မြန်မာနိုင်ငံက ဘုရားပွဲတွေ၊ အလှူအတန်းတွေမှာ မိုက်ခွက်လေး ကိုင်ပြီး ဆုတောင်းပေးနေတာ ကြားဖူးကြမှာပါ။ “ယခု လှူဒါန်းရသော အကျိုးအားကြောင့်… လာမည့်ဘဝတွင် သူဌေးမင်း ဖြစ်ရပါလို၏၊ နတ်စည်းစိမ်ကို ခံစားရပါလို၏၊ အခြံအရံ ပေါများပါလို၏…” အလှူရှင်တွေကလည်း “သာဓု” တွင်တွင် ခေါ်ပြီး ကျေနပ်နေကြတယ်။

ကျွန်တော် မေးချင်တာက… ခင်ဗျားတို့ လုပ်နေတာ “ဒါန” လား၊ ဒါမှမဟုတ် “စီးပွားရေး ရင်းနှီးမြှုပ်နှံမှု” လား။ ၁ သိန်း ရင်းပြီး သိန်း ၁၀၀၀ ပြန်ရဖို့ မျှော်ကိုးနေတာဟာ ဒုက္ခရှာသော လောဘ သက်သက်ပါ။ ကုသိုလ် မဟုတ်ပါဘူး။

ဒါ့အပြင် အရေးအကြီးဆုံး မှားယွင်းမှုကတော့… “နောက်ဘဝ” ဆိုတာ အာမခံချက် ရှိတဲ့ နေရာ လို့ ထင်နေကြခြင်းပါပဲ။

မီးလောင်ပြင်ထဲ အိမ်ဆောက်သူများ

မြတ်စွာဘုရား ဟောခဲ့ပါတယ်။ “လောကကြီးဟာ မီးလောင်နေတယ်” (သဗ္ဗံ ပဇ္ဇလိတံ)။ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိ ဇရာ ဗျာဓိ မရဏ မီးတွေ လောင်ကျွမ်းနေတဲ့ သံသရာကြီးပါ။ အခု ကျွန်တော်တို့ နေနေရတဲ့ ခန္ဓာအိမ်ကြီးကလည်း မီးလောင်နေပါပြီ။ သေခြင်းတရားက နောက်ကျောကို ဓားနဲ့ထောက်ပြီး လိုက်လာနေပါပြီ။

အဲဒီလို အချိန်မှာ… လူတွေက ဘာလုပ်နေကြသလဲ။ မီးလောင်နေတဲ့ အိမ်ကြီးထဲကနေ ပြေးထွက်ဖို့ (ဝဋ်မှ ကျွတ်ဖို့) မကြိုးစားဘဲ… “ငါ နောက်ဘဝကျရင် ဒီထက်လှတဲ့ အခန်းဖွဲ့မယ်၊ ဒီထက်နူးညံ့တဲ့ ဆိုဖာဝယ်မယ်၊ ဒီထက် အေးတဲ့ လေအေးပေးစက် တပ်မယ်” ဆိုပြီး ပိုက်ဆံ စုနေကြတယ်။ ကုသိုလ် လုပ်နေကြတယ်။

ခင်ဗျားတို့ စုနေတဲ့ ကုသိုလ်ဆိုတာ… မီးလောင်ပြင်ထဲမှာ အိမ်အသစ် ဆောက်ဖို့၊ အခန်းဖွဲ့ဖို့ ကြိုးစားနေတာနဲ့ အတူတူပါပဲ။ အိမ်ကြီး တစ်ခုလုံး မီးလောင်နေရင် အိပ်ခန်းထဲမှာ နေနေ၊ ဧည့်ခန်းထဲမှာ နေနေ… နောက်ဆုံးတော့ မီးလောင်ခံရမှာပါပဲ။ လူချမ်းသာ ဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ ဗြဟ္မာ ဖြစ်ဖြစ်… နောက်ဆုံးတော့ သေရမှာပါပဲ။ အိုရမှာပါပဲ။ ပြီးရင် အောက်ပြန်ဆင်းရမှာပါပဲ။

မသေချာသော မနက်ဖြန်များ

နောက်တစ်ချက်က… ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံနေတဲ့ “နောက်ဘဝ” ဆိုတာ တကယ်ရော ရမှာ သေချာလို့လား။ သေခါနီး စိတ် ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ တစ်သက်လုံး ဘုရားတည် ကျောင်းဆောက် လုပ်ခဲ့ပေမယ့်၊ သေခါနီးမှာ စိတ်ညစ်စရာလေး တစ်ခု ပေါ်လာရင်၊ သားသမီးကို သံယောဇဉ် ဖြစ်မိရင်၊ ဒါမှမဟုတ် “ငါ လှူထားတာတွေ” ဆိုပြီး မာနဝင်ရင်… အဲဒီ ကုသိုလ်တွေက ခင်ဗျားကို မကယ်နိုင်ပါဘူး။ ငရဲကို တန်းရောက်သွားနိုင်ပါတယ်။

ဒါဟာ “လောင်းကစား” ပါ။ ခင်ဗျားတို့က ကိုယ့်ရဲ့ တရားအားထုတ်ခွင့်ရသော ရှင်သန်ခြင်း ကို လောင်းကြေးထပ်ပြီး၊ မသေချာတဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေကြတာပါ။ ဈေးကွက် ပျက်လုဆဲဆဲ ကုမ္ပဏီတစ်ခုမှာ ရှယ်ယာတွေ အတင်း ဝင်ဝယ်နေတဲ့ လူမိုက်တွေလိုပါပဲ။ သံသရာဆိုတဲ့ ကုမ္ပဏီက ဘယ်တော့မှ အမြတ်မပေးပါဘူး။ ဒုက္ခ ဆိုတဲ့ အရှုံးပဲ ပေးမှာပါ။

အစစ်အမှန် ရင်းနှီးမြှုပ်နှံမှု

ဒါဆို ဘာလုပ်ရမလဲ။ အနာဂတ် အတွက် မလုပ်ပါနဲ့။ ပစ္စုပ္ပန် အတွက် လုပ်ပါ။ နောက်ဘဝ ချမ်းသာဖို့၊ နတ်ဖြစ်ဖို့ မလုပ်ပါနဲ့။ “အခု လောင်နေတဲ့ မီးကို အခု ငြှိမ်းဖို့” လုပ်ပါ။

၁။ လောဘ ဖြစ်နေရင်၊ အဲဒီ လောဘမီးကို အခု ငြှိမ်းလိုက်ပါ။ (ဒါ အစစ်အမှန် ကုသိုလ်ပါ)

၂။ ဒေါသ ဖြစ်နေရင်၊ အဲဒီ ဒေါသမီးကို အခု ငြှိမ်းလိုက်ပါ။ (ဒါ အစစ်အမှန် ကုသိုလ်ပါ)

၃။ ငါစွဲ ဖြစ်နေရင်၊ အဲဒီ အတ္တမီးကို အခု ဖြုတ်ချလိုက်ပါ။

အဲဒီလို လက်ရှိစိတ်ကို စင်ကြယ်အောင် လုပ်ခြင်း (ဝိပဿနာ) သည်သာလျှင်… မီးလောင်ပြင်ထဲကနေ ထွက်ပေါက်ကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ထွက်ပေါက် တွေ့သွားသူ (သောတာပန် ဖြစ်သွားသူ) အတွက်ကတော့ နောက်ဘဝ ဘာဖြစ်မလဲ ဆိုတာ ပူစရာ မလိုတော့ပါဘူး။ သူ့အတွက် အာမခံချက် အပြည့် ရှိသွားပါပြီ။

နိဂုံး

မိတ်ဆွေတို့… နောက်ဘဝအတွက် ရည်စူးပြီး အလှူလုပ်နေတာတွေကို ရပ်လိုက်ပါတော့လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စိတ်ထားကို ပြင်ပါ။ “ဒီကုသိုလ်ကြောင့် နောက်ဘဝ နတ်ဖြစ်ရပါလို၏” လို့ ဆုမတောင်းပါနဲ့။ “ဒီကုသိုလ်ကြောင့်… မီးလောင်နေတဲ့ ဒီသံသရာ အိမ်ကြီးကနေ အမြန်ဆုံး လွတ်မြောက်ရပါလို၏” လို့သာ ဆန္ဒပြုပါ။ ကုသိုလ်လုပ်ပြီး ဆန္ဒပြုယုံသက်သက်နဲ့လဲ မလွတ်မြောက်နိုင်ဘူးဆိုတာကို သဘောပေါက်နားလည်ပါ။ ပြီးတော့ သံသရာက လွတ်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့် (ဝိပဿနာ) အားထုတ်ပါ။

မီးလောင်ပြင်ထဲမှာ တိုက်နဲ့တာနဲ့ နေရဖို့ စိတ်ကူးမယဉ်ပါနဲ့။ မီးလွတ်ရာ အရပ် (နိဗ္ဗာန်) ကိုသာ ဦးတည်ပါ။ အိမ်ဆောက်ဖို့ မကြိုးစားပါနဲ့။ မီးငြှိမ်းဖို့သာ ကြိုးစားပါ။

ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *