ကျနော်ဟာ တရားအားထုတ်မှု စတင်စဉ်ကတည်းက သဒ္ဓါတရား သုည နီးပါးနဲ့ အားထုတ်ခဲ့ရတယ်လို့ ပြောရပါမယ်။ တကယ်တော့လဲ ထူးတော့ ထူးဆန်းပါတယ်။ ၂၀၀၇ ခုနှစ်မှာ နာမရူပ ပရိစ္ဆေဒ ဉာဏ်ကို ပြင်းပြင်းထန်ထန် သဘောပေါက်ပြီး (ဒိဋ္ဌိ ဝိသုဒ္ဓိ ဖြစ်ပြီး) ဘုရားပေါ်မှာ ယုံကြည်မှု ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ မှာပဲ စင်္ကာပူမှာ အလုပ်လုပ်ဖို့ အတွက် ထွက်ခဲ့တယ်ပေါ့။ ဗုဒ္ဓဘာသာဆိုတာဟာ ကျနော့်အတွက် ငယ်ငယ်တည်းက အဖြေရှာရ ခက်လွန်းလို့ နောက်ဆုံးမှ စစ်ဆေးကြည့်မယ် ဆိုပြီး ချန်ထားတဲ့ တရားပါ။ နာမရူပဉာဏ် ရပြီးတဲ့နောက် ယုံကြည်ချက်က ဘယ်အခြေအနေထိ ရှိလဲ ဆိုတော့ စင်္ကာပူမှာ သေချင်လောက်အောင် အလုပ်လိုချင်နေတဲ့အချိန်မှာ သူတို့ဆီက ဘုရားကျောင်းမှာ အမွှေးတိုင်ပူဇော်တာ ဘာညာ လုပ်ရမယ် ဆိုတဲ့ အချိန်မှာ ငါ ဘုရားပေါ်ထားတဲ့ သဒ္ဓါတရားက ဒီလိုမျိုး တပါးသော ဘာသာတွေကို အကြောက်တရား လိုချင်မှုတရားကြောင့် ဦးညွှတ်ရတဲ့ထိတော့ မဖြစ်သင့်ဘူးဆိုပြီး ကျနော် ဘာအမွှေးတိုင်မှလဲ မထွန်း သူတို့ ဘုရားကျောင်း ဆိုတဲ့အထဲလဲ မဝင်ခဲ့ပါဘူး။ (ကွမ်ယင် မယ်တော် ဘာညာ အစရှိတဲ့ မဟာယန ကျောင်းပါ)။
ဒါပေမယ့် ဘာသာတရား ကိုင်းရှိုင်းပါတယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ အဲလိုလူတွေနဲ့ တတန်းတည်းတော့ မနေနိုင်ဘူးဆိုပြီး “သေရင် ဘာဖြစ်လဲ ဆိုတာကို သိတဲ့သူက သေသွားတဲ့သူပဲ၊ အဲဒါကြောင့် သေပြီးဘာဖြစ်လဲ ဘယ်သူမှ မသိဘူး သေပြီးနောက် ဘာညာ ဆိုတဲ့ ဘာသာတွေ အကုန်လုံး လက်မခံဘူး ဆိုတဲ့ အယူအဆနဲ့ ” ဘာသာမဲ့အဖြစ် ကိုယ့်ဟာကိုယ် သဘောထားပြီး သိပ္ပံပညာကိုပဲ အလေးအနက် အပါတ်တကုတ် နားလည်အောင် ကျိုးစားခဲ့ပါတယ်။
ဈာန်ဘာလုပ်မှာလဲ လေယဉ်ပျံရှိနေတာပဲ ဆိုတဲ့သဘောတွေနဲ့ အနောက်တိုင်း ကိုပဲ အထင်ကြီးခဲ့တယ်။ အဲလိုနဲ့ အနောက်တိုင်းက ဝါဒတွေ ဘာသာရေးတွေကို သိပ္ပံနည်းကျနဲ့ လေ့လာမှုတွေကို အများကြီး Youtube ကနေ ကြည့်ခဲ့ပါတယ်။ လူဆိုတာ မွေးလာရင် သူ့အရင်မွေးခဲ့တဲ့သူတွေရဲ့ အစွမ်းအစကြောင့် ဖြစ်နေတဲ့ လောကကြီးနဲ့ ပါတ်သက်တဲ့ သိစရာတွေကို သိရမယ် ဆိုပြီး ကျိုးစားခဲ့တာပါ။
ဒီလိုနဲ့ စီးပွားရေးလုပ်တော့လည်း လေ့လာသင့်သလောက် လေ့လာပါတယ်။ အမြဲတမ်းပဲ Business talk တွေ အမြဲကြည့် အမြဲနားထောင်ပြီး အကောင်းဆုံးကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ ခိုင်းတဲ့ အကောင်းဆုံး ဆိုတာတွေ လုပ်ရင်းနဲ့ပဲ စီးပွားရေးက ကောင်းမလာဘူး။ အဲဒီမှာ သဘောပေါက်လိုက်မိတာက သူတို့တွေ (အနောက်တိုင်း ပညာရှင်တွေဟာ) ကံ ဉာဏ် ဝီရိယ ဆိုတဲ့ ကိစ္စမှာကို သေသေချာချာ သဘောမပေါက်ပဲ ထင်ရာ အကောင်းဆုံးတွေကို ပြောနေခဲ့တယ် ဆိုတာ သဘောပေါက်လာတယ်။ နိုင်ငံနဲ့ လိုက်ပြီး ဝန်ထမ်းတွေက ကွာတတ်တာ၊ လူတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်တွေ အယူအဆတွေ အစရှိသဖြင့်တွေနဲ့ ပါတ်သက်ပြီး သူတို့ ပြောတာတွေက သိပ်မမှန်ဘူး ဆိုတာ သဘောပေါက်လာခဲ့တယ်။ သိတာက အတော်လေး နောက်ကျသွား ပါပြီ။ ဒါပေမယ့် အဲဒီအချိန်မှာတော့ စီးပွားရေးလုပ်ငန်းရဲ့ Founder အနေနဲ့ ဒီနိုင်ငံကလူတွေကို Website သုံးစေချင်ရင် Website ရဲ့ အသုံးဝင်မှုနဲ့ မြန်မာနိုင်ငံရဲ့ Online Version ကို တစ်ယောက်တည်း တည်ဆောက်ဖို့ အတွက် ကြိုးစားခဲ့တယ်။ အဲဒီအပေါ်ကနေပြီး ကိုယ့်အတွက်လဲ အကျိုးရှိစရာတွေ အကျိုးရှိရလေအောင် ပေါ့။ အဲဒီအချိန်က မူးယစ်ဆေးဝါး သုံးပြီးလုပ်ခဲ့မိတာကတော့ အမှားလို့ပဲ ပြောရမှာပေါ့။ အဆိုးဆုံး အခြေအနေဖြစ်တဲ့ ကိုယ့် ကျန်းမာရေး ထိခိုက်မှု ဖြစ်လာတာပေါ့။ ဘုရားတရားဆိုတာဟာ စင်္ကာပူမှာ အလုပ်လုပ်တဲ့ အချိန်ကစပြီး အဲဒီလို မူးယစ်ဆေးတွေသုံးပြီး Research အကြီးအကျယ် လုပ်တဲ့အချိန်ထိ လုံးဝ စိတ်ထဲမှာမရှိပါဘူး။ ကျနော်က အလုပ်လုပ်တဲ့အခါမှာ အစွန်းရောက်တတ်တဲ့ သဘာဝရှိပါတယ်။ ဘုရားရှိခိုးတဲ့ ကိစ္စတောင် အဲဒီအချိန်ကတည်းကနေပြီး အခုအချိန်ထိ ရေကြည့်လိုက်ရင် အကြိမ် ၅၀ မကျော်လောက်ဘူး။ အဲလောက်ထိကို ဒီက အမည်ခံ ဗုဒ္ဓဘာသာတွေကို စိတ်ကုန်တယ်။
ရွတ်လိုက်ဖတ်လိုက် ဘုရားလေးသွားလိုက်နဲ့ ပညာကို မရှာကြဘူး၊ ပညာအပေါ်မှာ အလေးအနက်ထားမှု အားနည်းတယ်။ အဲဒီလို ပညာကို တန်ဖိုးမထားခြင်းက ပြသနာအားလုံးရဲ့ မူလအရင်းအမြစ်လို့ ထင်မိတယ်။ အဲဒါဟာ လောကီအနေနဲ့တော့ မှားမနေဘူး။ ထားပါတော့ အဲဒီလို ပြသနာတွေတက် စိတ်ကစင့်ကလျား ရောဂါဖြစ်၊ ထောင်ကြီးချုပ်ကျ (မူးယစ်ရမ်းကားမှုနဲ့)၊ စိတ္တဇဆေးရုံရောက် ပြန်ထွက်လာတဲ့အချိန်မှာ ဘဝမှာ မကြုံဖူးတဲ့ အဆိုးလောကဓံဆိုတာကို ပြင်းပြင်းထန်ထန်ကြီး ကြုံလိုက်တာပါပဲ။ အဲဒီအချိန်မှာ ငယ်ငယ်တုန်း ကတည်းက ဖတ်ဖူးထားတဲ့ ရှေ့ဘဝ နောက်ဘဝ နှင့်လူဝင်စား ကိစ္စက ခေါင်းထဲ ပေါ်လာတယ်။ သိပ္ပံပညာမှာ Research လုပ်ထားတဲ့ လူဝင်စား ကိစ္စ Research interview နဲ့ ပါတ်သက်တဲ့ ကိစ္စ Youtube မှာ ကြည့်ဖူးတာ ပေါ်လာပြီး နောင်ဘဝ ဆိုတာ ရှိနိုင်တယ် ဆိုပြီး လက်ခံခဲ့ပါတယ်. နောက်ဘဝရှိရင် ရှေ့ဘဝ ရှိပြီပေါ့ ဆိုပြီး၊ ဗုဒ္ဓဘာသာရဲ့ ရှေ့ဘဝ နောက်ဘဝ အယူအဆကို လက်ခံလိုက်တာပါ။ အဲဒီတော့မှ ဘာမှ လုပ်မရတဲ့အတူ ထိုင်တွေးမယ် ဆိုပြီး ဗုဒ္ဓဘာသာကို လေ့လာပြီး …
(ဒီနေရာမှာ ကျနော် ငယ်စဉ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းတဲ့ မိဘ နှစ်ပါးကနေ မွေးဖွားတာမို့ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာနဲ့ ပါတ်သက်လို့ အများကြီး လေ့လာခဲ့ပါတယ်။ တရားစခန်းလဲ ၇ ကြိမ် ပါတ်ဝန်းကျင်လောက် ဝင်ခဲ့ဖူးပါတယ်။ မိုးကုတ်၊ မဟာစည်၊ ချမ်းမြေ့၊ စွန်းလွန်း၊ ဦးဂိုအင်ကာ ဝင်ခဲ့ဖူးပါတယ်။ မိုးကုတ်စခန်းဝင်စဉ်ကတည်းက ပဋိစ္စသမုပ္ပါဒ်ကို အရမ်းတွေ နားလည်နေတယ်။ အဲဒီတုန်းက ၇ တန်းပေါ့။ အဖေ အမေက မွေးနေ့လက်ဆောင်အဖြစ် ရှင်နာနန္ဒာ၏ တသက်တာ မှတ်တမ်း၊ ဇိနတ္ထ ပက္ကာသဏီ အစရှိသဖြင့် မွေးနေ့လက်ဆောင် ပေးနေကြပါ။ ဒါလေးကို နောက်ခံ အဖြစ် သိထားသင့်ပါတယ်။)
…သေသေချာချာ ဘာကြောင့် ဒီလောက်ကြီးတဲ့ ပြသနာကြီး ဖြစ်သွားရတာလဲ ဆိုတာကို ထိုင်တွေးခဲ့ပါတယ်။ မရေရာမှုများစွာနဲ့ ဗုဒ္ဓတရားတော်မှာ ကောင်းတာလို့ သတ်မှတ်ထားတာတွေနဲ့ အညီ လိုက်မလုပ်လို့ ဒီလို ဖြစ်ရပါတယ်လို့ပဲ အဖြေထွက်တယ်လို့ပဲ ပြောရမယ် ထင်မိပါတယ်။ ဒါပေမယ့် အတိတ်ရဲ့ ဒါဏ်ရာကြောင့် စတ္တဇ ဆေးရုံ နောက်နှစ်ခါ လောက် တက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျနော် တရားအားထုတ်တာကို မိုးကုတ်ဆရာတော်ကြီး တရားတွေချည်းပဲ နာရင်း ကြိုးစားနေခဲ့ပါပြီ။ တရားနာတာချည်းပဲ ၄ နှစ်လောက် ရှိမယ် ပြောရမယ်ထင်ပါတယ်။ အဲဒီကမှ တရက်မှာတော့ တရားနာတာ ဖြတ်ပြီး တရားအားထုတ်တဲ့ဖက်ပဲ အားစိုက်တော့မယ် ဆိုပြီး အားစိုက်ခဲ့ပါတယ်။
တဖြည်းဖြည်းတက်လာတာ နောက်ဆုံးမှာ လူက လုံးဝကို တရားတစ်မျိုးတည်းကို စူးစူးစိုက်စိုက်လုပ်မှု အပြည့်အဝဖြစ်သွားတဲ့အခါမှာတော့ ဗိုလ် ငါးဗိုလ်ညီသွားတဲ့ အခါမှာတော့ ကျေနပ်မှုရခဲ့ပါပြီ။ မျှော်လင့်ထားတဲ့ အကျိုးကျေးဇူးထက် ပိုတဲ့ အကျိုးအပြည့်အဝကို ကျေကျေ နပ်နပ်ကြီး ရရှိခဲ့ပါတယ်။ ပြောင်းလဲသင့်တာတွေ ပြောင်းလဲသွားပေမယ့် ကျနော့်ရဲ့ အရာရာကို စမ်းသပ်လိုတဲ့ ဝါသနာကိုတော့ မပျောက်သွားစေပါဘူးလို့ပဲ ပြောရမယ် ထင်ပါတယ်။ အကျင့် ဝါသနာဆိုတာ ဒါမျိုးလားလို့ စဉ်းစားမိပါတယ်။ သောတာပန် ဘဝရဲ့ အကျိုးကျေးဇူးတွေကတော့ ပြောမကုန်ပါဘူး။ ဝိုင်းကူတဲ့ ဓမ္မမိတ်ဆွေ တွေ နဲ့ ဆက်သွယ်မိခြင်းဟာလဲ ကံကောင်းခြင်းများထဲက အကောင်းဆုံး ကိစ္စပါပဲ။
ထားပါတော့ ဒီအချိန်မှာ ယုံကြည်မှုနဲ့ ပါတ်သက်ပြီး ပြောရရင် ဗုဒ္ဓစာပေတွေထဲက ကိစ္စတွေကို ဆင်ခြင်တုံတရားနဲ့ ယုံတယ်။ ဒါပေမယ့် သာသနာတော်ရဲ့ စာပေမှာ အဋ္ဌကထာ ဋီကာတွေဟာ ယုံကြည်မှုအတွက် အနှောက်အယှက်ဖြစ်နေပါတယ်။ ဒါဟာ ယုံကြည်မှုနဲ့ ပါတ်သက်လို့ ကျနော့်ရဲ့ လက်ရှိ အခြေအနေပါ။ ခန္ဓာပါးပါး နဲ့ နိဗ္ဗာန် နဲ့ပါတ်သက်လို့တော့ မိမိ အသက်ထက် ပိုသောတန်ဖိုးနဲ့ ယုံကြည်ပါတယ်။
အဲဒီတော့ ပုထုဇဉ်တွေရဲ့ သဒ္ဓါနဲ့ ယှဉ်ကြည့်နိုင်အောင်ပါ။


Leave a Reply