ပုထုဇဉ်တွေအားလုံးဟာ နေ့စဉ်ဘဝမှာ ကိုယ့်စိတ်ကို ကိုယ်တိုင် မကျေနပ်တဲ့ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ရစမြဲပါ။
“ငါ ဘာလို့ ဒီလောက် ဒေါသကြီးရတာလဲ”
“ငါ့စိတ်က ဘာလို့ ဒီလောက် မစ္ဆရိယ (ဝန်တိုမှု) ဖြစ်နေရတာလဲ”
“သူများ အဆင်ပြေတာကို ဘာလို့ မနာလို ဖြစ်မိရတာလဲ”
အဲ့ဒီလို မကောင်းတဲ့ စိတ်အစဉ်တွေ ပေါ်လာတဲ့အခါ ကိုယ့်ကိုကိုယ် မကြည်ညိုနိုင်တော့ဘူး။ ငါဟာ လူဆိုးပဲဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်၊ စိတ်ဆင်းရဲပြီး သိမ်ငယ်စိတ်တွေ ဝင်လာတတ်ပါတယ်။
ဒီလို ခံစားနေရပြီဆိုရင် မိတ်ဆွေကို ပြောချင်တာက “မိတ်ဆွေ တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး” ဆိုတာပါပဲ။ ဒါဟာ “ပုထုဇဉ်” လူသားတိုင်းရဲ့ သဘာဝ အခြေအနေမှန် တစ်ခုသာ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ ကိုယ့်ပေါ်ဖြစ်လာတဲ့ စိတ်အခြေအနေတွေအပေါ် ရှုမြင်ပုံ ပြောင်းလဲပြီး စိတ်သက်သာရာ ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပုထုဇဉ် ဆိုတာ ဘာလဲ?
ရိုးရိုးလေး ပြောရရင်တော့ ကိလေသာ မကင်းစင်သေးသူ မှန်သမျှကို “ပုထုဇဉ်” လို့ ခေါ်ပါတယ်။ သတ္တဝါတွေရဲ့ စိတ်အိမ်ထဲမှာ မွေးရာပါ ပါလာတဲ့၊ အခွင့်သင့်ရင် သင့်သလို ထကြွသောင်းကျန်းမယ့် “ကိလေသာ (၁၀) ပါး” ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေ ခိုအောင်းနေပါတယ်။
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ (အယူလွဲမှားခြင်း)၊ ဝိစိကိစ္ဆာ (သံသယ)၊ ထိန (ထိုင်းမှိုင်းခြင်း)၊ ဥဒ္ဓစ္စ (ပျံ့လွင့်ခြင်း)၊ အဟိရိက (မရှက်ခြင်း)၊ အနောတ္တပ္ပ (မကြောက်ခြင်း) ဆိုတဲ့ ဒီတရားဆိုးတွေဟာ သတ္တဝါ သန္တာန်မှာ အမြစ်တွယ်နေပါတယ်။
စက်ရုပ်တစ်ရုပ်လို လည်ပတ်နေတဲ့ “အကြောင်း” နဲ့ “အကျိုး”
ကျွန်တော်တို့က ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ပေါ်လာရင် “ငါ တွေးတယ်၊ ငါ ဆိုးတယ်” လို့ “ငါ” စွဲနဲ့ သွားပြီး ပိုင်ဆိုင်လိုက်ကြတယ်။ တကယ်တမ်းတော့ ဒါဟာ သဘာဝတရားရဲ့ စက်ယန္တရား လည်ပတ်မှုတစ်ခု မျှသာ ဖြစ်ပါတယ်။
ရှင်းအောင် ပြောရရင် –
၁။ အကြောင်းတရား (The Cause – ကိလေသာ) ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အထက်က ပြောခဲ့တဲ့ ကိလေသာ အမြစ်တွယ်နေခြင်းဟာ “အကြောင်းတရား” ပါ။ ဥပမာ – ဒေါသ ဆိုတဲ့ ယမ်းအိုး ရှိနေတယ်။
၂။ အကျိုးတရား (The Effect – ကံ ၃ ပါး) အပြင်က အာရုံတစ်ခုခု (ဥပမာ – ကိုယ်မကြိုက်တဲ့ စကားသံ) နဲ့ တိုက်ဆိုင်လိုက်တဲ့အခါ၊ အတွင်းက ဒေါသယမ်းအိုးက ပေါက်ကွဲပါတော့တယ်။
မနောကံ (စိတ်) – စိတ်ထဲမှာ မကျေနပ်ဘူး၊ တုံ့ပြန်ချင်တဲ့ အတွေးတွေ ပေါ်လာတယ်။
ဝစီကံ (နှုတ်) – စိတ်က မထိန်းနိုင်တော့တဲ့အခါ ကြမ်းတမ်းတဲ့ စကားတွေ ပြောမိတော့တယ်။
ကာယကံ (ကိုယ်) – နှုတ်ကလည်း မထိန်းနိုင်တော့တဲ့အခါ ကိုယ်ထိလက်ရောက် ကျူးလွန်မိတော့တယ်။
တွေ့လိုက်ပါသလား။ ကိလေသာဆိုတဲ့ “အကြောင်း” ရှိနေလို့၊ ကံ (ကာယ, ဝစီ, မနော) ဆိုတဲ့ “အကျိုး” တရားတွေ ဆက်တိုက် ဖြစ်ပေါ်လာတာပါ။ ဒါဟာ ရေစီးကြောင်းတစ်ခုလို သဘာဝအတိုင်း စီးဆင်းသွားတဲ့ ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့
ကားတစ်စီးမှာ ညံ့ဖျင်းတဲ့ လောင်စာဆီ ထည့်ထားရင်၊ အဲ့ဒီကားက မီးခိုးထွက်ပြီး စက်သံ ဆူညံနေမှာပါပဲ။ ဒါဟာ ကားရဲ့ အပြစ် မဟုတ်ပါဘူး။ လောင်စာဆီရဲ့ အပြစ်သာ ဖြစ်ပါတယ်။
ထို့အတူပဲ ပုထုဇဉ်တွေရဲ့ စိတ်ထဲမှာ “ကိလေသာ” ဆိုတဲ့ လောင်စာဆီညံ့တွေ ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းတဲ့ စိတ်၊ မကောင်းတဲ့ အပြော၊ မကောင်းတဲ့ အလုပ်တွေဆိုတဲ့ မီးခိုးတွေ ထွက်နေဦးမှာပါပဲ။
ဒါကြောင့် မကောင်းတဲ့စိတ်တွေ ပေါ်လာတဲ့အခါ… “ငါ အကျင့်တရားက သိပ်ဆိုးတာပဲ” လို့ ကိုယ့်ကိုကိုယ် နှိပ်စက်မယ့်အစား… “ဪ… ငါ ပုထုဇဉ်ပဲ၊ ငါ့မှာ ကိလေသာ အထုံတွေ ရှိနေသေးတာကိုး၊ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါလား” လို့ သဘောပေါက် လက်ခံပေးလိုက်ပါ။
နိဂုံးချုပ်
ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကိလေသာတွေအကုန်လုံး ကို ချက်ချင်း အမြစ်ပြတ် သတ်ဖို့ မဟုတ်သေးပါဘူး။ (ဒါက ရဟန္တာ အဆင့်မှ ရမှာပါ)။
အခုလောလောဆယ် လုပ်နိုင်တာက… ကိုယ်က ပုထုဇဉ်မို့လို့ ကိလေသာ လာတတ်တယ် ဆိုတဲ့ အမှန်တရားကို လက်ခံပြီး၊ ကိုယ့်ကိုကိုယ် ညှာတာပေးဖို့ပါ။ အပြစ်တွေ တနင့်တပိုး ခံစားမနေပါနဲ့။ အဲဒီကနေ ကြုံတွေ့ရတဲ့ စိတ်ဆင်းရဲမှုတွေ ပြသနာတွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရဲ့ တရားခံ လက်သည် ဖြစ်တဲ့ အတ္တဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာဆိုတဲ့ ကိလေသာကို စပြီး ပါယ်သတ်နိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
“အကြောင်း (ကိလေသာ) ရှိလို့၊ အကျိုး (မကောင်းမှု) ဖြစ်တယ်” လို့ သိမြင်လိုက်တာနဲ့ တပြိုင်နက်၊ ကိုယ့်စိတ်အပေါ် ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားပြီး၊ စိတ်သက်သာရာ ရသွားပါလိမ့်မယ်။
ပြီးမှ… နောက်တစ်ခါ ကိလေသာ မဝင်အောင် “သတိ” လေး ကပ်ကြည့်မယ်ဆိုတဲ့ စိတ်မွေးပါ။
လောလောဆယ်တော့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ပြီး ငြိမ်းချမ်းစွာ နေလိုက်ပါဦး။ မကုန်သေးတဲ့ ကိလေသာက ရှက်စရာမဟုတ်ပါဘူး။
လူသားအားလုံး စိတ်နှလုံး အေးချမ်းကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *