သားတို့သမီးတို့ကို ဘဘ ဒီနေ့ ပြောပြချင်တာက ဘုရားရှင်ရဲ့ အဆုံးအမတွေ အကြောင်းပါ။ “သာသနာ” ဆိုတာ “အဆုံးအမ” လို့ အဓိပ္ပါယ်ရတယ်။ ဘုရားရှင်က သားတို့သမီးတို့ကို လိမ်မ္မာရေးခြား ရှိစေချင်လို့ ဆုံးမထားတာတွေ အများကြီးရှိတယ်။ အဲဒီထဲကမှ “လိုက်နာရမယ့် စည်းကမ်း (၅) ချက်” နဲ့ “သားတို့ခန္ဓာကိုယ်အကြောင်း” ကို ဘဘ ပြောပြမယ်နော်။
(၁) လိုက်နာရမယ့် စည်းကမ်း (၅) ချက်
လိမ်မာတဲ့ ကလေးတွေဖြစ်ဖို့အတွက် ရှောင်ရမယ့် အချက် ၅ ချက် ရှိတယ်။ အဲဒါကို “ငါးပါးသီလ” လို့ ခေါ်တယ်။
၁။ မသတ်ရဘူး – လူတွေကိုမပြောနဲ့၊ ခြင်၊ ယင်၊ ပုရွက်ဆိတ်လေးတွေကိုတောင် သေအောင် မသတ်ရဘူး။ သူတို့လေးတွေက အကောင်သေးပေမယ့် အသက်နဲ့ပဲလေ။
၂။ မခိုးရဘူး – သူများပစ္စည်းကို ခွင့်မပြုဘဲ ယူတာမျိုး လုံးဝ မလုပ်ရဘူး။
၃။ မနှောင့်ယှက်ရဘူး – သူများမိသားစု၊ သူများ သားသမီးတွေကို စိတ်ဆင်းရဲအောင် မလုပ်ရဘူး။
၄။ မလိမ်ရဘူး – ဘယ်တော့မှ လိမ်မပြောရဘူး။ အမှန်အတိုင်းပဲ ပြောရမယ်။
၅။ မူးစေတာတွေ မသုံးရဘူး – အရက်၊ ဘီယာ၊ ဆေးလိပ် စတဲ့ မူးဝေစေတဲ့ အရာတွေကို လုံးဝ မသုံးစွဲရဘူး။
ဒီ (၅) ချက်ကို လိုက်နာရင် သားတို့သမီးတို့ဟာ လူလိမ္မာလေးတွေ ဖြစ်ပြီပေါ့။
(၂) သားတို့ရဲ့ ခန္ဓာကိုယ်အကြောင်း (ရုပ်)
ကဲ… အခု သားတို့ရဲ့ ခန္ဓာကိုယ်ကြီးအကြောင်း ဆက်ပြောမယ်။ သားတို့ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေကို စမ်းကြည့်လိုက်… ကိုင်လို့ တွယ်လို့ ရတယ်ဟုတ်? အဲဒီလို ကိုင်လို့ရတာတွေ အားလုံးကို “ရုပ်” လို့ ခေါ်တယ်။ ဒီ “ရုပ်” ကြီးကို ဘယ်လို ဖွဲ့စည်းထားသလဲဆိုတော့ အဓိက (၄) မျိုးနဲ့ ဖွဲ့စည်းထားတယ်။
- မာတဲ့သဘော (မြေဓာတ်): သားတို့ အရိုးတွေ၊ အသားတွေကို စမ်းကြည့်ရင် မာတောင့်တောင့် ဖြစ်နေတယ်မလား။ အိမ်သာသွားတဲ့အခါ အီးတုံးလေးတွေ ဖြစ်နေတာကအစ ဒီ “မာတဲ့သဘော” ရှိလို့ အတုံးအခဲ ဖြစ်နေတာ။
- ပူတဲ့သဘော (မီးဓာတ်): သားတို့ နဖူးလေးကို လက်နဲ့ စမ်းကြည့်လိုက်၊ နွေးနေတယ်မလား။ အဲဒါ “ပူတဲ့သဘော” ရှိလို့ပဲ။
- ယိုစီးတဲ့သဘော (ရေဓာတ်): သားတို့ ရှူးပေါက်တာ၊ တံတွေးထွေးတာ၊ ချွေးထွက်တာတွေကျတော့ အရည်တွေ ယိုစီးကျလာတယ်မလား။ အဲဒါ “ယိုစီးတဲ့သဘော” ပေါ့။
- လှုပ်ရှားတဲ့သဘော (လေဓာတ်): သားတို့ ရှူလိုက်တဲ့ လေတွေ၊ ဗိုက်ထဲက လေတွေကြောင့် သားတို့ လှုပ်ရှားလို့ ရတာ။ အဲဒါကို “လေသဘော” လို့ ခေါ်တယ်။
ဒီ (၄) မျိုး ပေါင်းထားလို့ သားတို့ရဲ့ ခန္ဓာကိုယ်ကြီး ဖြစ်လာတာပေါ့။ ပြီးတော့ သားတို့ ဆံပင်တွေ၊ လက်သည်းတွေ ရှည်လာတယ်ဆိုတာ ဒီရုပ်ကြီးက အသစ်အသစ်တွေ ဖြစ်လာလို့၊ ပြီးရင် ပြန်ပျက်စီးသွားလို့ ညှပ်ပစ်ရတာပေါ့။
(၃) စိတ်အကြောင်း (နာမ်)
ရုပ်ကြီးပဲ ရှိလို့မရဘူး။ ဒီရုပ်ကြီး လှုပ်ရှားဖို့ “ခိုင်းတဲ့သူ” လိုတယ်။ ဥပမာ- စက်ရုပ်ရုပ်ကြီး ရှိပေမယ့် ဓာတ်ခဲမထည့်ရင် မလှုပ်ဘူးလေ။ အဲဒီ ဓာတ်ခဲလိုမျိုး ခိုင်းစေတဲ့သူကိုတော့ “စိတ် (နာမ်)” လို့ ခေါ်တယ်။ “မုန့်စားချင်တယ်”၊ “ဆော့ချင်တယ်”၊ “ပျော်တယ်” ဆိုတာတွေက စိတ်ပေါ့။ စိတ်ကိုတော့ ကိုင်ကြည့်လို့ မရဘူး။
စိတ်ကို လွယ်လွယ်မှတ်မယ်ဆိုရင် “ရေခွက် နဲ့ ဆေးရောင်” လိုပဲ။ - စိတ်က ရေကြည်ကြည်လေး နဲ့ တူတယ်။
- စိတ်ဆိုးတာ၊ ပျော်တာ၊ ကြောက်တာတွေက အဲဒီရေထဲကို ရောင်စုံဆေးတွေ လာရောသလိုပဲ။ ဆေးအနီရောင်ရောလိုက်ရင် ရေက အနီရောင် ဖြစ်သွားသလို၊ စိတ်ဆိုးတာ ဝင်လာရင် ဒေါသဖြစ်သွားရော။
ချုပ်လိုက်ရင်… သားတို့သမီးတို့ရေ… “ငါ” လို့ ထင်ရပေမယ့် တကယ်တော့ “ရုပ် (ခန္ဓာကိုယ်ကြီး)” နဲ့ “နာမ် (စိတ်)” နှစ်ခု ပေါင်းပြီး အလုပ်လုပ်နေတာပါလားလို့ မှတ်သားထားရမယ်နော်။
ကလေးများအတွက် ဗုဒ္ဓအဆုံးအမ (အပိုင်း ၂)
ဒီတစ်ခါမှာတော့ ဘဘက သားတို့သမီးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေ အလုပ်လုပ်နေလဲဆိုတာ ဆက်ပြောပြမယ်နော်။ ရှေ့အပိုင်းမှာတုန်းက “ငါ” ဆိုတာ မရှိဘဲ “ရုပ် (ခန္ဓာကိုယ်ကြီး)” နဲ့ “နာမ် (စိတ်)” ပဲ ရှိတယ်ဆိုတာ ပြောခဲ့တယ်လေ။ အခု အဲဒီနှစ်ခု ဘယ်လို တွဲပြီး အလုပ်လုပ်လဲဆိုတာ ကြည့်ရအောင်။
(၁) အပ်နဲ့ ထိုးမိရင် ဘာဖြစ်သွားလဲ?
ဥပမာလေး တစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ သားတို့လက်ကို အပ်ကလေးနဲ့ စူးမိတယ် ဆိုပါစို့။ - အပ် ဆိုတာလည်း “ရုပ်” ပဲ။
- လက် ဆိုတာလည်း “ရုပ်” ပဲ။
- အဲဒီ ရုပ်နှစ်ခု ထိသွားတဲ့အခါ လက်မှာရှိတဲ့ အာရုံကြောလေးတွေကနေတစ်ဆင့် “အလို… ထိမိပါလား” ဆိုတဲ့ အသိက ဦးနှောက်ဆီ ရောက်သွားတယ်။
- ချက်ချင်းပဲ “နာတယ်” ဆိုတဲ့ စိတ် (နာမ်) ပေါ်လာတယ်။
တွေ့လား… အပ်နဲ့ထိုးမိတာက “ရုပ်”၊ နာတာက “စိတ်”။ တကယ်တော့ “ငါ နာသွားတာ” မဟုတ်ဘူးနော်။ ရုပ်ကို ထိမိလိုက်လို့ နာတဲ့စိတ် ပေါ်လာတာပဲ ရှိတယ်။ ဒါကို သဘောပေါက်ရင် သားတို့ တော်တော်တော်နေပြီ။
(၂) စိတ်နဲ့ရုပ် ဘယ်လို လည်ပတ်နေလဲ? (စက်ဝိုင်းကြီးလိုပါပဲ)
ဘုရားရှင်က ဒီအကြောင်းကို သေချာဟောထားတယ်။ သားတို့ စက်ဝိုင်းကြီးတစ်ခု လည်နေသလိုပဲ။ ဘယ်ကစလဲ ကြည့်ရအောင်။
၁။ မသိတာ (အဝိဇ္ဇာ): အရင်ဘဝတုန်းက သားတို့ ဒီအကြောင်းတွေ မသိခဲ့ဘူး။ မသိတော့ အမျိုးမျိုး လုပ်ခဲ့ကြတယ်။
၂။ ပြန်မွေးလာတာ: အဲဒီလို လုပ်ခဲ့ကြလို့ ဒီဘဝမှာ လူပြန်ဖြစ်လာတယ်။ အမေဗိုက်ထဲ စရောက်ကတည်းက “သိစိတ်” လေး စပေါ်လာတယ်။ ပြီးတော့ ကိုယ်ခန္ဓာ (ရုပ်) ကြီး ဖွံ့ဖြိုးလာတယ်။
၃။ တံခါးပေါက် ၆ ခု (သဠာယတန): လူဖြစ်လာတော့ အပြင်လောကကြီးနဲ့ ဆက်သွယ်ဖို့ တံခါးပေါက် ၆ ခု ပါလာတယ်။ အဲဒါတွေကတော့ – - မျက်စိ (မြင်ဖို့)
- နား (ကြားဖို့)
- နှာခေါင်း (အနံ့ခံဖို့)
- လျှာ (အရသာခံဖို့)
- ကိုယ်ခန္ဓာ (ထိတွေ့ဖို့)
- စိတ် (တွေးတောဖို့) … တို့ပဲ ဖြစ်တယ်။
(၃) ပြဿနာ ဘယ်က စသလဲ?
အဲဒီ တံခါးပေါက် ၆ ခုကနေ အပြင်က အရာတွေနဲ့ “ထိ” လိုက်တာနဲ့ ဇာတ်လမ်းစတော့တာပဲ။ - မျက်စိက မုန့်ကို မြင်လိုက်တယ် (ထိတွေ့မှု ဖြစ်တယ်)။
- “ဟာ… စားချင်စရာလေးပဲ” ဆိုပြီး ခံစားလိုက်ရတယ် (ဝေဒနာ ဖြစ်တယ်)။
- “ဒါ ငါကြိုက်တဲ့ မုန့်ပဲ” ဆိုပြီး မှတ်မိလိုက်တယ် (သညာ ဖြစ်တယ်)။
- အဲဒီအခါ “လိုချင်တဲ့စိတ်” (တဏှာ) ပေါ်လာတယ်။ “ငါ့ဟာပဲ ဖြစ်ရမယ်” ဆိုတဲ့ အစွဲ (ဒိဋ္ဌိ/ဥပါဒါန်) ဝင်လာတယ်။
- နောက်ဆုံးတော့ အဲဒီမုန့်ကို ရအောင် ယူလိုက်တော့တာပဲ (ကံ မြောက်သွားတယ်)။
ဒီလိုနဲ့ပဲ “မြင်တယ် -> လိုချင်တယ် -> လုပ်ယူတယ်” ဆိုတဲ့ စက်ဝိုင်းကြီးထဲမှာ လည်နေကြတာပေါ့။
ချုပ်လိုက်ရင်… သားတို့သမီးတို့ရေ… အပ်နဲ့ထိုးမိလို့ “အာ့” လို့ အော်လိုက်တာ၊ မုန့်မြင်လို့ “စားမယ်” ဆိုပြီး ယူလိုက်တာ၊ ဒါတွေအားလုံးဟာ “ငါ” လုပ်နေတာ မဟုတ်ဘူးနော်။ တံခါးပေါက် ၆ ခုကနေ အာရုံတွေ ဝင်လာလို့ စိတ်က တုံ့ပြန်လိုက်တဲ့ ဖြစ်စဉ်ကြီးတစ်ခုသာ ဖြစ်တယ်ဆိုတာ သတိထားကြည့်ကြည့်နော်။
ကလေးများအတွက် ဗုဒ္ဓအဆုံးအမ (အပိုင်း ၃)
ဒီတစ်ခါတော့ ဘဘက ရှေ့မှာ ပြောခဲ့တာလေးတွေကို ပြန်ပေါင်းပြီး တခြားဘာသာတွေနဲ့ ဘာကွာသလဲဆိုတာ ရှင်းပြမယ်နော်။
(၁) ပြန်နွှေးကြစို့
သားတို့သမီးတို့ မှတ်မိဦးမှာပါ။ - “ငါ” ဆိုတာ တကယ်မရှိဘူး။ “ရုပ် (ခန္ဓာကိုယ်)” နဲ့ “နာမ် (စိတ်)” ပဲ ရှိတယ်။
- ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် ဆိုတာတွေက နာမည်တပ်ထားတာ (Name Tags) တွေ သက်သက်ပဲ။ တကယ်တော့ သူတို့လည်း ရုပ်နဲ့ နာမ်ပါပဲ။
- အားလုံးက သူ့အလိုလို ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်း ရှိလို့ အကျိုး ဖြစ်လာတာ (Cause and Effect)။
(၂) တခြားဘာသာတွေနဲ့ ဘာကွာလဲ?
ကမ္ဘာပေါ်မှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဆိုပြီး တခြားဘာသာတွေလည်း ရှိကြတယ်။ - သူတို့ကတော့ “ဖန်ဆင်းရှင် (God)” က လူတွေကို ဖန်ဆင်းလိုက်တယ်၊ ကမ္ဘာကြီးကို ဖန်ဆင်းလိုက်တယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် အဲဒီ ဖန်ဆင်းရှင်ကို ဘယ်သူမှ မမြင်ဖူးဘူး၊ သက်သေပြဖို့ ခက်တယ်။
- ဘဘတို့ ဗုဒ္ဓဘာသာကတော့ အဲဒီလို ဖန်ဆင်းရှင်ကို မယုံကြည်ဘူး။ ဘဘတို့က “အကြောင်းအကျိုး” ကိုပဲ ယုံတယ်။
(၃) ဘာလို့ ဗုဒ္ဓဘာသာက အမှန်တရားလို့ ပြောတာလဲ?
ဥပမာလေးနဲ့ ပြောပြမယ်။ - သရက်စေ့ စိုက်ရင် သရက်ပင် ပေါက်မယ် (ဒါက အကြောင်းအကျိုးပဲ)။
- အပ်နဲ့ ထိုးရင် နာမယ် (ဒါလည်း အကြောင်းအကျိုးပဲ)။ ဒါကို ဘယ်သူမဆို ကိုယ်တိုင် စမ်းသပ်ကြည့်လို့ ရတယ်မလား။ ဘဘတို့ ဘုရားရှင် ဟောခဲ့တာက အဲဒီလို လက်တွေ့စမ်းသပ်လို့ရတဲ့ အမှန်တရား တွေမို့လို့ ဘဘတို့က လက်ခံတာပေါ့။ မမြင်ရတဲ့ တန်ခိုးရှင်ကို ယုံရတာထက် စာရင် ကိုယ်တိုင်စမ်းလို့ရတာက ပိုသေချာတယ်လေ။
(၄) ဘုရားရှင်က ဆုပေး ဒဏ်ပေး လုပ်သလား?
မလုပ်ပါဘူး။ ဘုရားရှင်က “လမ်းပြပေးတဲ့ ဆရာ” သက်သက်ပါပဲ။ - သားတို့ ကောင်းတာလုပ်ရင် ကောင်းကျိုး ရမယ်။ (ဥပမာ- စာကြိုးစားရင် အမှတ်ကောင်းမယ်)။
- မကောင်းတာလုပ်ရင် မကောင်းကျိုး ရမယ်။ (ဥပမာ- မီးကို ကိုင်ရင် ပူမယ်)။ ဒါက ဘုရားရှင်က ဒဏ်ပေးတာ မဟုတ်ဘူး။ သူ့အကြောင်းနဲ့ သူ အကျိုးပေးနေတာသာ ဖြစ်တယ်။
ချုပ်လိုက်ရင်… သားတို့သမီးတို့ရေ… ဗုဒ္ဓဘာသာဆိုတာ “ဖန်ဆင်းရှင်ကို ယုံရတာ” မဟုတ်ဘဲ “ကိုယ်လုပ်တဲ့ အကြောင်းတရားအပေါ်မှာ ကိုယ်ပြန်ရမယ်” ဆိုတဲ့ အမှန်တရားကို လက်တွေ့ကျကျ ယုံကြည်တာ ဖြစ်တယ်လို့ မှတ်သားထားကြနော်။


Leave a Reply