ဘဝဆိုတာ သတ္တဝါဆိုတာဟာ သေသေချာချာ စဉ်းစားမယ်ဆိုရင် အတော်လေး စိတ်ဝင်စားစရာ ကောင်း ပါတယ်။ ကျနော်တို့ဟာ လူသတ္တဝါတို့ရဲ့ ဖြစ်တည်လာပုံအကြောင်းနဲ့ ပါတ်သက်ပြီး ရှင်းပြထားတာတွေ အတော် များများ ရှိပါတယ်။ သိပ္ပံပညာက လူဆိုတာ သတ္တဝါဆိုတာ ဘယ်လိုဖြစ်လာသလဲ စကြဝဠာ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ရှင်းပြထားပါတယ်။ ဒါပေမယ့် သိပ္ပံပညာမှာလဲ ခြုံငုံသုံးသပ်ခြင်း ခန့်မှန်းမှု ပြုလုပ်ခြင်း ဆိုတာတွေ အများကြီးရှိနေပါတယ်။
သိပ္ပံပညာရဲ့ ဆက်စပ် တွေးတောပုံကို အပြစ်မပြောချင် ပေမယ့် သိပ္ပံပညာဟာ သတ္တဝါနဲ့ ပါတ်သက်ပြီး လေ့လာတဲ့အခါမှာ အရေးကြီးတဲ့ အချက်ဖြစ်တဲ့ သတ္တဝါ ဆိုသည်မှာ ရုပ်နဲ့ နာမ် ပေါင်းစပ်ထားမှု ဆိုတာနဲ့ ပါတ်သက်ပြီးတော့ သူတို့မှာ နာမ်နဲ့ ပါတ်သက်တဲ့ အကြောင်း၊ ရုပ်နဲ့ ပါတ်သက်တဲ့အကြောင်းတွေနဲ့ ပါတ်သက်ရင် အတော်ကြီး လေ့လာမှု အားနည်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ သိပ္ပံပညာက သတ္တဝါ စပြီး ဖြစ်လာရခြင်းသည် မြေအောက်မှာ ရှိတဲ့ သဘာဝ နူးကလီးယား ဓါတ်ပေါင်းဖိုလိုမျိုး ကြောင့် ဖြစ်လာရတယ်လို့ အဖြေပေးထားပါတယ်။ သတ္တဝါတွေဟာ မြေအောက်မှာရှိတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကြောင့် သတ္တဝါအတွက် လိုအပ်တဲ့ ရုပ်ဆိုတာ ဖြစ်လာရတယ်လို့ ရှင်းပြထားပါတယ်။ အဲလိုနဲ့ ရေသတ္တဝါကနေ စပြီး ဖြစ်လာရတယ်လို့ ပြောပြထားပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့အတိုင်းပါပဲ နာမ်နဲ့ ပါတ်သက်လို့ သိပ္ပံပညာရဲ့ အားနည်းချက် ဖြစ်နေပါတယ်။ အဲဒီအပြင် ရုပ်ဆိုတာနဲ့ ပါတ်သက်ရင်လဲ အဲဒီ အစီအစဉ်အတိုင်း ဖြစ်တယ် ဆိုတာဟာ ယူဆချက် သက်သက် ဖြစ်နေပါတယ်။ အဲဒါကြောင့် သတ္တဝါနဲ့ ပါတ်သက်တဲ့ သိပ္ပံပညာရဲ့ ရှင်းပြချက်ဟာ လိုအပ်ချက်များ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ လူသားသမိုင်းနဲ့ပါတ်သက်ပြီးတော့လဲ ကျောက်ခေတ်၊ ကြေးခေတ် အစရှိသဖြင့် တိုးတက်လာတယ်လို့ သိပ္ပံပညာက ယူဆထားပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ သမိုင်းမတင်ခင် ခေတ်ရဲ့ အကြောင်းအရာတွေ ဖြစ်နေလို့ အတိအကျပါလို့ ပြောလို့မရပါဘူး။
ဗုဒ္ဓဘာသာကတော့ သတ္တဝါဆိုတာနဲ့ ပါတ်သက်ရင် သတ္တဝါဆိုတာသည် တကယ်တော့ ရုပ်နဲ့ နာမ်နဲ့ စုပေါင်း ထားခြင်း ဖြစ်တယ် ဆိုတဲ့အကြောင်း ရှင်းပြထားပါတယ်။ ရုပ် ဆိုတာသည်လဲ သတ္တဝါမဟုတ်၊ နာမ် ဆိုတာသည် လည်း သတ္တဝါမဟုတ် သတ္တဝါဆိုသည်မှာ ပညတ်ချက် သက်သက်သာ ဖြစ်ပြီး၊ ရုပ်နဲ့ နာမ်ရဲ့ စုပေါင်းခြင်းကိုပဲ သတ္တဝါလို့ ပညတ်ထားခြင်း ဖြစ်ပါတယ်။ သတ္တဝါ အစနဲ့ ပါတ်သက်ပြီးတော့ ပဋိသန္ဓေလေးမျိုးကို ရှင်းပြထားပြီး ယခင်လုပ်ခဲ့သော ကံကြောင့် သတ္တဝါ အဖြစ်ဖြစ်ရတယ်လို့ ရှင်းပြထားပါတယ်။ ဘယ်လိုသတ္တဝါမျိုး ဖြစ်တယ် ဆိုတာဟာ အတိတ်က ပြုလုပ်ခဲ့သော ကံကြောင့် ဖြစ်ရတယ်လို့ ရှင်းပြပါတယ်။ ရုပ်ဆိုတာသည် ကံ၊ စိတ်၊ ဥတု၊ အဟာရ ရဲ့ စီမံမှုကြောင့် ဖြစ်ရတယ်လို့ပဲ ပြောထားပါတယ်။
စကြဝဠာနဲ့ ပါတ်သက်ရင် သိပ္ပံပညာက စကြဝဠာဟာ အဆုံးမရှိ ကျယ်ပြန့်နေတာဖြစ်တဲ့အတွက် အဲဒီ ကျယ်ပြန့်မှုရဲ့ အစဟာ အစမှတ်(Singularity) လို့ ခေါ်တဲ့ နေရာကနေ စခဲ့တယ်လို့ ယူဆပါတယ်။ အဲဒီအပြင် အဲဒီ စကြဝဠာရဲ့ အစဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃ ဘီလီယျံ လောက်က စခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါနဲ့ ပါတ်သက်ပြီးတော့ ဗုဒ္ဓဘာသာမှာ အစဆိုတာကို ရှင်းမပြထားပါဘူး။ ဘယ်ကစတယ်ဆိုတာ ပြောလို့မရလောက်အောင် ရှည်လျှားခဲ့ပြီလို့ ယူဆထားပါတယ်။ စကြဝဠာ ဆိုတာသည်လည်း အနန္တရှိပြီး အဆုံး မရှိသော စကြဝဠာလို့ပဲ ပြောရမှာပါပဲ။ တခြားကမ္ဘာက တခြားသော သက်ရှိများ သတ္တဝါများ ဆိုတာကို ဗုဒ္ဓဘာသာက လက်ခံပြီး တပါးသော ဉာဏ်ပညာရှိသော သတ္တဝါများလဲ ရှိတယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာမှာ ၃၁ ဘုံဆိုတာရှိပြီး ၃၁ဘုံမှာ ပြုတဲ့ ကုသိုလ်၊ အကုသိုလ် အလျှောက် အဆုံးမရှိလည်ပါတ်နေတာကို သံသရာလို့ ခေါ်ပါတယ်။ အဲဒီသံသရာက လွတ်အောင် ကြိုးစားခြင်းသည် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပါပဲ။
သိပ္ပံပညာမှာ မရှင်းပြထားတဲ့၊ မရှင်းပြနိုင်တဲ့ ပရမတ္တတရားလေးပါး ဆိုတာကို ဗုဒ္ဓဘာသာက ရှင်းပြထား ပါတယ်။ သိပ္ပံပညာကို လေ့လာချင်တဲ့ သူတွေအတွက် ဗုဒ္ဓဘာသာက ရှောင်လွှဲလို့မရတဲ့ အယူဝါဒ လေ့လာမှု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက လောကနဲံ လောကမှ လွန်မြောက်ရာ ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ပရမတ္တတရား လေးပါးထဲက သုံးပါးက လောက ဖြစ်ပြီး၊ တပါးကတော့ လောကုတ္တရာ ဖြစ်ပါတယ်။ ပရမတ္တတရား လေးပါး ဆိုတာကတော့ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဖြစ်ပြီး စိတ်၊ စေတသိတ်၊ ရုပ်က လောက။ နိဗ္ဗာန်က လောက အလွန် လောကုတ္တရာလို့ ခေါ်ပါတယ်။
ကျနော့်အနေနဲ့က သိပ္ပံပညာကိုပဲ လေးစားပြီး ကျန်တဲ့အယူဝါဒတွေကို အကုန်လုံးကို အထင်သေးခဲ့ပေမယ့် ဗုဒ္ဓဘာသာရဲ့ ပရမတ္တတရားလေးပါး ဆိုတဲ့ ကိစ္စ၊ အနတ္တဆိုတဲ့ သတ္တဝါမရှိဆိုတဲ့ ဝါဒဟာ ဘယ်လိုမှ ငြင်းမရတဲ့ ဝါဒ အဖြစ်လက်ခံ ခဲ့ရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာပဲ အဋ္ဌကထာ ဋီကာ ဆိုတဲ့ အဖွင့်ကျမ်း၊ ရှင်းပြချက် ကျမ်းတွေမှာ မခိုင်မာတဲ့ အယူဝါဒ တချို့ပါနေပါတယ်။ ဗုဒ္ဓဘာသာရဲ့ ပါဠိတော်မှာပဲ အသစ်ထည့်သွင်းထားမှုတွေ ပါနေပါတယ်။ ဗုဒ္ဓဘာသာကို သန့်စင်အောင် လုပ်မယ် ဆိုရင် အလုပ်တွေ အများကြီး ရှိပါတယ်။ ဆက်ပါဦးမည်။


Leave a Reply