ကျနော့် ဆရာသမား မဂ်ကျတုန်းက ကျနော့်ကို ပြောဖူးတယ်။ အရိယာက မထူးဆန်းဘူးတဲ့၊ ပုထုဇဉ်က ထူးဆန်းတာတဲ့။ အဲဒီစကားက တကယ့်ကို မှန်ကန်တဲ့ စကားပါပဲ။ အရိယာ ဆိုတာဘာမှ မထူးဆန်းပါဘူး။ အပေါ်မဂ်နှစ်မဂ်ကတော့ တကယ်ကြည်ညိုစရာ မဂ်တွေပါ။ အနာဂါမ်မှာ ဒေါသရော အနုသယဖြစ်တဲ့ ကြောက်စိတ်ရော လုံးဝကုန်သွားတာပါ။ ရဟန္တာကတော့ မောဟပါ အကုန်စင်ပြီး အရမ်းကို ကြည်ညိုစရာပေါ့။

ဒါပေမယ့် အောက်မဂ် နှစ်မဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်နဲ့ သကဒါဂါမ်မိ မဂ်ကတော့ ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာ ပြုတ်သွားတာပါပဲ။ ပြောချင်တာက အရိယာက မထူးဆန်းတဲ့ အကြောင်းပါ။ ကိုယ်လဲ အောက်မဂ်ပဲ ရှိသေးသော့ အောက်မဂ်မှာ ဖြစ်တဲ့အတိုင်း သီလ လုံသွားတာပါပဲ။ ပြောဖူးတဲ့အတိုင်း ကာမတဏှာ၊ ဘဝတဏှာ၊ ဒေါသ စတဲ့ ကိလေသာတွေက တင်းကြမ်း ကျန်နေသေးတယ်။ အထိုက်အလျှောက်တော့ လျော့သွားတာပေါ့။ အဓိက ကတော့ ဘယ်လောက်ပဲ လောဘရှိရှိ၊ ဒေါသရှိရှိ သီလ အပျက်ခံဖို့ စိတ်ကူးလုံးဝမရှိတော့ဘူး။

အဲဒါဟာ တကယ်တော့ မထူးဆန်းတဲ့ ကိစ္စပါ။ ငါးပါးသီလမှာပဲ ကြည့်ကြည့် သူတပါးအသက်သတ်ဖို့ ဆိုတာ မလုပ်သင့်တဲ့ ကိစ္စ၊ ကိုယ့်အသက်ဆိုတာ ဘာမှတန်ဖိုးမရှိတဲ့အတွက် သူတပါး အသက်သတ်မလား အသေခံမလား ဆိုရင် အသေခံလိုက်တာက ပိုကောင်းတယ်။ ငရဲမကျတော့ဘူးပေါ့။ အဲဒါကို လိုက်နာတာ သောတာပန်နဲ့ သကဒါဂါမ် ပါပဲ။ အဲလိုပဲ ကျန်တဲ့သီလတွေလဲ အဲဒီသဘောပေါ့။ ခိုးဖို့ ကာမေသုကျူးလွန်ဖို့ လိမ်ဖို့ အရက်သောက်ဖို့ ဆိုတာတွေဟာလဲ သူရဲ့အပြစ်တွေကို မြင်နေတော့ မလုပ်တော့ဘူးပေါ့။ အဲဒါ ထူးဆန်းတာမှ မဟုတ်တာပဲ။ ဒီအပြစ်မြင်လို့ ဒီအလုပ်မလုပ်တော့တာ ကို ထူးဆန်းတယ် ပြောလို့မရဘူးလေ။

ပုထုဇဉ်တွေကတော့ တကယ်ထူးဆန်းတာ ပြောလို့တောင် ကုန်မှာမဟုတ်ဘူး။ ဒီအပြစ်တွေ ရှိပါလျက်နဲ့ပဲ။ လူပဲ မတတ်နိုင်ဘူးဆိုပြီး သတ်ချင်သတ်၊ ခိုးချင်ခိုး၊ ကာမေသု ချင်သု၊ လိမ်ချင်လိမ် ဆိုတာမျိုးတွေကို ထမင်းစား ရေသောက်သလိုကို ကျူးလွန်တတ်ကြတာ။ ဒါပေမယ့် အဲဒါတွေလုပ်လို့ အပြစ်ခံရမယ်ဆိုတာမျိုးကျတော့လဲ ဘယ်သူမှ မထင်ထားဘူး။ အလိုလိုနေရင်း နတ်ပြည်ရောက်မယ်ချည်းပဲ ထင်နေတတ်တာမျိုး။

အဲဒီထက် ဆိုးတာက သောတာပန် တို့ သကဒါဂါမ်တို့ အများဆုံး ခံရတဲ့ ကိစ္စပဲ။ သောတာပန် သကဒါဂါမ်ကို ရဟန္တာလို ဖြစ်စေချင်ကြတာ။ ကိုယ်တရားအားထုတ်ဖို့တော့ မလုပ်ဘူးနော်။ သူများက သောတာပန်ဆိုရင် သောတာပန်ဖြစ်လျက်နဲ့ လိုချင်မှုရှိနေရသေးလားတို့။ ခရီးဆုံးအောင် လျှောက်ပါတို့။ ဘာလို့ လောဘတွေရှိနေ ရတာလဲတို့၊ ဖေ့ဘွတ်ဘာလို့ သုံးနေရတာလဲတို့။ အစရှိသဖြင့် ရှိသဖြင့်တွေ မဆုံးအောင်ကို ဆရာလုပ်တတ် သေးတာလေ။ မသိရင် သူတို့က ဘုရားကျနေတာပဲ သောတာပန်တွေ သကဒါဂါမ်တွေကို စီစဉ်ချင်နေတာ။ ကိုယ်လဲ အရိယာမဖြစ်သေးပဲ အရိယာကို စီမံချင်နေတာ တော်တော်လေး ထူးဆန်းမနေဘူးလား။

အဲဒါကြောင့် ပြောတယ် အရိယာက မထူးဆန်းပါဘူး။ ပုထုဇဉ်က ထူးဆန်းတာပါလို့။


Leave a Reply

Your email address will not be published. Required fields are marked *