက်မှာ မရှိပါဘူး။ ၂။ ခင်ပွန်းကြီးဆယ်ပါး ဇာတ်လမ်း – ဒါဟာ ဘုရားလောင်းဘဝက ကျေးဇူးတရားကို ဟောကြားတာဖြစ်ပြီး “မဂ်တား ဖိုလ်တား” ဥပဒေ မဟုတ်ပါဘူး။
တချို့အရိယာအစစ်များကလဲ အဲဒီ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို အရမ်းယုံကြည်ပြီး (ပိဋကတ်မဖတ်၍) ကိုယ့်ဟာကိုယ်ဒုက္ခရောက်နေတာတွေလဲ ရှိပါတယ်။ ဒီလိုစိတ်ဒုက္ခရောက်နေတဲ့ အရိယာတွေကိုလဲ အယူပြင်စေချင်ပါတယ်။
အနှစ်ချုပ်
အရိယာကို စော်ကားခြင်းသည် မကောင်းတဲ့ အကုသိုလ် ဖြစ်နိုင်ပါတယ်။ (အရိယာမှမဟုတ်ပါဘူး ဘယ်သူ့ကို စော်ကား စော်ကား အကုသိုလ်ပါပဲ။) ဒါပေမဲ့ အဲ့ဒီ အကုသိုလ်ဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားဆီးနိုင်တဲ့ “အာဝရဏ” မဟုတ်ပါဘူး။
ပုဂ္ဂလပညတ် ပါဠိတော်မှာ ဟောထားတဲ့ ပဉ္စနန္တရိယကံ ၅ ပါးထဲမှာ မပါဝင်သရွေ့ ဘယ်လို စော်ကားမှုမျိုးကမှ မဂ်ဖိုလ်လမ်းကို မပိတ်နိုင်ပါဘူး။ ဒါဟာ ပိဋကတ်တော်ရဲ့ တိကျတဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ အစွဲအလမ်းတွေ၊ ကြောက်ရွံ့မှုတွေထက် ပိဋကတ်တော်လာ အမှန်တရားကိုသာ ယုံကြည်လက်ခံကြဖို့ တိုက်တွန်းချင်ပါတယ်။
(အရိယာပြောတာ မှားတယ်လို့ ပြောမိရင် စော်ကားတယ် ဆိုတာမျိုး အယူအစွဲကလဲ မသင့်တော်ပါဘူး။ အရိယာဆိုတာ ဘုရားမဟုတ်တဲ့အတွက် မှားနိုင်ပါတယ်။ မှားတာတွေ့ရင် မှားတယ်လို့ ပြောမှ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။ အရိယာအစစ်က သူမှားရင် မှားကြောင်း ဘာမှ နှောင်းနှေးမှုမရှိပဲ ပြန်ပြောလေ့ရှိပါတယ်။ လူအရိယာနဲ့ကတော့ ပိုပြီးပွင့်ပွင့်လင်းလင်းပြောလို ကောင်းပါတယ်။ လူအရိယာဟာ သံဃာရတနာထဲမှာမပါပါဘူး။ ဒါကြောင့် သံဃာဂုဏ်ဖြစ်တဲ့ ကောင်းစွာကျင့်ခြင်းဆိုတဲ့ တရားမရှိတဲ့အတွက် ပုထုဇဉ်နဲ့ နေတာ ထိုင်တာ ကာမဂုဏ်ခံစားတာ မကွာပါဘူး။ အဲဒီတော့ အရမ်းအထင်ကြီးတာမျိုးကလဲ မသင့်တော်ပါဘူး။)


Leave a Reply

Your email address will not be published. Required fields are marked *